backup og meta

ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ

    လစဉ် ရာသီလာချိန် ရောက်လာမှာကို လေဒီလေး တော်တော်များများ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ရာသီလာချိန်မှာ အစာခြေစနစ်ပြဿနာကို ခံစားရနိုင်သလို အမျိုးမျိုးသော နာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ ဟော်မုန်း ပြောင်းလဲမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ရာသီစက်ဝန်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။  ဒါပေမယ့် ဒီလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတဲ့ အတိုင်းအတာတွေလည်း မတူသလို ဖြေရှင်းနိုင်တဲ့ ပုံစံချင်းလည်း မတူကြပါဘူး။

    ရာသီလာချိန်မှာ နာကျင်တာက ဗိုက်အောက်ဖက်နားနဲ့ နောက်ကျော ခါးတွေမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပါပဲ။ ဒီတစ်ခေါက်မှာတော့ ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

    ရာသီလာချိန်မှာ နာကျင်တာကို သက်သာစေဖို့ဆိုရင် OTC အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်တာ၊ ရေများများ သောက်တာ၊ အာဟာရ ပြည့်ဝမျှတအောင် စားသောက်တာတွေကို လုပ်ဆောင်ဖို့ လိုသလို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးဖို့လည်း လိုပါမယ်။ နောက်တစ်ချက်ကတော့ လေ့ကျင့်ခန်း လုပ်တာက နာကျင်တာကို ထိထိရောက်ရောက် သက်သာစေမယ့် နည်းလမ်းပါ။

    ဘာတွေကများ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြစ်စေတာလဲ!

    လေဒီလေးတိုင်းမှာ မတူတဲ့ ရာသီစက်ဝန်းတွေ ရှိသလို လေဒီလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီလို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုကို အခြေခံကျတဲ့ နာကျင်ကိုက်ခဲမှု နဲ့ တဆင့်ခံ နာကျင်မှုဆိုပြီး ၂ မျိုး ရှိနေပါတယ်။

    အဖြစ်များတာကတော့ အခြေခံကျတဲ့ နာကျင်ကိုက်ခဲမှုပါပဲ။ ဒါက အကြောင်းအရင်း ရေရေရာရာ မရှိဘဲ နာကျင်ကိုက်ခဲမှုကို ခဏခဏ ခံစားနေရတာပါ။ အကြောင်းကတော့ ရာသီစက်ဝန်းကာလမှာ လေဒီလေးတွေရဲ့ ကိုယ်တွင်းမှာ prostaglandins ပမာဏ မြင့်တက်နေတာကြောင့်ပါ။ ဒါက ဟော်မုန်းလိုမျိုး အရာဖြစ်ပြီး သားအိမ်ကို ကျုံ့တာမျိုး ဖြစ်စေနိုင်တာကြောင့် ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရတာပါ။

    ဒီနာကျင်မှုက နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ အနေအထားကနေ အရမ်းပြင်းထန်တဲ့ အနေအထားအထိ ခံစားရနိုင်ပါတယ်။ ဒီခံစားမှုက ရာသီစမလာခင် ရက်တွေကနေ စပြီး ရာသီစလာတဲ့ရက် ကနေ နောက်ထပ် ၁ ရက် ကနေ ၃ ရက်လောက်အထိ ခံစားရနိုင်ပါတယ်။

    နောက်ထပ်နာကျင်မှု တစ်မျိုးဖြစ်တဲ့ တဆင့်ခံ နာကျင်မှုဆိုတာကတော့ အရင်ရှိပြီးသား ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် နာကျင်မှုပါ။

    • သားအိမ်တွင်းထဲက ဆဲလ်များ နေရာလွဲမှားခြင်း [Endometriosis]
    • သားအိမ် အလုံးတည်ခြင်း [Fibroids]
    • နာတာရှည် တင်ပဆုံရောင်ခြင်း [Pelvic inflammatory disease] စတာတွေကြောင့်လည်း ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    ဒီလိုမျိုး ကျန်းမာရေး ပြဿနာကြောင့် ရာသီလာချိန်မှာ ကိုက်ခဲတာကို ခံစားရမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပိုပြင်းထန်လာမှာ ဖြစ်သလို နာကျင်မှုကို ရက်အနည်းငယ်ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။

    ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရနိုင်ပေမယ့် နာကျင်မှုကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဖြစ်မယ်။ ရက်အတော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသပေးဖို့ လိုပါမယ်။

    လေ့ကျင့်ခန်း လုပ်တာက နာကျင်ကိုက်ခဲမှု သက်သာစေသလား!

    ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ အခြားသော လက္ခဏာတွေ ဖြစ်ကြတဲ့ ခြေကုန်လက်ပမ်းကျတာ၊ လေပွတာ၊ စိတ်ခံစားမှု ပြောင်းလဲတာတွေက နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်တဲ့ prostaglandins ပမာဏကို လျော့ကျစေနိုင်တာကြောင့် ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြားသော ဟော်မုန်း ပြောင်းလဲမှုတွေကလည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

    အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်ချိန်မှာ ခန္ဓာကိုယ်က ထွက်လာတဲ့ endorphins နဲ့ endocannabinoids ဟော်မုန်းတွေကလည်း နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက နာကျင်မှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ

    ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    • အေရိုးဗစ် – အသေးစား လေ့လာမှုတစ်ခုအရ သိရတာက တစ်ပတ်ကို ၃ ကြိမ်လောက် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ရတာက ရာသီလာချိန်မှာ နာကျင်မှု သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ၈ ပတ်ကြာပြီးတဲ့နောက်မှာ တိုးတက်မှုကို တွေ့ရမှာပါ။
    • အကြောလျှော့တာ – အကြောလျှော့တာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေနိုင်ပါတယ်။ အကြောဖြေလျှော့ လေ့ကျင့်ခန်း လုပ်ပေးတာက နာကျင်မှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေဖို့ဆိုရင်တော့ အကြောဖြေလျှော့ပေးလို့ ရပါတယ်။
    • လမ်းလျှောက်တာ – လမ်းလျှောက်တာက ကျန်းမာရေးကို ကောင်းစေသလို ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ ပုံမှန် လမ်းလျှောက်ပေးတာက ရာသီအကြိုလက္ခဏာကို သက်သာစေနိုင်သလို သွေးလည်ပတ်မှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
    • ရေကူးတာ – ရေကူးတာက အဆစ်တွေကို နာကျင်မှု ပြေလျော့စေသလို ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၁ နာရီ ကနေ ၃ နာရီလောက် ရေကူးပေးတာကို ၁၂ ပတ် ကြာလုပ်ပေးမယ်ဆိုရင် ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမှာပါ။
    • ယောဂ – ယောဂ လုပ်တာက အကြောတွေကို ပြေလျော့စေသလို သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ ယောဂ လုပ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ကို ပြင်းပြင်းလေး ရှူရင်း အကြောတွေကို ပြေလျော့စေမယ့် ယောဂလေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement