Hello ဆရာဝန်ကို လာမေးကြတဲ့ မေးခွန်းတွေထဲမှာ အတွေ့ရများတာက ရာသီထိန် နေတယ်။ ဆီးစစ်တော့လည်း နှစ်ကြောင်း မပေါ်ဘူး။ ဘာဖြစ်နေတာလဲပေါ့။ ဒါမျိုးတွေ ခဏ ခဏ လာမေးကြပါတယ်။ တကယ်တော့ ရာသီထိန်ရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲ။ ကိုယ်ဝန်မဟုတ်ဘူး သေချာရင် တခြား အကြောင်းတွေကို စဉ်းစားမှာပါ။ ဒါတွေက ဘာဖြစ်နိုင်လဲ။ ကြည့်ကြည့်ရအောင်။
ရာသီထိန် ခဲ့ရင် . . . . .
-
ကိုယ်အလေးချိန် အပြောင်းအလဲ
ရုတ်တရက် ကိုယ်အလေးချိန် အများကြီး တက်လာတယ် ဒါမှမဟုတ် အများကြီး ကျသွားတယ်။ ဒီလိုဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရာသီပြန်ပေါ်လာပါတယ်။
-
စိတ်ဖိစီးမှု
အချိန်တော်တော်ကြာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရတယ်။ စိတ်ဖိစီးရတယ်ဆိုရင် ဦးနှောက်မှာရှိတဲ့ မျိုးပွားခြင်းနဲ့ ဆိုင်တဲ့ဟော်မုန်းတွေ ထုတ်တာကို ထိခိုက်ပါတယ်။ ဒါကြောင့် မျိုးဥကြွေတာကို ထိခိုက်ပြီး ရာသီထိန်တာပါ။ စိတ်ဖိစီးမှု သက်သာသွားရင် ရာသီပြန်ပေါ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုများလို့ ရာသီထိန်တယ်။ ရာသီထိန်တာ ဘာကြောင့်လည်းလို့ တွေးပြီး စိတ်တွေ ဖိစီး။ အဲ့ဒီတော့ ရာသီကပိုထိန်နဲ့ သံသရာလည်နေတာမျိုးလည်း ရှိတတ်ပါတယ်။
-
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ရာသီထိန်ခြင်းကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန် နည်းလွန်းတဲ့သူတွေ၊ အဆီနည်းတဲ့သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ ဒါကို exercise-associated amenorrhea လေ့ကျင့်ခန်းကြောင့် ရာသီထိန်ခြင်းလို့ ခေါ်ပါတယ်။
-
ပရိုလက်တင် အထွက်များခြင်း
ပရိုလက်တင် (Prolactin) ဆိုတာ နို့တိုက်ချိန်မှာ ထွက်တဲ့ ဟော်မုန်း တစ်မျိုးပါ။ သူက ရာသီကို ထိန်စေပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ ရာသီမလာတာပေါ့။ နို့မတိုက်ပေမယ့် နို့သီးခေါင်းကနေ နို့ရည်လိုမျိုးထွက်နေမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်က ပရိုလက်တင်အများကြီး ထုတ်နေလို့ပါ။ ပရိုလက်တင် အထွက်များတာက ဆေးကုသလို့ရပါတယ်။ ကုလိုက်ရင် ရာသီပြန်လာပါတယ်။
-
သိုင်းရွိုက်ပြဿနာ
သိုင်းရွိုက်ဂလင်းကနေ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထုတ်တာနည်းတဲ့ Hypothyroidism ဖြစ်ဖြစ် အထုတ်များတဲ့ Hyperthyroidism ဖြစ်ဖြစ် ရာသီလာတာကို ထိခိုက်ပါတယ်။ ရာသီမမှန်တာအပြင် တခြားလက္ခဏာတွေကတော့
-အကြောင်းရင်းမရှိဘဲ နှုံးနေတာ၊ အားမရှိသလို ခံစားရတာ
-ဆံပင်တွေ ကျွတ်တာ
-အကြောင်းရင်းမရှိဘဲ ဝလာတာ၊ ပိန်လာတာ
-အချိန်တိုင်း ချမ်းနေတာ ဒါမှမဟုတ် ပူနေတာ စတာတွေပဲ ဖြစ်ပါတယ်။
-
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)
PCOS ရှိတဲ့သူတွေက သားဥအိမ်မှာ ရေအိတ်တည်တာတွေ အပြင် ဟော်မုန်း မမျှတတာကြောင့် တခြား ကျန်းမာရေး ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးရဲ့ ၁၀ ရာခိုင်နှုန်းက PCOS ရှိတတ်ပါတယ်။ လက္ခဏာတွေကတော့
-ရာသီမမှန်တာ၊ ထိန်တာ
-ရာသီလာပြန်တော့လည်း နည်းလွန်းတာ၊ များလွန်းတာ
-ဝက်ခြံအထွက်များတာ၊ တင်းတိပ်လို အညိုကွက်တွေ၊ အသားပိုတွေ ထွက်တာ
-အဝလွန်တာ
-ဆံပင်ပါးတာ
-အိပ်ဟောက်ရှူရပ်ရောဂါရှိတာ
-ကိုယ်ဝန်အရခက်တာ
-မျက်နှာ၊ ကျောနဲ့ ပေါင်မှာ အမွေးထူတာ စတာတွေပဲ ဖြစ်ပါတယ်။
-
အစားအသောက် ပြဿနာ
Anorexia လို့ ခေါ်တဲ့ ဝမှာစိုးလို့ အစားမစားတဲ့ ပြဿနာရှိတဲ့သူတွေမှာ ရာသီထိန်တတ်ပါတယ်။ အစားမစားတော့ ပိန်လာပြီး ကိုယ်တွင်းအဆီ နည်းလာတဲ့အတွက် သားဥမကြွေတော့ပါဘူး။
-
သွေးဆုံးခါနီး အချိန်
သွေးဆုံးတယ်လို့ ပြောဖို့အတွက်ဆိုရင် ၁၂လတိတိ ရာသီလုံးဝမလာမှ သွေးဆုံးတယ်လို့ သတ်မှတ်လို့ရတာပါ။ အမေရိကန်မှာတာ့ အမျိုးသမီးတော်တော်များများက ၅၂နှစ်လောက်ဆို သွေးဆုံးပါပြီ။ ပုံမှန်ရာသီလာတာနဲ့ သွေးမဆုံးခင်စပ်ကြားကိုတော့ သွေးဆုံးခါနီး အချိန် perimenopause လို့ ခေါ်ပါတယ်။ သွေးမဆုံးခင် နည်းနည်း ငယ်တဲ့ အရွယ်မှာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့
-ရာသီမမှန်တာ
-ရာသီနည်းတာ ဒါမှမဟုတ် များတာ
-ရင်ပူ ကျောပူထတာ
-အိပ်မပျော်တာ
-စိတ်အပြောင်းအလဲမြန်တာ၊ စိတ်တို စိတ်ဆတ်တာ
-မိန်းမကိုယ်ခြောက်သွေ့တာ
-လိင်စိတ်နည်းပါးတာ စတာတွေပဲ ဖြစ်ပါတယ်။
-
ဆေးစစ်လို့ မပေါ်တာ
တစ်ခါတစ်လေ ကိုယ်ဝန်ရှိနေလို့ ရာသီထိန်နေတာ ဖြစ်ပေမယ့် ဆေးစစ်လို့ မပေါ်တာမျိုးလည်း ရှိပါတယ်။ ဒါကို false negative လို့ ခေါ်ပါတယ်။ ဆီးစစ်ပြီး ကိုယ်ဝန်စစ်တာ မှန်မမှန်ဆိုတာ ဘယ်လိုစစ်တာလဲ၊ ဘယ်အချိန်မှာ စစ်တာလဲဆိုတာပေါ် မူတည်ပါသေးတယ်။ နောက်ပြီး ဆီးစစ်တံမသုံးခင်မှာ အညွှန်းကို သေချာ ဖတ်ပါ။ ဥပမာပြောရရင်
-အစောကြီး စစ်မိတာ
အိမ်သုံးဆီးစစ်တံတွေက ဆီးထဲမှာ hCG ဟော်မုန်း ရှိမရှိကို စစ်တာပါ။ တချို့ဆီးစစ်တံတွေက ရာသီထိန်ထိန်ခြင်း ပထမဆုံးနေ့မှာ စစ်လို့ ပေါ်ပေမယ့် အများစုကတော့ နောက်ကျမှ ပေါ်တာပါ။ ဆိုလိုတာက ရာသီထိန်ထိန်ခြင်း စစ်လို့ နှစ်ကြောင်း မပေါ်ရင် နောက်တစ်ပတ်လောက်နေတဲ့အခါ ထပ်စစ်သင့်ပါတယ်။
-ဟော်မုန်း နည်းနေတာ
ဆီးစစ်တာက မနက်စောစောမှာ အိပ်ရာနိုးနိုးချင်းမှာ စစ်တာ ပိုကောင်းပါတယ်။ အဲ့အချိန်မှာ ဆီးက ပိုနောက်ပြီး ဟော်မုန်း စစ်ရ ပိုလွယ်ပါတယ်။
ရာသီထိန်နေခဲ့ရင်
[embed-health-tool-ovulation]