backup og meta

မိန်းမကိုယ်ပိုးဝင်ခြင်း အကြောင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


Dr. Thant Zin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်ပိုးဝင်ခြင်း အကြောင်း

    အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်းအကြောင်းတွေပဲ ဖြစ်ပါတယ်။

    ဘာလက္ခဏာတွေ ကြုံရသလဲ

    မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။

    • မိန်းမကိုယ်ယားယံခြင်း
    • မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း
    • မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အဖြူများဆင်းခြင်း
    • ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း
    • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
    • မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်းတို့ပဲ ဖြစ်ပါတယ်။

    မိန်းမကိုယ်ပိုးဝင်ခြင်းက ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။
    • မိန်းမကိုယ်မှိုစွဲခြင်း။ များသောအားဖြင့် ယားယံတတ်ပါတယ်။ ဆင်းတဲ့အရည်ဟာ ပျစ်ပြီး ဖြူပါတယ်။
    • Trichomonas ပိုးဝင်ခြင်း။ မိန်းမကိုယ်ယားယံပြီး အနံ့နံပါတယ်။ စိမ်းဝါရောင်များဆင်းပြီး အမြှုပ်များ တွေ့ရနိုင်ပါတယ်။

    မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ

    မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • ဘက်တီးရီးယားပိုးဝင်ခြင်း။ bacterial vaginosis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားများနဲ့ မကောင်းတဲ့ ဘက်တီးရီးယားများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်ပါတယ်။
    • မှိုစွဲခြင်း။ Candida albican ဆိုတဲ့ မှိုကြောင့် အများဆုံးဖြစ်ပွားပါတယ်။
    • Trichomoniasis။ လိင်ဆက်တဆံရာကနေ ကူးစက်တဲ့ ပရိုတိုဇိုဝါကပ်ပါးပိုးကြောင့် ဖြစ်တတ်ပါတယ်။
    • မိန်းမကိုယ်ကျုံ့သွားခြင်း။ သွေးဆုံးချိန်မှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းများနည်းသွားပြီး မိန်းမကိုယ်ဟာ သေးငယ်ခြောက်သွေ့သွားတတ်ပါတယ်။

    ဘယ်အချိန် ဆရာဝန်ပြမလဲ

    မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။

  • ယခင်က မိန်းမကိုယ်ပိုးဝင်ဖူးခြင်း
  • မိန်းမကိုယ်ပိုးဝင်ခြင်း ကြုံဖူးပေမယ့် ယခင်နဲ့မတူတဲ့ လက္ခဏာအသစ်များပြနေခြင်း
  • လိင်ဆက်ဆံသူမတူညီခြင်း၊ အဖော်အသစ်နဲ့ နေမိခြင်း
  • ဖျားနာခြင်း
  • ကိုယ်ဝန်ရှိနေသည်ဟု ယူဆမိခြင်း
  • ကုသမှုပြုလုပ်ထားသော်လည်း ပြန်ဖြစ်ခြင်း
  • မိန်းမကိုယ်ပိုးဝင်ခြင်းကို သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့်ဖြစ်တာလဲ။ ဘာတွေဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးသင့်ပါတယ်။

    မိန်းမကိုယ်ပိုးဝင်ခြင်း ကို ဘယ်လိုကုသနိုင်သလဲ

    မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်

    • ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် Metronidazole သောက်ဆေး လိမ်းဆေး၊ Clindamycin လိမ်းဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။
    • မှိုပိုးဝင်ခြင်းအတွက် လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေ ရှိပါတယ်။
    • ကပ်ပါးပိုးဝင်ခြင်းအတွက် Metronodazole ဒါမှမဟုတ် tinidazole ဆေးများ သုံးစွဲနိုင်ပါတယ်။
    • မိန်းမကိုယ်သေးပြီး ခြောက်သွေ့သွားခြင်းအတွက် အီစထရိုဂျင်လိမ်းဆေးများ သုံးစွဲနိုင်ပါတယ်။

    အကောင်းဆုံးကတော့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။ အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကျပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွားကူးစက်စေနိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    Dr. Thant Zin မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement