backup og meta

အဖြူဆင်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြူဆင်းခြင်း

    မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း ပြဿနာဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အကြောင်းအရာတစ်ခုပါ။ အဖြူဆင်းခြင်းဟာ သာမန်အခြေအနေတစ်ခု ဖြစ်နိုင်သလို ရောဂါပိုးတစ်မျိုးမျိုး ကူးစက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုရောဂါနဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ မိန်းမကိုယ် အရည်ဆင်းခြင်းတွေဟာ ပုံမှန်အဖြူဆင်းတဲ့ ပုံစံမျိုးနဲ့ ကွဲပြားပါတယ်။ အကယ်လို့ သင်ဟာ ပုံမှန်မဟုတ်ဘဲ အနံ့နံတဲ့ အဖြူဆင်းခြင်းမျိုးရှိနေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါပြီ။

    အဖြူဆင်းခြင်း

    အဖြူဆင်းခြင်း အကြောင်းလေ့လာလိုက်ရအောင်နော်။ မိန်းမကိုယ်ကဆင်းတဲ့ အရည်အမျိုးအစားတွေကို ဖော်ပြပါမယ်။ အရောင်နဲ့ အပျစ်အကျဲပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ အချို့သော အဖြူဆင်းခြင်းတွေဟာတော့ ရောဂါပိုးကူးစက်ခြင်း ကြောင့်မဟုတ်ဘဲ အမျိုးသမီးသဘာဝပုံမှန်ဖြစ်စဉ်အနေနဲ့ ဆင်းခြင်းပါ။

    အဖြူရောင်။  ။ လစဉ်ဓမ္မတာလာခါစနဲ့ သွေးဆုံးချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သို့သော်လည်း မိန်းမကိုယ်ကနေ ယားယံလာမယ်၊ မလိုင်ခဲလိုမျိုး အနှစ်တွေပါ ဆင်းလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါတော့။ မှိုရောဂါကူးစက်ခြင်းခံရတာကြောင့် ဖြစ်နိုင်ပါတယ်။

    အရည်ကျဲကျဲနဲ့ အရည်ကြည်။          ။ မိန်းမကိုယ်ကနေဆင်းတဲ့ အရည်ဟာ ကျဲကျဲနဲ့ ကြည်လင်နေမယ်ဆိုရင်တော့ စိတ်မပူပါနဲ။ လတစ်လရဲ့ ဆင်းချင်တဲ့ အချိန်မှာ ဆင်းချင်သလိုဆင်းနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ်မို့ပါ။ တစ်ခါတရံ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အလုပ်များတာကြောင့်လည်း အရည်ကြည်ဆင်းနိုင်ပါ တယ်။

    စေးကပ်နေတဲ့ အရည်ကြည်။              ။ အရောင်ကတော့ ကြည်ကြည်လင်လင်ပါပဲ။ ဒါပေမဲ့ စေးကပ်ပြီးအချွဲလို အနေအထားရှိနေပြီဆိုရင် ဥကြွေချိန်ရောက်နေပြီလို့ ညွှန်ပြခြင်းပါ။ အမျိုးသမီးတွေဟာ လစဉ်သားဥကြွေပြီး သားအိမ်နံရံတလျှောက် ကြွေဆင်းလာခြင်းကြောင့် ဓမ္မတာလာရခြင်းပါ။ သားဥကြွေ ချိန်ရောက်တဲ့အခါ အချွဲအရည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါဟာလည်းပုံမှန်ပါပဲ။

    အညိုရောင် (သို့မဟုတ်) သွေးရောင်ဆင်းခြင်း (သွေးဆင်းခြင်း)။ ။ ရာသီလာနေချိန်မှာသွေး ဆင်းခြင်းဟာ ပုံမှန်ပါပဲ။ တစ်ခါတစ်ရံဒီတစ်လရဲ့ ဓမ္မတာပြီးခါနီးလာတဲ့ အရောင်ဟာ သွေးရောင် မဟုတ်ဘဲ ညိုနေတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံတော့ ဓမ္မတာ တစ်လနဲ့ တစ်လကြားမှာ သွေးအနည်းငယ် ဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်စက်နှစ်စက်လောက်ပမာဏပါပဲ။ Spotting လို့ ခေါ်ဝေါ်ပါတယ်။

