brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိမ်သာအထ မှာ မူးသွားတာ ဘာကြောင့်လဲ။

အိမ်သာသွားတုန်းကအကောင်း ပြန်လည်းထရော ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတာကို ကြုံဖူးမှာပါ။ မူးမေ့သွားတော့မတတ် ခံလိုက်ရတာကြောင့် စိတ်ထဲမှာ တော်တော်ကြောက်သွားမှာပါ။ ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ တော်ကြာ အိမ်သာအထ မှာ မူးရာကနေ အသက်ပါပါသွားရင် ဘယ်လိုလုပ်မလဲ။

အိမ်သာအထ မှာ မူးသွားတာ ဘာကြောင့်လဲ။

အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်း

အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ တချို့ကလည်း အိမ်သာအထမှမဟုတ် ဘယ်အချိန်မှာမဆို ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။

  • Vasovagal reflex
  • အာရုံကြောစနစ်တစ်ခုလို့ပဲ အလွယ်ပြောရအောင်ပါ။ ဒီဟာက လူတိုင်းမှာ ရှိပါတယ်။ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။

    Vasovagal reflexဆိုတာ ခန္ဓာကိုယ်မှာ ရှိတဲ့ vagus nerveကို လှုံ့ဆော်တဲ့ စနစ်တစ်ခုပါ။ သူက အာရုံကြောစနစ်အပြင် နှလုံးနဲ့ သွေးလှည့်ပတ်မှုအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် vagus nerveကို လှုံ့ဆော်လိုက်တဲ့အခါ ဦးနှောက်ကို အချက်ပြတဲ့အတွက် ရုတ်တရက် သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ ထိုးကျပြီး မူးမေ့ချင်သလို ဖြစ်လာပါတယ်။

    Vasovagal မှာ Vaso ဆိုတာ သွေးကြောပါ။ Vagalဆိုတာ vagus nerve ဆိုလိုတာပါ။ လူတိုင်းမှာ ရှိပေမယ့် တချို့သူတွေမှာ ပိုပြီး sensitiveဖြစ်ပါတယ်။

    ဒါနဲ့ အိမ်သာတက်တာနဲ့ ဘာဆိုင်လဲဆိုတော့ အထူးသဖြင့် ဝမ်းချုပ်တဲ့သူတွေက ဝမ်းညှစ်တဲ့အခါ vagus nerve ကို လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ တချို့ဆို လည်ပင်းကြောတွေပါ တင်းလာတဲ့အတွက် လည်ပင်းနားမှာရှိတဲ့ ဖိအား receptorsတွေကို လှုံ့ဆော်လိုက်သလို ဖြစ်တဲ့အတွက် ခုနကပြောတဲ့ Vasovagal reflex လည်သွားပြီး သွေးပေါင်တွေကျ မူးလာတာ ဖြစ်ပါတယ်။

    ဝမ်းချုပ်တဲ့အခါ အသက်ကို ပြင်းပြင်း ရှူ၊ အသက်အောင့်ပြီး ဝမ်းကို အားရပါးရ ညှစ်လေ့ရှိပါတယ်။ ဒါကြောင့် ကြွက်သားတွေ တင်းလာပြီး နှလုံးကို သွေးပြန်ရောက်တာ နည်းသွားပါတယ်။ ဒါကြောင့် သွေးပေါင်ကျပြီး မူးလာပါတယ်။

    • ရေဓာတ်ဆုံးရှုံးတာ

    အထူးသဖြင့် ဝမ်းသွားနေတဲ့သူတွေဆိုရင် ခဏခဏ အိမ်သာဝင်ရတဲ့အခါ ရေဓာတ်ဆုံးရှုံးပြီး သွေးပမာဏ နည်းလာပါတယ်။ ဒါကြောင့် မူးလာပါတယ်။ ဒါ့ပြင် နွေရာသီလိုမျိုးမှာ အိမ်သာက အလုံပိတ်တက်ရတဲ့အတွက် ချွေးထွက်များပြီး မူးတာလည်း ဖြစ်နိုင်ပါတယ်။

    လိပ်ခေါင်းရောဂါရှိတဲ့သူ၊ အူမကြီးသွေးယိုတတ်တဲ့သူတွေကလည်း သွေးက နည်းနည်းနဲ့ ခဏခဏ ထွက်နေဦးတော့။ ကြာလာရင် သွေးအားနည်းပြီး မူးလာမှာပါ။ တချို့ဆို သွေးဝမ်းသွားတဲ့အခါ အိမ်သာထဲမှာ တစ်ခါတည်း ပမာဏအများကြီး သွားလိုက်တဲ့အတွက် ပြန်လည်းထရော မူးနေတာမျိုး ဖြစ်တတ်ပါတယ်။

    ဒီလို ရေဓာတ်ဆုံးရှုံးတာ၊ သွေးဝမ်းသွားတာတွေကျ အိမ်သာအထမှာမှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာမဆို မူးတတ်ပါတယ်။

    အိမ်သာအထ မှာ မူးတာရဲ့ နောက်ဆက်တွဲ

    မူးတာရဲ့ နောက်ဆက်တွဲကတော့ မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တာပါ။

    • အထမှာ မူးပြီး ချော်လဲမယ်။ ဒီကနေမှ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တာမျိုး။
    • အိမ်သာထဲမှာ လူမသိ၊ သူမသိ သတိလစ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    အိမ်သာအထမှာ မမူးအောင် ဘယ်လိုကာကွယ်ကြမလဲ။

    • Vasovagal reflex

    သူက ပုံမှန်ရှိပြီးသား အာရုံကြောစနစ်ဖြစ်နေတဲ့အတွက် ကာကွယ်လို့ မရပါဘူး။ တစ်ခုရှိတာက ဒီလိုမျိုး ရုတ်တရက် ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းကို လုပ်ကြည့်ပါ။

    -ထလို့ မူးနေပြီဆိုရင် ချက်ချင်း ပြန်ထိုင်ချလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို လိမ်ထားလိုက်ပါ။ လက်သီးဆုပ်ပြီး လက်နဲ့ လက်မောင်းက ကြွက်သားတွေကို တင်းထားလိုက်ပါ။

    -ခေါင်းကို ရှေ့နည်းနည်း ငိုက်ထားပါ။

    -ဒီလို လုပ်တာက နှလုံးကို သွေးတွေ ပြန်ရောက်စေလို့ သွေးပေါင်ချိန် ပြန်တက်လာပါလိမ့်မယ်။

    -စိတ်မလှုပ်ရှားပါနဲ့။ ဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိပါတယ်။ အတတ်နိုင်ဆုံး သတိလေးကပ်ထားပါ။

    • ဝမ်းမချုပ်အောင် နေထိုင်စားသောက်ပါ။

    ဝမ်းချုပ်တာက လိပ်ခေါင်းအပါအဝင် ခုလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လို့ တတ်နိုင်သမျှ ဝမ်းမချုပ်အောင်နေပါ။ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ အသီးအရွက်များများစားပါ။

    • ရေဓာတ်ပြန်ဖြည့်ပါ။

    အထူးသဖြင့် ဝမ်းလျှောနေတဲ့ အချိန်ဆို ဓာတ်ဆားသောက်ဖို့ မမေ့ပါနဲ့။ ရေဓာတ်ဆုံးရှုံးလို့ မူးနေတာတစ်မျိုး၊ ပိုတက်စီယမ်တွေ နည်းသွားလို့ ခြေမခိုင်တာတစ်မျိုးနဲ့ အိမ်သာထဲမှာတင် လဲသွားပါလိမ့်မယ်။ နွေရာသီဆိုရင်လည်း အိမ်သာထဲမှာ အကြာကြီးမထိုင်ပါနဲ့။

    • သွေးဝမ်းသွားတာ

    ဒီလိုမျိုး အူလမ်းကြောင်း ရောဂါတွေ ရှိနေရင်တော့ ရောဂါကို မွေးမထားဘဲ အမြန်လေး ကုသစေချင်ပါတယ်။ အိမ်သာထဲမှာ မူးတာအပြင် တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။

    ဘာအကြောင်းရင်းမှာ မရှိဘဲ မူးမူးနေရင်တော့ Vasovagal reflexကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ ဖြစ်တုန်းခဏကို မေ့မလဲအောင် ထိန်းနိုင်ရင် ရပါပြီ။ ဒါပေမယ့် အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ မူးနေမယ်။ ပြန်ကောင်းဖို့လည်း ကြာနေမယ်ဆိုရင်တော့ တခြားရောဂါကြောင့်လား (ဥပမာ နှလုံးခုန်မမှန်တာ) ဆိုတာ သိဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/10/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။