၈၀ ရာခိုင်နှုန်းသော လေဒီလေးတွေ ခံစားရလေ့ရှိတဲ့ ရာသီအကြို လက္ခဏာတွေက
လေဒီ အများစုက ရာသီအကြိုလက္ခဏာ အနေနဲ့ တစ်ခုခုကို မရမနေ စားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ အချိုကဲတာကိုမှာ စားချင်တာ၊ ချဉ်ချဉ်စပ်စပ်ပဲ စားချင်တာ၊ လက်ဖက်ကိုမှ စားချင်တယ် ဆိုတာမျိုးပါ။ တစ်ယောက် နဲ့ တစ်ယောက် မတူသလို တစ်လနဲ့ တစ်လမှာလည်း မတူနိုင်ပါဘူး။
ရာသီလာခါနီးမှာ ဝက်ခြံတွေက အစုလိုက်ကို ထွက်တာပါ။ ဒါကတော့ ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲကြောင့် အခုလို ဝက်ခြံတွေ ထွက်လာရတာပါ။ မကုတ်မဖဲ့ဘဲ ထားလိုက်မယ်ဆိုရင် ရာသီရက် ပြီးတဲ့အခါ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။
ရင်သားတွေ တင်းနာ၊ ရင်သားထိပ်တွေ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကတော့ ကိုယ်တွင်းမှာ prolactin ဟော်မုန်း များနေတာကြောင့်ပါ။ ဒါကြောင့် သက်သာစေဖို့ဆိုရင် ရေနွေးဝတ် ကပ်ပေးလို့ရပါတယ်။ ဒါပေမယ့် ရာသီသွေး ဆင်းတဲ့အခါ သူ့အလိုလို သက်သာသွား ပါလိမ့်မယ်။
အိပ်လို့လည်း မပျော်ဘူး။ ခန္ဓာကိုယ်မှာလည်း အားမရှိသလို ပင်ပန်းနေတယ်ဆိုရင် ရာသီ လာခါနီးမှာ ဖြစ်လေ့ရှိတဲ့ ကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲကြောင့် အိပ်စက်မှုကို အဟန့်အတား ဖြစ်စေပြီး ပင်ပန်းနေသလို ခံစားရတာပါ။
ဗိုက် အထူးသဖြင့် ဆီးစပ်က တဆစ်ဆစ်ကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အချို့က ရာသီ မလာခင် ၁ ပတ် ၂ ပတ် လောက်မှာကတည်းက ခံစားရလေ့ရှိပြီး အချို့က ရာသီသွေး စဆင်းချိန်မှာ ခံစားရတတ်ပါတယ်။ ရာသီသွေး ဆင်းနေချိန် ၂ ရက် ၃ ရက်လောက်အထိ ခံစားရနိုင်ပါတယ်။
ရာသီမလာခင်ရက်တွေမှာ လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ စတာတွေကို မရမနေ စားချင်မိခဲ့မယ် ဆိုရင်တော့ ရာသီအကြိုလက္ခဏာ အနေနဲ့ ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ချဉ်ချဉ်စပ်စပ်ကိုမှ စားချင်နေတာဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။
ဟော်မုန်း အပြောင်းအလဲနဲ့ ကိုယ်တွင်းမှာ ရေပမာဏ များနေတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကင်းချင်ရင်တော့ ဆား လျှော့စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။
ခေါင်းကိုက်ရတာက ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းပမာဏ များလာတာကြောင့်ပါ။ ဒီလို ကိုယ်တွင်းမှာ ရာသီမလာခင် ကာလမှာ အက်စထရိုဂျင် ဟော်မုန်း မြင့်တက်မှုက ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။
ကိုယ်တွင်းမှာ ဟော်မုန်းတွေ အပြောင်းအလဲ မြန်ဆန်လှတဲ့ ဒီကာလမှာ စိတ် အပြောင်းအလဲ မြန်တာကလည်း လေဒီလေး တော်တော်များများ ခံစားရနိုင်မယ့် ရာသီအကြိုလက္ခဏာ တစ်ရပ်ပါ။ စိတ်ဓာတ်ကျတာ၊ စိတ်ထိခိုက်လွယ်တာ၊ ဒေါသဖြစ်လွယ်တာတွေကိုပါ ခံစားရနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
9 Signs Your Period is Coming https://www.webmd.com/women/pms/signs-your-period-is-coming Accessed Date 30 June 2020
Premenstrual Syndrome (PMS): Track and Prevent Symptoms https://www.medicinenet.com/premenstrual_syndrome_pictures_slideshow/article.htm Accessed Date 30 June 2020
ယခုပုံစံ
08/08/2022
Aye Thi Mon မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။