    Spotting ဖြစ်စဉ်ဟာ ကိုယ်ဝန်ရှိတဲ့အချိန် (အထူးသဖြင့် လနုနယ်တဲ့ကိုယ်ဝန်ဆောင်ချိန်) မှာ ဖြစ်ခဲ့ရင်တော့ ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာကို ရည်ညွှန်းတာမို့ ဆေးရုံသို့ အမြန်ဆုံးသွားရောက်သင့်ပါတယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံထားခဲ့ရင်လည်း သိပ်မကြာခင်အချိန်မှာ သွေးပမာဏနည်းနည်းလေး ဆင်းတတ်ပါသေးတယ်။ အညိုရောင်နဲ့ သွေးရောင်ဆင်းခြင်းဟာ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်အတွင်းမြှေးကင်ဆာနဲ့ သာအိမ်အလုံးအကြိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းဟာ နှစ်စဉ်နှစ်တိုင်း သားအိမ်ခေါင်းချွဲမြှေးယူကာ သားအိမ်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

    အဝါရောင်(သို့) စိမ်းဝါရောင်။             ။ စိမ်းဝါရောင်ရှိပြီး ထူထဲလွန်းတဲ့ အရည်ဆင်းရင်တော့ လုံးဝပုံမှန် မဟုတ်ပါဘူး။ အနံ့နံခြင်းဟာလည်း ပုံမှန်မဟုတ်တော့ပါဘူး။ ဒါဟာ မိန်းမကိုယ်ကို ပိုးမွှားကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကတဆင့် ရောဂါပိုးတွေကူးစက်နိုင်ပြီး အနံ့နံတဲ့ အရည်တွေဆင်းနိုင်ပါတယ်။

    အဖြူဆင်းရတဲ့အကြောင်းအရင်းတွေကိုပြောချင်ပါတယ်။

    ပုံမှန်အဖြူဆင်းခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတစ်ခုပါ။ မိန်းမကိုယ်ကို သဘာဝအားဖြင့် သန့်ရှင်းရေးလုပ်ပြီး ကာကွယ်ပေးခြင်းဖြစ်စဉ်ကြောင့် ဒီလိုအဖြူဆင်းတာပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိမ်ထောင်ရှင်အမျိုးသမီးတွေဆိုရင် သန္ဓေတားဆေးသုံးခြင်းနဲ့ စိတ်ဖိစီးခြင်း တို့ကြောင့်လည်း အဖြူဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

    အဖြူဆင်းခြင်းကိုဖြစ်စေတဲ့ ကူးစက်ရောဂါတွေကတော့

    (၁)      Bacterial Vaginosis လို့ခေါ်တဲ့ ဘတ်တီးရီးယားကူးစက်ခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါပါ။ ဆင်းတဲ့အရည်ဟာလည်း ငါးညှီနံ့ရပါတယ်။ အနံ့ပြင်းပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral Sex) နဲ့ လိင်ဆက်ဆံဖော်ပါတနာများတဲ့သူတွေမှာ အဖြစ်များပါတယ်။

    (၂)      Trichomoniasis ဆိုတဲ့ ကူးစက်ရောဂါကတော့ ကပ်ပါးရောဂါပိုးကြောင့်ဖြစ်ရတာပါ။ လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်သလို တစ်ခါတစ်လေတော့ သဘက်တွေ၊ ရေလဲလုံခြည်၊ ရေချိုးရင်ပတ်တဲ့ ခြုံလွှာသဘက်တွေကို အတူအကွသုံးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိမ်းဝါရောင် အနံ့နံတဲ့ အရည်ဆင်းပါတယ်။ မိန်းမကိုယ်ယားယံခြင်းနဲ့ ရောင်ရမ်းနာကျင်ခြင်းတွေ ခံစားရနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ ရောဂါပိုးကူးစက်နေပါလျက် ဘာလက္ခဏာမှ မခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။

    (၃)      မှိုရောဂါကြောင့်ဆင်းတဲ့ အရည်ကတော့ အဖြူရောင်မလိုင်ခဲပုံစံပါ။ မိန်မကိုယ်ဟာ ပူလောင်နာကျင်ခြင်း၊ ယားယံခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ မှိုတစ်မျိုးမျိုးရှိနေခြင်းဟာ သာမန်ပါပဲ။ သို့သော်လည်း တဖြည်းဖြည်းနဲ့ မှိုတွေများလာပြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားမယ်ဆိုရင်တော့ အဖြူရောင်အနှစ်ရည်တွေဆင်းလာမှာပါ။ စိတ်ဖိစီးမှုများလာခြင်း၊ ဆီးချိုရောဂါ၊ သန္ဓေတားဆေးသောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်နေချိန်နဲ့ ဆယ်ရက်ကျော်သောက်သုံးရတဲ့ ပိုးသတ်ဆေးတွေ စတဲ့အခြေအနေတွေဟာ မိန်းမကိုယ် မှိုစွဲခြင်းကို တွန်းအားပေးနိုင်ပါတယ်။

    (၄)      ကာလသားရောဂါနဲ့ ကလမိုင်းဒီးယားရောဂါတွေကတော့ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်ပါတယ်။ မိန်းမကိုယ်ကနေ ထူထဲပျစ်ခဲတဲ့ စိမ်းဝါရောင်အရည်တွေဆင်းပါတယ်။

    (၅)     PID လို့ခေါ်တဲ့ မိန်းမအင်္ဂါအဖွဲ့အစည်းကြီးတစ်ခုလုံး ရောင်ရမ်းတဲ့ ရောဂါမှာတော့ ထူပျစ်ပြီး အနံ့နံတဲ့အရည်ဆင်းပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ရောဂါပိုးဟာ မိန်းမကိုယ်ထဲက တစဆင့်ကူးစက်သွားပြီး အမျိုးသမီးအင်္ဂါအဖွဲ့အစည်းကြီးတစ်ခုလုံးကို ရောင်ရမ်းစေတာပါ။

    (၆)      သားအိမ်ခေါင်းကင်ဆာ။       ။HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းကနေတဆင့် ကူးစက်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပါ။ နီညိုရောင်အရည်တွေဆင်းနိုင်သလို ရိုးရိုးအရည်ကြည်တွေလည်း ဆင်းနိုင်ပါတယ်။ အနံ့နံပါတယ်။ ကမ္ဘာပေါ်မှာ ၄ မိနစ်တိုင်း အမျိုးသမီး တစ်ယောက်နှုန်းဟာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးနေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအတိုင်း သားအိမ်ခေါင်းချွဲမြှေးယူကာ သားအိမ်ခေါင်းကင်ဆာရှိမရှိ စစ်ဆေးသင့်ပါတယ် လို့ထပ်မံတိုက်တွန်းပါရစေ။

    အဖြူဆင်းတာကို အိမ်မှာပဲ ဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်း တချို့ကတော့

    • တစ်ကိုယ်ရေသန့်ရှင်းမှုပုံမှန်လုပ်ပါ။ ဂရုစိုက်ပါ။
    •  အမျိုးသမီးသန့်စင်ဆေးရည် သုံး၍ ဆေးကြောနိုင်ပါတယ်။
    • ပုံမှန်ဆပ်ပြာဟာ မိန်းမကိုယ်ရဲ့ pH နဲ့ မမျှတတာကြောင့် ဆေးကြောရာမှာ အသုံးမပြုသင့်ပါ။ အဖြူဆင်းခြင်းကို ပိုဆိုးလာနိုင်ပါတယ်။
    • မိန်းမကိုယ်ထဲကို ပြွတ်နဲ့ ဆေးရည်ထိုးသွင်းဆေးကြောတာမျိုး မလုပ်သင့်ပါ။ မိန်းမကိုယ်ထဲမှာ သာမန်အားဖြင့် အကျိုးပြုပြီး ကောင်းမွန်တဲ့ သဘာဝဘက်တီးရီးယားပိုးလေးတွေရှိနေပါတယ်။ ထိုပိုးမွှားလေးတွေကို သေစေနိုင် လို့ပါ။
    • အဖြူဆင်းခြင်းသာမကဘဲ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်စေဖို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးသင့်ပါတယ်။
    • မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းမှာတော့ ဆရာဝန်ပေးတဲ့ ဆေးတွေအပြင် ဒိန်ချဉ်ကိုလည်း တစ်ဖက်တစ်လမ်းက‌ သောက်သုံးပေးသင့်ပါတယ်။ မိန်းမကိုယ်က သဘာဝကောင်းကျိုးပြု ဘတ်တီးရီးယားတွေအတွက် အကျိုးရှိလို့ပါ။

    အဖြူဆင်းခြင်းဟာ အနံ့နံပြီး ပုံမှန်မဟုတ်ဘူးလို့ ယူဆရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ သွားရောက်ကုသ တိုင်ပင်ပါတော့နော်။ အမျိုးသမီးတိုင်းယုံကြည်မှုရှိရှိနဲ့ သပ်ရပ်သန့်ရှင်းလှပနိုင်ကြပါစေ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement