backup og meta

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

    လိင်ပညာပေးကို မကြာခင်မှာ ကျောင်းစာတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ မီးဆိုတာ ပူမှန်းသိမှ ရှောင်ရကောင်းမှန်း နားလည်မှာလေ။ ခုလက်ရှိကတော့ ဆယ်တန်းမှာ သင်ဖို့ ပြောထားကြပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက်ငယ်တဲ့ အရွယ်မှာလည်း သင်လာလိမ့်မယ်လို့ ထင်ပါတယ်။

    တကယ်တော့ လိင်ပညာပေးကို ဘယ်အရွယ်ကစသင်ရမလဲဆိုတော့ သူများနိုင်ငံတွေမှာတော့ ကလေးက  ပြောတာကို နားလည်တယ်ဆိုတာနဲ့ သင်ပေးလို့ရပါပြီတဲ့။ ကလေးတွေရဲ့ နားလည်နိုင်စွမ်းပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးသင်သွားတာပါ။

    လိင်စော်ကားခံရတယ်ဆိုတာ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်နိုင်တယ်ဆိုတာ အားလုံး မြင်နေ ကြားနေရပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင် စောစောသင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

    နောက်တစ်ခုက လိင်ပညာပေးဆိုတာ ကျောင်းက ဆရာ၊ ဆရာမတွေပဲ သင်ပေးရတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေနဲ့ အရင်ဆုံးထိတွေ့ရမှာ အိမ်က မိဘတွေပါ။ ဒါပေမယ့် စစချင်းဆို ဘယ်လိုသင်ရမလဲဆိုတာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

    မွေးစကနေ ၂နှစ်အထိ

  • ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ နာမည်ကို သင်ပေးပါ။ လိင်အင်္ဂါ အပါအဝင်ပေါ့။ ပြီးတော့ ဒါတွေက ကိုယ့်ကိုယ့်ကို ထိတွေ့ကိုင်တွယ်လို့ရကြောင်း ပြောပြထားပါ။ ရေချိုးရင်းနဲ့ ထိတွေ့ကိုင်တွယ်ပေးလိုက်ပါ။ နည်းနည်းလေး နားလည်နိုင်ရင် ဒါက ယောကျာ်းလေးဆို ဒါရှိတယ်၊ မိန်းကလေးဆို ဒါရှိတယ် စသဖြင့် ပြောပြပေးပါ။
  • ဘယ်အစိတ်အပိုင်းက ဘာလုပ်တယ်ဆိုတာ ပြောပြထားပါ။ ဥပမာ ဒါက အင်းအင်းပါတဲ့နေရာ၊ ဒါက ရှူးရှူးပေါက်တဲ့နေရာ စသဖြင့်။ နောက်ပြီး ကလေးတွေက ကိုယ်တုံးလုံးချွတ်နဲ့ လျှောက်ဆော့တတ်ပါတယ်။ ဘယ်နေရာမှာတော့ ချွတ်လို့ရတယ်။ ဘယ်နေရာမှာတော့ မရဘူးဆိုတာ ရှင်းပြထားပါ။
  • တကယ်ဆို လိင်ပညာပေးတောင် မဟုတ်သေးပါဘူး။ ကလေးတွေကို သူ့တို့ရဲ့ ကိုယ်အင်္ဂါတွေအကြောင်း ရင်းရင်းနှီးနှီး သိစေချင်တာပါ။ ပြီးတော့ လိင်အင်္ဂါတွေကိုလည်း ရှက်မနေဘဲ တခြား အစိတ်အပိုင်းတွေနဲ့ တူတူပဲဆိုတာ သိစေချင်တာပါ။

    ၂နှစ်ကနေ ၅နှစ်

    • ဒီအရွယ်ဆိုရင်တော့ မိန်းကလေးနဲ့ ယောကျာ်းလေး ဘာကွာလဲ ပြောပြလို့ရပါပြီ။ ဥပမာ ကောင်လေးတွေမှာ ဒီလိင်အင်္ဂါရှိတယ်၊ ကောင်မလေးတွေနဲ့မတူဘူး။ ဒါပေမယ့် အားလုံးမှာ ခြေတွေ၊ လက်တွေ ရှိတာချင်း တူတူပဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူလို့လဲ ဘာမှမဖြစ်ဘူး။ ဒါဟာ သဘာဝပဲ ဆိုတာ ရှင်းပြရပါမယ်။
    • နောက်ပြီးတော့ privacyလို့ ခေါ်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြောပြပေးရပါမယ်။ တချို့သော အစိတ်အပိုင်းတွေက လူတိုင်းမြင်အောင် ပြဖို့ မလိုကြောင်းပေါ့။ ဘယ်နေရာမှာတော့ အင်္ကျီချွတ်လို့ရတယ်၊ ဘယ်နေရာမှာတော့ မရဘူးဆိုတာမျိုး။
    • သူများရဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားဖို့လိုကြောင်း သင်ပေးထားပါ။ တစ်ယောက်ယောက်က အိမ်သာတံခါး ပိတ်ထားရင် ဆွဲမဖွင့်ဘဲ အရင်ဆုံး တံခါးခေါက်ဖို့လိုကြောင်း ပြောပြထားပါ။
    • ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါလည်း ဒီလိုပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကိုင်တွယ်လို့ရကြောင်း ပြောထားပေးပါ။ ဥပမာ အိမ်သာတက်ပြီးလို့ အိမ်သာထဲမှာ သန့်ရှင်းရေးလုပ်တာက ပြဿနာ မရှိပေမယ့် လူကြားထဲမှာ ကိုယ့်ရဲ့ လိင်အင်္ဂါကို မကိုင်ပြရဘူးဆိုတာ သင်ပေးထားပါ။
    • နောက်ပြီး ကလေးအချင်းချင်းဆော့လို့ ဒီနေရာတွေကို ထိတွေ့နေတာတွေ့ရင် ကောင်းကောင်းမွန်မွန်ပြောပြီး တားမြစ်ပါ။ ဒါဟာ လူတိုင်းကို အလွယ်တကူပေးထိလို့မရကြောင်း နားလည်အောင် ရှင်းပြပါ။
    • ဒီအရွယ်ဆို မေမေတွေ ခေါင်းအစားရဆုံး မေးခွန်းက သားသားဘယ်ကရောက်လာသလဲဆိုတာပါပဲ။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခွေးတွေမှာ ပါပီလေးတွေ ရှိသလို လူတွေမှာလဲ လူသေးသေးလေးတွေ ရှိတာပေါ့၊ သားသားက မေမေ့ဗိုက်ထဲကနေ အပြင်ကို ထွက်လာတာလို့ ရှင်းပြပေးနိုင်ပါတယ်။
    • သူတို့ရဲ့ ခန္ဓာကိုယ်ကို လေးစားတတ်အောင် သင်ပေးပါ။ သင်က သူ့ကို နမ်းရှုံ့ချင်တယ်၊ ဖက်ချင်တယ်ဆိုရင် အရင်ခွင့်တောင်းပါ။ သူမကြိုက်ရင် မလုပ်ပါနဲ့။ ဒါမှ သူများကို လေးစားရကောင်းမှန်း သိမှာပါ။

    ၅နှစ်ကနေ ၈နှစ်

    • သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပိုသိအောင် ပြောပြလို့ရပါပြီ။ ဥပမာ သားအိမ်၊ သားဥပြွန်၊ ဆီးလမ်းကြောင်း စသဖြင့်ပေါ့။
    • လူပျိုဖော်၊ အပျိုဖော်ဝင်စ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားပုံခြင်း မတူကြတော့ပါဘူး။ ဘယ်လိုပဲ ပိန်တာ၊ ဝတာ၊ ပုတာ၊ ရှည်တာ မတူပေမယ့် အားလုံးက တူတူပဲ ဖြစ်ကြောင်း၊ မခွဲခြားသင့်ကြောင်း သင်ပေးပါ။
    • စိတ်ပိုင်းဆိုင်ရာပြောင်းလဲတာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံရနိုင်တာကြောင့် ဒါဟာ လူပျိုဖော်၊ အပျိုဖော်ဝင်လို့  ဖြစ်ရတယ်ဆိုတဲ့အကြောင်း ရှင်းပြထားပါ။ ပြောင်းလဲလာတဲ့သူတို့ကိုလည်း နားလည်ပေးပါ။
    • ခုချိန်မှာတော့ သူတို့မေးတဲ့ ကလေးလေး ဘယ်ကလာသလဲဆိုတဲ့ မေးခွန်းကို ဖြေလို့ရပါပြီ။ ကောင်မလေးရဲ့ မျိုးဥလေးနဲ့ ကောင်လေးရဲ့ သုက်ကောင်လေး လိင်ဆက်ဆံရာက ပေါင်းပြီး ဖြစ်လာတဲ့ဆိုတဲ့ အကြောင်းပေါ့။
    • ဒါပေမယ့် လူကြီးဖြစ်မှ လိင်ဆက်ဆံတာ၊ ပွေ့ဖက်နမ်းရှုံ့တာတွေက လုပ်လို့ရကြောင်း၊ ခုလုပ်လို့ မရသေးကြောင်းကိုပါ တစ်ခါတည်း ရှင်းပြထားပါ။ တစ်ယောက်ယောက်က လာလုပ်ရင်လည်း ငြင်းဆန်နိုင်ကြောင်း သင်ပေးပါ။
    • နောက်တစ်ခုက ဒီအရွယ်ဆို တချို့ကလေးတွေက အာသာဖြေတတ်နေပါပြီ။ အပြာကားတွေ ကြည့်တတ်နေပါပြီ။ အာသာဖြေတာ အပြစ်မဟုတ်ပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာပဲ လုပ်သင့်တယ်၊ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်သင့်ဘူးဆိုတာကို ပြောပြထားပါ။ အပြာကားတွေဆိုတာလည်း ကြည့်လို့မဖြစ်တာ မဟုတ်ပေမယ့် လက်တွေ့ဘဝနဲ့ တော်တော်ကွာခြားကြောင်း ရှင်းပြထားပါ။
    • ဖုန်းလည်း သုံးနေပြီဖြစ်တဲ့အတွက် မသိတဲ့သူက ကိုယ်ရဲ့ လိင်အင်္ဂါပုံတွေ ပို့ခိုင်းရင် ဒါမှမဟုတ် သူ့ပုံတွေ ပို့ရင်၊ အပြင်မှာ တွေ့ဖို့ချိန်းရင်၊ ဖုန်းဆက်နှောင့်ယှက်ရင် လူကြီးတွေကို အသိပေးဖို့ပြောထားပါ။

    ၉နှစ်ကနေ ၁၂နှစ်

    • မိန်းကလေးတွေဆို ရာသီလာတာနဲ့ ပတ်သတ်လို့ ရှင်းပြဖို့ လိုပါပြီ။ ရာသီလာတဲ့အချိန် ဘယ်လိုနေရမယ်၊ ဘယ်လို အပြောင်းအလဲတွေ ဖြစ်တတ်တယ်ဆိုပြီးတော့ပါ။ နောက်ပြီး ကိုယ်ဝန်ရနိုင်တဲ့အရွယ်ရောက်လာပြီဆိုတာ သိဖို့လိုနေပါပြီ။
    • သားယောကျာ်းလေးတွေကလည်း လိင်တံထောင်မတ်တာ၊ သုက်လွှတ်တာတွေအကြောင်း သိဖို့လိုပါပြီ။ သုက်ကောင်လေးတွေက ကလေးရအောင် လုပ်ပေးနိုင်တယ် ဆိုတာရောပေါ့။
    • နောက်ပြီး လိင်က ကူးစက်တတ်တဲ့ ရောဂါအကြောင်းတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်ရနိုင်တဲ့အကြောင်းတွေ၊ သက်ငယ် ကိုယ်ဝန်ဆောင်ခြင်းရဲ့ အန္တရာယ်တွေ စတာတွေကိုလည်း ပြောပြရမှာပါ။ အန္တရာယ်ကို သိထားမှ ရှောင်နိုင်မှာ မို့လို့ပါ။

    ကဲ ခုဆိုရင် ဘာတွေ ဘယ်လိုသင်ပေးရမလဲဆိုတာ ပြောပြလိုက်ပြီဆိုတော့ ဖေဖေ မေမေတို့က သင်ပေးဖို့ပဲ ကျန်တော့တာပေါ့။ လိင်ပညာပေးဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ မပါဘဲ သင်လို့ရတယ်ဆိုတာ သိကြပြီလို့ ထင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement