backup og meta

မိန်းမကိုယ်မှ အရည်ဆင်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်မှ အရည်ဆင်းခြင်း

    မိန်းမကိုယ်မှ အရည်ဆင်းခြင်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကထွက်တဲ့အရည်ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်တဲ့အရည်ဟာ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးခြင်းအားဖြင့် မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးမွှားကူးစက်ခံရခြင်းရန်က ကာကွယ်ပေးပါတယ်။

    မိန်းမကိုယ်မှ အရည်ဆင်းခြင်း

    မိန်းမကိုယ်မှ အရည်ဆင်းခြင်း နဲ့ ပတ်သက်ပြီး သိထားဖို့ လိုမှာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းဆိုတာ ဘာကိုခေါ်သလဲ

    များသောအားဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ရာသီစက်ဝန်းအပေါ်မူတည်ပြီး ဆင်းတဲ့ အရည်ပမာဏ၊ အနံ့၊ အရောင် (အကြည်ရောင်မှ နို့ကဲ့သို့ အဖြူရောင်) ကွဲပြားနိုင်ပါတယ်။ သားဥကြွေချိန်၊ ကလေးနို့တိုက်နေချိန်နဲ့ ကာမဆန္ဒတက်ကြွနေချိန်တွေမှာ အရည်ဆင်းများနိုင်သလို ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုမစိုက်နိုင်ချိန်တွေမှာ ထွက်တဲ့အနံ့တွေဟာလည်း ကွဲပြားနိုင်ပါတယ်။

    ဒီပြောင်းလဲမှုတွေဟာ စိုးရိမ်စရာမရှိပေမယ့် မိန်းမကိုယ်ကဆင်းတဲ့ အရည်ရဲ့ အရောင်၊ အနံ့၊ အပျစ်အကျဲ စတာတွေ သိသိသာသာ ထူးခြားလာမယ်၊ တစ်ပြိုင်တည်းမှာပဲ မိန်းမကိုယ်ယားယံမယ်၊ ပူစပ်ပူလောင် ဖြစ်လာမယ်ဆိုရင်တော့ ဒါဟာ ပိုးဝင်ခြင်း သို့မဟုတ် အခြား ကျန်းမာရေးပြဿနာတစ်ခုခုကို ညွန်ပြနေတာ ဖြစ်ဖို့များပါတယ်။

    ဘယ်အရာတွေက မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့အရည် ဆင်းစေသလဲ

    မိန်းမကိုယ်မှာ ပုံမှန်ရှိနေကျ ဘက်တီးရီးယားတွေ မျှခြေပျက်တဲ့အခါ မိန်းမကိုယ်အရည်ရဲ့ အနံ့၊ အရောင်၊ အပျစ်အကျဲ စတာတွေကို ပြောင်းလဲမှုဖြစ်စေပါတယ်။ ၎င်းအခြေအနေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

    • ပိုးသတ်ဆေး သို့မဟုတ် စတီးရွိုက်အသုံးပြုခြင်း
    • ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် လိင်ဆက်ဆံဖော်များသည့် အမျိုးသမီးများတွင် အဖြစ်များသည့် မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ခြင်း
    • သန္ဓေတားဆေး (သောက်ဆေး) များ
    • သားအိမ်ခေါင်းကင်ဆာ
    • ကလာမိုင်းဒီးယား၊ ဆီးပူညောင်းကျရောဂါ စသည့် လိင်မှတဆင့်ကူးစက်တတ်သည့် ရောဂါများ
    • သွေးချိုဆီးချိုရောဂါ
    • မိန်းမကိုယ်သန့်စင်ဆေးရည်များ၊ အနံ့ပါသည့် ဆပ်ပြာ၊ လိုးရှင်းများ၊ ဆပ်ပြာရေစိမ်ခြင်း
    • ခွဲစိတ်ကုသမှုခံယူပြီး မမျိုးပွားအင်္ဂါများ ပိုးဝင်ခြင်း
    • မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ
    • အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတဆင့် Trichomoniasis ခေါ် ကပ်ပါးကောင်ကူးစက်ခံရခြင်း
    • ရာသီသွေးဆုံးချိန်တွင် မိန်းမကိုယ်နံရံ ပါးလွှာခြောက်သွေ့ခြင်း
    • မိန်းမကိုယ်ရောင်ရမ်းခြင်း၊ မိန်းမကိုယ်တဝိုက် သို့မဟုတ် အတွင်းပိုင်းတွင် နေမထိထိုင်မသာဖြစ်ခြင်း
    • ကပ်ပါးမှိုကူးစက်ခံရခြင်း

    ပုံမှန်မဟုတ်တဲ့ မိန်းမကိုယ်အရည်များအကြောင်း အောက်ပါအတိုင်း ဆက်လက်လေ့လာနိုင်ပါတယ်။

    ပုံမှန်မဟုတ်သည့် မိန်းမကိုယ်အရည် အမျိုးအစားများနှင့် ၎င်းတို့ကိုဖြစ်စေသည့် အကြောင်းရင်းများ

    သွေးရောင် သို့မဟုတ် အညိုရောင်အရည် – ရာသီစက်ဝန်းမမှန်တဲ့လက္ခဏာ ဖြစ်နိုင်သလို တစ်ခါတရံမှာ သားအိမ်ခေါင်းနဲ့ သားအိမ်အတွင်းပိုင်းနံရံ ကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နေတတ်ပါတယ်။ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးစပ်ကိုက်ခြင်း စတဲ့ လက္ခဏာတွေနဲ့တွဲပြီး ဖြစ်ပေါ်တတ်ပါတယ်။

    အရောင်မှိုင်းမှိုင်း သို့မဟုတ် အဝါရောင်အရည် – ဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ရာသီလာချိန် တစ်ခုနဲ့တစ်ခုကြား သွေးဆင်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း စတဲ့ လက္ခဏာတွေနဲ့ ပူးတွဲဖြစ်ပေါ်တတ်ပါတယ်။

    အမြုပ်သဏ္ဍာန်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင်၊ အနံ့ဆိုးဆိုးအရည် – Trichomoniasis ခေါ် ကပ်ပါးကောင်ကူးစက်ခံရမှုကြောင့်ဖြစ်ပြီး ဆီးသွားစဉ် နာကျင်ခြင်း၊ ယားယံခြင်းတို့ကိုပါ ခံစားရတတ်ပါတယ်။

    ပန်းရောင်အရည် – ကလေးမွေးပြီး သားအိမ်နံရံကြွေကျခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

    အဖြူရောင်၊ စေးပျစ်ပျစ် အရည် – ကပ်ပါးမှိုကူးစက်ခံရခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ထူးထူးခြားခြား ငါးညှီနံ့ထွက်လေ့ရှိပြီး အဖြူရောင်မဟုတ်ဘဲ မီးခိုးရောင်၊ အဝါရောင်အရည်လဲ ဖြစ်နိုင်ပါတယ်။

    မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့အရည်ဆင်းရခြင်း အကြောင်းရင်းကို ဆရာဝန်က ဘယ်လိုရောဂါရှာဖွေအတည်ပြုမလဲ

    သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ကျန်းမာရေးရာဇဝင်နဲ့ ခန္ဓာကိုယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လက္ခဏာတွေအကြောင်း မေးမြန်းမှာဖြစ်တဲ့အတွက် အောက်ဖော်ပြပါမေးခွန်းတွေကို မျှော်လင့်ထားဖို့ လိုပါလိမ့်မယ်။

    • ဘယ်အချိန်ကစပြီး မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့အရည် ဆင်းသလဲ။
    • အရည်ရဲ့အရောင်က ဘာလဲ။
    • အနံ့ရှိသလား။
    • မိန်းမကိုယ်တဝိုက် ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲ ယားယံခြင်း၊ နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း ခံစားရသလား။
    • တစ်ဦးထက်ပိုတဲ့ အဖော်တွေနဲ့ လိင်ဆက်ဆံလေ့ရှိသလား။
    • မိန်းမကိုယ်သန့်စင်ဆေးရည်သုံးသလား။

    အထက်ပါမေးခွန်းတွေ မေးမြန်းပြီးတဲ့အခါ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်နိုင်ဖို့ မိန်းမကိုယ်အရည်နမူနာ ဒါမှမဟုတ် သားအိမ်ခေါင်းကဆဲလ်တွေကို နမူနာယူဖို့ လိုအပ်နိုင်ပါတယ်။

    မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်းကို ဘယ်လိုကုသနိုင်သလဲ

    မိန်းမကိုယ်အရည်ဆင်းစေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဥပမာ ကပ်ပါးမှို ကူးစက်ခံရခြင်းအတွက် မိန်းမကိုယ်အတွင်းပိုင်းကို မှိုသတ်ဆေးခရင်မ် သို့မဟုတ် ဂျယ်လ် လိမ်းပေးရမှာဖြစ်ပြီး ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးတောင့် သို့မဟုတ် ပိုးသတ်ဆေးခရင်မ် အသုံးပြုရမှာ ဖြစ်ပါတယ်။ Trichomoniasis ခေါ် ကပ်ပါးကောင်ကူးစက်ခံရခြင်းကိုတော့ metronidazole  သို့မဟုတ် tinidazole နဲ့ ကုသရမှာ ဖြစ်ပါတယ်။

    မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းစေတတ်တဲ့ ကူးစက်ရောဂါတွေရဲ့ရန်က ကာကွယ်နိုင်အောင် အောက်ပါအကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။

    • မိန်းမကိုယ်ကို ရေနွေးနှင့် ဆပ်ပြာအပျော့စား အသုံးပြုပြီး ပုံမှန်ဆေးကြောပေးခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်အောင်ထားပါ
    • အနံ့ပါသည့် ဆပ်ပြာနှင့် အမျိုးသမီးသုံး သန့်စင်ဆေးရည်များ၊ ဖြန်းဆေးများ၊ ရေချိုးဆပ်ပြာမြုပ်များ လုံးဝအသုံးမပြုပါနှင့်
    • အိမ်သာတက်ပြီးတိုင်း မိန်းမကိုယ်ပိုးဝင်ခြင်းမှ ကာကွယ်ရန် မိန်းမကိုယ်ကို ရှေ့မှနောက်သို့ပွတ်၍ ဆေးကြောပေးပါ
    • ချည်သားစစ်စစ် အတွင်းခံများကိုသာ အသုံးပြုပါ၊ ကြပ်လွန်းသော အဝတ်အစားများကို မဝတ်ဆင်ပါနှင့်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement