backup og meta

ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 13/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့

    ရာသီလာချိန်မှာ ပင်ပန်းတာ၊ ခြေကုန်လက်ပမ်းကျတာကို လေဒီလေးတော်တော်များများ ခံစားဖူးမှာပါ။ ဒီအခြေအနေက ပုံမှန်အားဖြင့်ကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါ။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်တာ၊ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု အလေ့အထတွေ၊ အိပ်ရေးပျက်တာ နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရာသီမလာခင် ရက်တွေနဲ့ ရာသီလာနေချိန်တွေမှာ ပင်ပန်းမှုကို ခံစားရတာပါ။

    ဒါပေမယ့် ရာသီလာချိန်မှာ ပင်ပန်းတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကျန်းမာရေး အချက်ပြလက္ခဏာဖြစ်နေတတ်တာကြောင့် ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့ လို့ ပြောရတာပါ။ ရာသီလာချိန်မှာ သွေးဆင်းများတာနဲ့အတူ ပင်ပန်းတာကို ခံစားရတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ ဒါကြောင့် ရာသီလာချိန်မှာ သွေးဆင်းများမယ် အရမ်းပင်ပန်းတာမျိုး ဖြစ်မယ်ဆိုရင် အမှုမဲh အမှတ်မဲ့ မထားလိုက်ပါနဲ့ လေဒီလေးတို့ရေ ….. ဘာကြောင့် ဒီလို ခံစားရတာသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ရာသီလာချိန်မှာ ပင်ပန်းတာကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ သွေးဆင်းများတာပါ။ ဒီတော့ ဘယ်လို အခြေအနေဆိုရင် သွေးဆင်းများတယ်လို့ ပြောနိုင်မလဲဆိုတာကို အရင်ဆုံး ကြည့်လိုက်စို့နော်။

    သွေးဆင်းများနေတာလား

    ရာသီလာချိန်မှာ သွေးဆင်းတဲ့ ပမာဏက လေဒီလေး တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် အခုလို အခြေအနေဆိုရင်တော့ သွေးဆင်းများနေတာလို့ သတ်မှတ်ရမှာပါ။

    • တစ်နာရီကို လစဉ်သုံး တစ်ခုလောက် ကုန်နေတာ
    • လစဉ်သုံးနဲ့ tampon ကို အတူတူ သုံးနေရတာ
    • ညဘက်တွေမှာ လစဉ်သုံး လဲလှယ်ဖို့ ထရတာ
    • တစ်ပတ်ကျော်တဲ့အထိ သွေးဆင်းနေတာ
    • သွေးခဲကြီးကြီးတွေပါ ဆင်းနေတာ
    • နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာတာမျိုးပါ။

    ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့

    ရာသီသွေးဆင်းတဲ့အခါ အမျိုးသမီး တော်တော်များများက ပင်ပန်းတတ်ကြပါတယ်။ ဒါ့ပြင် ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း ပမာဏ ကျဆင်းသွားတာကြောင့်လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ တဖြည်းဖြည်း ပြန်တက်လာချိန်မှာတော့ ပင်ပန်းမှုတွေဟာလည်း တဖြည်းဖြည်း သက်သာလာမှာပါ။

    ဒါပေမယ့် ရာသီလာတဲ့ ရက်ကတည်း ရှည်နေမယ် (တစ်ပတ်ထက် ကျော်နေတာမျိုးပါ)၊ သွေးဆင်းတာကလည်း သိသိသာသာများနေမယ်၊ ရာသီလာတာကြောင့် ပင်ပန်းမှုကို ခံစားရတာကလည်း အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်။ ပိုဆိုးလာမယ်ဆိုရင်တော့ ဒါက ပုံမှန်ဆိုတဲ့ အခြေအနေကို ကျော်လွန်နေတာပါ။

    ဒီလို အခြေအနေတွေက ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရပြီလို့ ဖော်ပြနေတာ ဖြစ်တာကြောင့် လျစ်လျူမရှုဖို့ ပြောရတာပါ။ ရာသီလာချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းစေတဲ့ အကြောင်းအရင်းတွေကတော့

    • ရာသီအကြို လက္ခဏာ

    ရာသီမလာခင်ရက်တွေမှာ အိပ်ရေးမဝသလို ပင်ပန်းနေသလို ခံစားရပါတယ်။ ဒါက ရာသီလာတော့မယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာပါ။ ဒီလို ပင်ပန်းတာက ရာသီမလာခင်ရက်တွေနဲ့ ရာသီလာနေချိန် ရက်အနည်းငယ်အထိ ကြာနိုင်ပေမယ့် နောက်ပိုင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့်  ရာသီမလာခင်မှာ ပင်ပန်းတာက ရာသီလာနေပေမယ့် မသက်သာသွားဘဲ ပိုပြင်းထန်လာမယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။

    • သံဓာတ်အားနည်းလို့ သွေးအားနည်းတာ

    ရာသီလာချိန်မှာ သွေးဆုံးရှုံးတာကြောင့် သံဓာတ်ချို့တဲ့တာကို ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာကို ခံစားရတဲ့အခါ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ နှလုံးခုန် မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အရမ်းပင်ပန်းနေတယ်ဆိုရင် သွေးထဲက သွေးနီဥဆဲလ် ပမာဏ စစ်ဆေးတာလိုမျိုး လုပ်ဆောင်ပြီး လိုအပ်ရင် သံဓာတ် အားဖြည့်ဆေးသောက်တာမျိုး လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။

  • သိုင်းရွိုက်ပြဿနာ ရှိတာ
  • အချို့သော လေဒီလေးတွေမှာ သိုင်းရွိုက်က အလုပ်လုပ်ဆောင်မှု နည်းတာ၊ သိုင်းရွိုက်ဟော်မုန်း လုံလုံလောက်လောက် မထုတ်တာကြောင့် တစ်ချိန်လုံး အိပ်ငိုက်နေတာ၊ ရာသီလာချိန်မှာ အရမ်းပင်ပန်းတာမျိုးကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အဝလွန်တာ၊ စိတ်ဓာတ်ကျတာတွေကိုပါ ခံစားရနိုင်ပါတယ်။

    ဆန့်ကျင်ဘက်အနေနဲ့ ဖြစ်နိုင်တာ တစ်ခုကတော့ သိုင်းရွိုက်က အလုပ်အရမ်းလုပ်ပြီး သိုက်းရွိုက်ဟော်မုန်းတွေ အလွန်အကျွံ့ ထုတ်နေချိန်မှာလည်း ရယသီလာချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အရမ်းပင်ပန်းနေမယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်း စစ်ဆေးတာမျိုး ခံယူတာကလည်း နည်းလမ်းကောင်းပါ။

    စကားလက်ဆောင်

    ရာသီလာချိန်မှာ ပင်ပန်းတာကို လေဒီလေးတိုင်း ခံစားရနိုင်ပြီး အရမ်းမပြင်းထန်ဘူးဆိုရင် သက်သာစေဖို့ ရေများများ သောက်ပေးတာ၊ အိပ်ရေးဝဝအိပ်ပေးတာ၊ တစ်ညကို ၈ နာရီထက်မနည်းတဲ့ အိပ်ချိန် ထားရှိတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 13/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement