သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID-19နဲ့ အတူနေထိုင်နိုင်ဖို့

နောက်လကုန်လောက်ဆို COVID-19 ဖြစ်တာ တစ်နှစ် ပြည့်သွားပါပြီ။ ဒီတစ်နှစ်အတွင်းမှာ ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ကြပါတယ်။ COVID-19 ကြောင့် အိမ်မှာနေရတာလည်း ပျင်းနေလောက်ပါပြီ။ COVID-19 ဘယ်တော့ပြီးမလဲဆိုတာလည်း ဘယ်သူမှ အတိအကျမသိပါဘူး။

ပညာရှင်တွေကတော့ ကာကွယ်ဆေး ရလာရင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်မယ်လို့ ဆိုကြပါတယ်။ ကာကွယ်ဆေးကလည်း မဝေးတော့တဲ့ ကာလမှာ ရလာမှာ ဖြစ်တဲ့အတွက် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။

လတ်တလောမှာ ဖြစ်နေတာက COVID-19က ဘယ်တော့ပြီးမလဲဆိုတာ မသိတဲ့အတွက် ဘယ်အချိန်ထိ အိမ်မှာနေရမလဲဆိုတာ မသေချာနေတာက အားလုံးကို စိတ်ဖိစီးစေတာပါ။ အိမ်မှာပဲ နေရတဲ့အတွက် စီးပွားရေးတွေ ရပ်ထားရတယ်။ ကျောင်းတွေ ပိတ်ထားရတယ်။ ပျော်ပွဲရွှင်ပွဲတွေလည်း နားလိုက်ရတယ်။ အရင်လို သွားသွားလာလာ လုပ်နေရတာတွေ မရှိတော့တဲ့အတွက် ငြီးငွေ့လာကြပါတယ်။

COVID-19 ဆိုတာဘာလဲ ဘယ်လိုဖြစ်တာလဲ ဘာတွေသိထားရမလဲ ဆိုတာနဲ့ပတ်သက်ပြီး သိထားပြီးသားမို့လို့ ပြန်မပြောတော့ပါဘူး။ လက်ရှိ COVID-19 ဖြစ်နေတဲ့အချိန်မှာတောင် အရင်လို ပြန်နေဖို့ ဘာတွေ လုပ်ကြမလဲဆိုတာပဲ မျှဝေပေးချင်ပါတယ်။

COVID-19နဲ့ New normal

COVID-19နဲ့ နေထိုင်မှုပုံစံအသစ်လို့ ဘာသာပြန်ကြပါတယ်။ COVID-19 မပြီးသေးပေမယ့် သူနဲ့အတူ ဘယ်လိုယှဉ်တွဲနေထိုင်ရမလဲဆိုတာ လေ့လာသင့်နေပါပြီ။ ပြီးတဲ့အချိန်ကို စောင့်နေမလား ဒါမှမဟုတ် သူနဲ့အတူ ယှဉ်တွဲနေထိုင်မလားဆိုတာ ရွေးချယ်စရာ ဖြစ်လာပါပြီ။ စီးပွားရေးတွေ၊ ကျောင်းတွေဆိုတာ ရေရှည်ပိတ်ထားလို့၊ အိမ်ထဲမှာပဲနေလို့ အဆင်မပြေပဲကိုး။

ဒါကြောင့် COVID-19နဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားကြည့်ရအောင်။

အရင်လိုသာ ပြန်နေခွင့်ရမယ်ဆိုရင်

အရင်လိုသာ ပြန်နေခွင့်မယ်ဆိုရင်တောင် သတိလက်လွတ်နေလို့ မဖြစ်သေးပါဘူး။ ကာကွယ်ဆေး မရသေးသရွေ့ ကူးစက်နိုင်ခြေ ရှိသေးတဲ့အတွက် COVID-19 ကာကွယ်နည်း တွေကို လိုက်နာရဦးမှာပါပဲ။ မဟုတ်ရင် လူနာတွေ များလာမှာပါ။

ဖြစ်ချင်တာက လူနာအရေအတွက်ကိုလည်း ထိန်းချုပ်နိုင်ရမယ်။ အရင်လိုလည်း ပြန်နေနိုင်ရမယ်ဆိုတာပါပဲ။ ဒါကြောင့် COVID-19 ကာကွယ်နည်းတွေ ဖြစ်တဲ့

  • တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ
  • ရေနဲ့ ဆပ်ပြာသုံးပြီး လက်ဆေးတာ ဒါမှမဟုတ် လက်သန့်ဆေးရည် သုံးတာ
  • အပြင်ထွက်တာနဲ့ နှာခေါင်းစည်းတပ်တာ
  • စျေးဆိုင်တွေ သွားတဲ့အခါ ကိုယ့်ကိုယ်ကိုရော သူများကိုပါ မကူးစက်အောင် သတိထားတာ
  • COVID-19နဲ့ ပတ်သက်ပြီး လက္ခဏာတွေ ခံစားရရင် ဘယ်ကို ဆက်သွယ်မယ်၊ ဘာတွေ လုပ်မယ်ဆိုတာကို ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။

တခြားရောဂါတွေလိုပဲ သတိရှိပြီး ယဉ်ပါးနေအောင် လုပ်ထားဖို့ လိုပါတယ်။

အလုပ်တွေ ပြန်ဖွင့်ပြီဆိုရင်

အလုပ်တွေ ပြန်ဖွင့်မယ်၊ စီးပွားရေးတွေ ပြန်လည်ပတ်မယ်ဆိုတာ ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ အလုပ်တွေ ချောချောမွေ့မွေ့ ပြန်လည်ပတ်နိုင်ဖို့ဆိုရင် အလုပ်သမားတွေရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါပဲ။ ဒါကြောင့်

  • အလုပ်ရောက်တာနဲ့ အလုပ်သမားတွေမှာ COVID-19 လက္ခဏာရှိမရှိ စစ်ဆေးရပါမယ်။ (ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ)
  • လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အကာအကွယ်တွေ ပေးထားရပါမယ်။ (ဥပမာ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်)
  • တစ်ယောက်နဲ့ တစ်ယောက် မလိုအပ်ရင် ခပ်ခွာခွာ အလုပ်လုပ်နိုင်အောင် စီစဉ်ပေးထားရပါမယ်။
  • လက္ခဏာပေါ်လာတဲ့သူတွေ၊ ပြင်းထန် နာမကျန်း ဖြစ်လာတဲ့သူတွေကို ဆေးကုသဖို့ အကူအညီပေးရပါမယ်။ မပျောက်မချင်း လုပ်ငန်းခွင်ဝင်ခွင့် မပေးရပါဘူး။

ကျောင်းတွေ ပြန်ဖွင့်ပြီဆိုရင်

ကျောင်းတွေ ပြန်ဖွင့်လို့ ကလေးတွေကို ကျောင်းပြန်ပို့ရတော့မယ်ဆိုရင်လည်း ကာကွယ်နည်း အပြည့်အစုံနဲ့ ပြန်ပို့ သင့်ပါတယ်။ ကလေးတွေက ရောဂါလေက္ခဏာပြတာ နည်းပေမယ့် သူတို့ကနေ ရောဂါသယ်ဆောင်ပြီး တခြားလူကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဆီကို ရောဂါမကူးစက်စေဖို့

  • COVID-19အကြောင်း ကလေးတွေ နားလည်နိုင်အောင် ပြောပြပါ။ သူတို့ နားလည်မှ COVID-19 ကာကွယ်နည်းတွေကို လိုက်နာမှာပါ။
  • ကျောင်းအဝင်ဝမှာ ကလေးကျန်းမာရေး ကို စစ်ဆေးရပါမယ်။ နေမကောင်းတဲ့ကလေးဆို အိမ်ပြန်လွှတ်ရပါမယ်။
  • ကျောင်းကားပေါ်မှာ လေဝင်လေထွက်ကောင်းဖို့၊ သီးခြားစီထိုင်ဖို့ မိဘတွေက စစ်ဆေးပေးရပါမယ်။ အိမ်က လာကြိုတယ်ဆိုရင်လည်း တစ်အိမ်ကို ကြိုနေကျတစ်ယောက်ပဲ လာကြိုရပါမယ်။ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုး ရှိတဲ့သူတွေ အကြိုအပို့ မလုပ်သင့်ပါဘူး။
  • ကျောင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ ဆရာ၊ ဆရာမတွေက ကြီးကြပ်ပေးရပါမယ်။
  • နှာခေါင်းစည်းတွေ မဖြုတ်ဖို့၊ လက်ကို မကြာခဏ ဆေးဖို့ သေချာ မှာထားရပါမယ်။

အများပိုင် နေရာတွေ ပြန်ဖွင့်တဲ့အခါ

စျေးဆိုင်၊ စားသောက်ဆိုင်၊ ဝတ်ပြုမယ့် ဘာသာရေးနေရာတွေ ပြန်ဖွင့်ပြီဆိုရင်တော့

  • လေဝင်လေထွက်ကောင်းအောင် တံခါး၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။
  • ဝန်ထမ်းတွေ၊ စျေးဝယ်တွေ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၃ပေလောက် ခွာနိုင်အောင် နေရာချထားရပါမယ်။
  • အလုံပိတ်အခန်းဆိုရင်တော့ အခန်းထဲမှာ လူစုလူဝေး မဖြစ်အောင် ဂရုစိုက်ပါ။
  • လက်ဆေးဖို့ နေရာများ ပြင်ဆင်ထားပေးပါ။ နှာခေါင်းစည်းများ ပြင်ဆင်ထားပေးပါ။
  • တစ်ယောက်ယောက် နေမကောင်း ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတာ ကြိုပြင်ထားပါ။ (ဥပမာ လာရောက်လည်ပတ်သူများရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်ကို အဝင်ဝမှာ မှတ်တမ်းတင်ထားပါ)

ကာကွယ်ဆေး မရခင် စပ်ကြားမှာတော့ COVID-19 ကာကွယ်နည်းတွေကို လိုက်နာမှပဲ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှာပါ။ ဒီနည်းလမ်းတွေဟာ ကျွန်တော်တို့နဲ့ တသားတည်း ဖြစ်သွားရမယ့် နည်းတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ဆို ကာကွယ်ဆေး ဘယ်လောက်ကြာကြာ COVID-19နဲ့ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်နိုင်သွားပါပြီ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။