home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရှကီသမားလည်းမဟုတ်ဘဲ လက်တွေတုန်တာ ဘာလို့လဲ

ရှကီသမားလည်းမဟုတ်ဘဲ လက်တွေတုန်တာ ဘာလို့လဲ

လက်တွေတုန်နေရင် “ဘာလဲ၊ မသောက်ရသေးလို့လား” ဆိုပြီး ခင်မင်သူတွေကြား အစအနောက်ခံရတတ်တယ်။ရေလေးငှဲ့လိုက်လည်း တုန်ပြီးဖိတ်၊ အာရုံစိုက်ပြီးငြိမ်အောင်လုပ်ရင် လက်ကပိုတုန်၊ လုံးချာလည်ကိုရိုက်နေရော။သောက်တတ်သူတွေရေချိန်မကိုက်ရင်၊သောက်နေကျအချိန်မသောက်ရင် တုန်တုန်ရီရီဖြစ်တတ်တာဆိုပေမယ့် ကိုယ့်မှာက အမြဲလက်တုန်နေတာ။ ဘယ်အကြောင်းရင်းတွေကြောင့် လက်တုန်ရတာလဲဖြစ်နိုင်ခြေလေးတွေ ဆက်ပြီးဖတ်ကြည့်နော်။

ရောဂါမဟုတ်ပါ

Essential Tremor လို့ခေါ်တဲ့ အာရုံကြောပြဿနာက အဖြစ်များဆုံးပါ။ကော်ဖီခွက်လေးကိုင်ရင်တောင် လှုပ်ခါနေတာမျိုး။ငြိမ်နေရင်အကောင်းကနေ လှုပ်ရှားမယ်ကြံမှ လက်ကမငြိမ်တော့တာပါ။ အကြောင်းရင်းအတိအကျမရှိပေမယ့် တချို့မှာတော့ မျိုးဗီဇနဲ့ဆိုင်တယ်လို့တွေ့ရပါတယ်။တော်တန်ရုံလောက်ကပြဿနာမရှိလို့ဆေးကုသဖို့မလိုလောက်ပါဘူး။နေ့စဉ်အလုပ်တွေမှာ ထိခိုက်လာရင်တော့ ကုသမှုခံယူဖို့လိုလာနိုင်ပါတယ်။

ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါရှိသူတွေမှာ ကြွက်သားတွေကိုလှုပ်ရှားဖို့သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာနဲ့အမျှနောက်တစ်ဖက်မှာပါဖြစ်လာတော့တယ်။ လှုပ်ရှားမှုတွေနှေးလာနိုင်သလို ဟန်ချက်ညီအောင်ထိန်းဖို့လည်းခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ခြေထောက်တွေတောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာဆိုရင်တော့သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှုလိုအပ်လာနိုင်ပါတယ်။

ဦးနှောက်အာရုံကြောရောဂါ (MS)

Multiple Sclerosis (MS) ဟာmyelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroidism)

လက်တုန်ခြင်းက သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းကအရမ်းအလုပ်လုပ်လွန်းပြီး နှလုံးခုန်နှုန်းကိုမြင့်စေပါတယ်။ ဘာမှလည်းမလုပ်ရဘဲ ကိုယ်အလေးချိန်ကျဆင်းသွားတာ၊ အလင်းရောင်ကိုမခံနိုင်တာ၊ နှလုံးခုန်မြန်တာ၊ကောင်းကောင်းအိပ်မပျော်တာတွေလည်းဖြစ်နိုင်ပါတယ်။

ကဖင်းများနေခြင်း

မနက်ပိုင်းကော်ဖီသောက်တယ်၊နေ့လယ် ခဏနားချိန်မှာသောက်တယ်၊ လက်ဖက်ရည်သောက်တယ်၊ အားဖြည့်အချိုရည်သောက်တယ်၊ ညကျ ကော်ဖီထပ်သောက်တယ်။ ကဲ ကဖင်းဓါတ်တွေ အများကြီးဗိုက်ထဲဝင်သွားပြီပေါ့။ ကဖင်းက အာရုံလန်းဆန်းအောင် နှိုးဆွတဲ့ဓါတ်တစ်မျိုးဖြစ်သလိုသောက်တာများရင်လည်း လက်တုန်အောင် ပိုနှိုးဆွတဲ့အရာလည်းဖြစ်ပါတယ်။

အရက်ဖြတ်ခြင်း

အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါဖြစ်တတ်တဲ့လက္ခဏာတွေထဲ လက်တုန်ခြင်းပါဝင်ပါတယ်။နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီးခံစားရတတ်ပါတယ်။

အိပ်ရေးပျက်ခြင်

လောင်စာအလုံအလောက်မဖြည့်ပေးရင် ကားစက်တောင်နှိုးမရပါဘူး။ လူ့ခန္ဓါကိုယ်တစ်ခုလုံးကိုကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ်ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေကြောင့် လက်တုန်တာအပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမဖြစ်စေနိုင်ပါတယ်။

သွေးတွင်းသကြားကျဆင်းခြင်း

ကြွက်သားတွေနဲ့ အာရုံကြောတွေဆိုတာသွေးတွင်းသကြားဓါတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓါတ်အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးတဲ့အခါ ခန္ဓါကိုယ်က အာရုံကြောတွေရဲ့ လှုပ်ရှားမှုကလည်း လွန်ကဲလာပါတယ်။ နှလုံးခုန်တွေမြန်လာပြီး လက်လည်းတုန်တတ်ပါတယ်။ ဒါကတော အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ တရားထိုင်တာဖြစ်ဖြစ် တစ်နည်းနည်းနဲ့စိတ်ဖိစီးမှုကိုဖြေလျော့လိုက်တဲ့အခါပြန်ပြေပျောက်သွားမှာပါ။

ဆေးဝါး

လက်တုန်ခြင်းက စိတ်ကျန်းမာရေးဆိုင်ရာဆေးတွေ၊ အတက်ရောဂါ၊ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ အာရုံကြောရောဂါ၊ ပန်းနာရင်ကျပ်တို့လိုရောဂါတွေအတွက်သောက်သုံးရတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နေတတ်ပါတယ်။

ဗီတာမင် B12 အားနည်းခြင်း

အာရုံကြောစနစ်ကျန်းမာရေးအတွက်B12 ရဲ့အခန်းကဏ္ဍက ကြီးမားပါတယ်။ အသား ၊ကြက်ဥသိပ်မစားရင် ဒါမှမဟုတ် နွားနို့မသောက်ရင်၊ ဗီတာမင်B12 ကြွယ်ဝတဲ့အစားအစာတွေမစားရင် အားနည်းနိုင်ပါတယ်။ ဗီတာမင်B12 ချို့တဲ့တဲ့အခါ လက်တွေတုန်တာ၊ခြေလက်တွေထုံကျဉ်တာ၊ အားနည်းတာတွေဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 15/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။