backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ

အာရုံကြော ညပ်တယ်ဆိုတာ အာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ ထိခိုက်ထားတဲ့ အာရုံကြောကိုမူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်မှု၊ ထုံကျဉ်တာ၊ အားနည်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

အာရုံကြော ညပ်ရင် ဘာလက္ခဏာတွေ ဖြစ်လာမလဲ

အာရုံကြောညပ်တယ်ဆိုရင် ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ –

  • ထုံကျဉ်တာ၊
  • ပူသလို ခံစားရတာ၊
  • စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊
  • နာကျင်တာ၊
  • ကြွက်သားအားနည်းတာ၊
  • စူးခနဲ၊ ကျဉ်ခနဲ ဖြစ်တာ တို့ခံစားရနိုင်ပါတယ်။

တစ်ခါတလေ လူကလှဲအိပ်နေရာက ထလိုက်တဲ့အခါ လက္ခဏာပိုဆိုးနေနိုင်ပါတယ်။ အာရုံကြောညပ်ခြင်းကြောင့် တခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ စိုင်ယာတီကာ၊ တံတောင်ဆစ်ကြော၊ လက်ကောက်ဝတ်ကြော နာကျင်မှုတွေဆက်ဖြစ်လာနိုင်ပါတယ်။

အာရုံကြောညပ်တာက ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်လေ့ရှိပေမယ့် လည်ပင်း၊ ခါး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တို့မှာ အဖြစ်များပါတယ်။

အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်းတွေ

ဒီဝေဒနာတွေ သက်သာစေဖို့က ဆေးခန်းပြပြီး ဆေးသောက်တာအပြင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

(၁) ပိုအိပ်၊ ပိုနားပါ။

အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက်ပြန်လည်ပြုပြင်ပေးတတ်တာမို့ လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။

ဒီလိုအချိန်မှာ နာကျင်နေတဲ့အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အာရုံကြောအပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။ အိပ်တဲ့အခါလည်း သူ့ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့်ပါတယ်။

(၂) ကိုယ်နေဟန်ထား ပြောင်းလဲပါ။

အနေအထားမမှန်ရင် အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါတယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ  မမှန်ကန်တဲ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲဝန်ပိစေပြီး ကျောရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေတယ်၊ အာရုံကြောညပ်တာဖြစ်လာစေတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ။

အရိုးအကြောအဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါတယ်။

တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှုပိုဆိုးလာတာ၊ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။

(၄) ခြေထောက်ကို မြှင့်ထားပါ။

ခါးမှာ အာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအားဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကိုမြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်တယ်။

(၅) ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။

အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင်လောက်တဲ့အပူချိန်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ခန့်၊ တစ်နေ့ သုံးကြိမ် ကပ်နိုင်တယ်။

(၆) နေထိုင်မှုပုံစံပြောင်းလဲပါ

ရေရှည်မှာ လမ်းလျှောက်တာ၊ ရေကူးတာစက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွားရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှုကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့စေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement