အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။
ဘာလက္ခဏာတွေ ကြုံရသလဲ
မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။
- မိန်းမကိုယ်ယားယံခြင်း
- မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အဖြူများဆင်းခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း
- လိင်ဆက်ဆံစဉ် နာကျင်ခြင်း
- မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်းတို့ပဲ ဖြစ်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်းက ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။
- မိန်းမကိုယ်မှိုစွဲခြင်း။ များသောအားဖြင့် ယားယံတတ်ပါတယ်။ ဆင်းတဲ့အရည်ဟာ ပျစ်ပြီး ဖြူပါတယ်။
- Trichomonas ပိုးဝင်ခြင်း။ မိန်းမကိုယ်ယားယံပြီး အနံ့နံပါတယ်။ စိမ်းဝါရောင်များဆင်းပြီး အမြှုပ်များ တွေ့ရနိုင်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ
မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ဘက်တီးရီးယားပိုးဝင်ခြင်း။ bacterial vaginosis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားများနဲ့ မကောင်းတဲ့ ဘက်တီးရီးယားများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်ပါတယ်။
- မှိုစွဲခြင်း။ Candida albican ဆိုတဲ့ မှိုကြောင့် အများဆုံးဖြစ်ပွားပါတယ်။
- Trichomoniasis။ လိင်ဆက်တဆံရာကနေ ကူးစက်တဲ့ ပရိုတိုဇိုဝါကပ်ပါးပိုးကြောင့် ဖြစ်တတ်ပါတယ်။
- မိန်းမကိုယ်ကျုံ့သွားခြင်း။ သွေးဆုံးချိန်မှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းများနည်းသွားပြီး မိန်းမကိုယ်ဟာ သေးငယ်ခြောက်သွေ့သွားတတ်ပါတယ်။
ဘယ်အချိန် ဆရာဝန်ပြမလဲ
မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။
- ယခင်က မိန်းမကိုယ်ပိုးဝင်ဖူးခြင်း
- မိန်းမကိုယ်ပိုးဝင်ခြင်း ကြုံဖူးပေမယ့် ယခင်နဲ့မတူတဲ့ လက္ခဏာအသစ်များပြနေခြင်း
- လိင်ဆက်ဆံသူမတူညီခြင်း၊ အဖော်အသစ်နဲ့ နေမိခြင်း
- ဖျားနာခြင်း
- ကိုယ်ဝန်ရှိနေသည်ဟု ယူဆမိခြင်း
- ကုသမှုပြုလုပ်ထားသော်လည်း ပြန်ဖြစ်ခြင်း
မိန်းမကိုယ်ပိုးဝင်ခြင်းကို သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့်ဖြစ်တာလဲ။ ဘာတွေဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးသင့်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်း ကို ဘယ်လိုကုသနိုင်သလဲ
မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်
- ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် Metronidazole သောက်ဆေး လိမ်းဆေး၊ Clindamycin လိမ်းဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။
- မှိုပိုးဝင်ခြင်းအတွက် လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေ ရှိပါတယ်။
- ကပ်ပါးပိုးဝင်ခြင်းအတွက် Metronodazole ဒါမှမဟုတ် tinidazole ဆေးများ သုံးစွဲနိုင်ပါတယ်။
- မိန်းမကိုယ်သေးပြီး ခြောက်သွေ့သွားခြင်းအတွက် အီစထရိုဂျင်လိမ်းဆေးများ သုံးစွဲနိုင်ပါတယ်။
အကောင်းဆုံးကတော့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။ အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကျပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွားကူးစက်စေနိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။
[embed-health-tool-ovulation]