ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေဖို့
ရေများများသောက်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ လေပွတာကို သက်သာစေဖို့ ရေများများသောက်ပေးဖို့လိုပါမယ်။ ရာသီလာနေစဉ်အတွင်းမှာ တစ်နေ့ကိုရေ ၆ ခွက်ကနေ ၈ ခွက်လောက်အထိသောက်ပေးပါ။ ရာသီလာစဉ်မှာ ဝမ်းသွားတတ်တဲ့ မိန်းကလေးဆိုရင်တော့ ရေဓာတ်ကို ပိုဖြည့်ပေးဖို့လိုပါမယ်။
ဒီအစားအစာတွေမစားပါနဲ့ – ရာသီလာစဉ်မှာ ဗိုက်ပွစေနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုပါမယ်။ အဆီများတဲ့ အစားအစာတွေ၊ အရက်သေစာ၊ အချိုရည်တွေ၊ ကဖင်းဓာတ်နဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။
ဒါတွေစားပေးပါ –ရာသီလာစဉ်မှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးသင့်ပါတယ်။ သင်္ဘောသီး၊ ဆန်လုံးညို၊ သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဖရုံစေ့၊ သံလွင်ဆီ၊ ပန်းဂေါ်ဖီစိမ်း၊ ကြက်သား၊ ငါး၊ အစိမ်းရင့်ရောင်အရွက်တွေ၊ နှမ်းကြတ်စေ့တို့ကို စားသုံးပေးသင့်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ကို စုပ်ယူနိုင်အောင် အထောက်အကူပြုပေးတဲ့ သတ္တုဓာတ်ဖြစ်တဲ့ Boron ရရှိနိုင်တဲ့ ထောပတ်သီး၊ မြေပဲထောပတ်၊ ကုလားပဲ၊ ငှက်ပျောသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ Boron ဓာတ်က ရာသီလာစဉ်နာကျင်ကိုက်ဲမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမယ့် ဆလတ်ရွက်၊ သခွားသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီလိုမျိုး ဘယ်ရီသီးတွေကိုလည်းစားသုံးပေးလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်ရရှိစေနိုင်မယ့် နို့ထွက်ပစ္စည်းတွေ၊ နှမ်း၊ အယ်လ်မွန်သီး နဲ့ အစိမ်းရောင်အသီးတွေစားသုံးပေးသင့်ပါတယ်။
ဒါလေးတွေစားပေးရင်လည်း သက်သာပါတယ် –ရာသီလာစဉ် နာကျင်ကိုက်ခဲနေတဲ့အခါ ချာမိုမိုင်းရေနွေးကြမ်းသောက်တာ၊ ချင်းတစ်ပြားလောက်ကို ရေနွေးထဲစိမ်သောက်တာ၊ စမုန်စေ့ဆီကို သောက်ပေးတာ၊ သစ်ကြံပိုးခေါက်အမှုန့်စားပေးတာတွေ လုပ်လို့ရပါတယ်။ သစ်ကြံပိုးခေါက်က သွေးဆင်းတာကို နည်းစေပြီး ရာသီလာတာကြောင့် နာကျင်ကိုက်ခဲတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပေးပါ – ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါ သိပ်မပြင်းထန်ဘဲ သက်သောင့်သက်သာလုပ်နိုင်မယ့် လေ့ကျင့်ခန်းကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး endorphinဟော်မုန်းထွက်ရှိစေနိုင်တာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ လမ်းဖြည်းဖြည်းလျှောက်ပေးတာမျိုးလုပ်ပေးလည်း ရပါတယ်။
ဝမ်းဗိုက်ပိုင်းကို နှိပ်နယ်ပေးပါ –လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး ဝမ်းဗိုက်အောက်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး သားအိမ်ဆီကို သွေးရောက်ရှိစေနိုင်တာကြောင့် နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။
ရေနွေးအိတ်ကပ်ပေးပါ – ရာသီလာလို့ နာကျင်ကိုက်ခဲတဲ့အခါ နာကျင်ကိုက်ခဲတဲ့ ဝမ်းဗိုက်နေရာကို ရေနွေးအိတ်ကပ်ပေးရင် နာကျင်ကိုက်ခဲတာကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။ တကယ်လို့ ရေနွေးအိတ်မရှိဘူးဆိုရင် ရေနွေးပုလင်း၊ ရေနွေးဝတ်ကပ်ပေးပါ။ အပူက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပေးလည်းရပါတယ်။
ဒီနည်းလေးတွေသုံးပြီး လစဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းလိုက်ကြပါစို့ လေဒီတို့ရေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။