backup og meta

စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ

    စိတ်ဓာတ်ကျတယ်၊ စိတ်ဓာတ်ကျတယ်လို့ လူတိုင်းပြောတတ်ကြတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာက အရာရာဆုံးရှုံးလိုက်ရပြီဆိုတဲ့ အတွေးမျိုး စိတ်ထဲမှာ ခံစားမိပြီး စိတ်ရောကိုယ်ပါ ထိခိုက်ခံစားရတာမျိုးပါ။

    Depression လို့ခေါ်ဆိုတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာက လူအများအပြားမှာ ဖြစ်နိုင်ခြေရှိပြီးတော့ တချို့တွေအတွက်က ယာယီအားဖြင့်သာဖြစ်ပေမယ့် တချို့တွေအတွက်ကတော့ တကယ့် ကျန်းမာရေးပြဿနာကြီးဖြစ်ပါတယ်။

    Depression စနစ်တကျကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။ စိတ်ခံစားချက်သက်သက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး လူတွေအကြားမှာရှိနေတဲ့ ယုံတမ်းစကားတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ဒီအချက်တွေဟာ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။

    မှားယွင်းနေသည့် ယုံတမ်းများ

    • Myth: အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ် – စိတ်ဓာတ်ကျတာက လူ ၆ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တဲ့ ရောဂါမျိုးပါ။ အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ်ဆိုတာက တစ်ဝက်ပဲမှန်တဲ့ အချက်အလက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ အလုပ်အများကြီးလုပ်ရရင် စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာလည်း အလုပ်လုပ်နေရတာက စိတ်သက်သာစရာ ဖြစ်နေတတ်တာမျိုးကိုလည်း မမေ့သင့်ပါဘူး။
    • Myth: တကယ့်ရောဂါမဟုတ်ဘူး – စိတ်ဓာတ်ကျတာက တကယ့် ကျန်းမာရေးပြဿနာကြီးသာဖြစ်ပါတယ်။ ရောဂါမဟုတ်ဘူး၊ စိတ်ခံစားချက်သက်သက်ဆိုတာကြီးက မှားပါတယ်။
    • Myth: စိတ်ဓာတ်ကျတာက သနားစရာကောင်းတယ် – နိုင်ငံတိုင်းက ယဉ်ကျေးမှုနဲ့ ဓလေ့တွေမှာ စိတ်ဓာတ်ကျတာကို အခြေအနေပိုဆိုးသွားစေနိုင်တဲ့ ယူဆချက်တွေ ရှိနေတတ်ပါတယ်။ ခုလို စိတ်ဓာတ်ကျနေသူတစ်ယောက်ကို သနားစရာသတ္တဝါတစ်မျိုးအဖြစ် ရှုမြင်တာမျိုးပေါ့။
    • Myth: တစ်သက်လုံး ဆေးသောက်ရတော့မယ် – စိတ်ဓာတ်ကျဆင်းမှုအတွက် ဆေးခန်းပြတာဟာ ဆေးဝါးတောင်းဆိုဖို့အတွက် မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးပညာရှင်တွေကလည်း အမြဲဆေးတွေပေးနေမှာ မဟုတ်ပါဘူး။ ဒီပြဿနာက စိတ်ကုထုံးတွေနဲ့ ကုသရတာများပါတယ်။
    • Myth: စိတ်ဓာတ်ကျရင် အမြဲငိုနေတော့တာပဲ – အရမ်းစိတ်ဓာတ်ကျတဲ့လူတွေဟာ မကြာခဏ ငိုကြွေးတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပဲ အလိုအလျောက် ငိုကြွေးစေတဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိနေပါသေးတယ်။
    • Myth: စိတ်ဓာတ်ကျတာဟာ အိုမင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း – လူတစ်ချို့က စိတ်ဓာတ်ကျတာက အိုမင်းရင့်ရော်လာတာရဲ့ နိမိတ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တမ်းမှာက စိတ်ဓာတ်ကျခြင်းကို လူငယ်တွေလည်း ခံစားရလေ့ရှိပါတယ်။
    • Myth: အကြံပေးရင် ပိုဆိုးစေတယ် – စကားတွေ အများကြီးပြောရင် အမှားတွေပါတတ်ပြီး တစ်ဖက်လူကို စိတ်ဓာတ်ပိုကျသွားစေနိုင်တယ်ဆိုတာကလည်း မှားယွင်းပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျနေတဲ့လူတွေ့ရင် စကားတွေပြောပေးပြီး သူ့ကို အားပေးရမှာပါ။
    • Myth: ကလေးတွေ မပျော်တာ သဘာဝကြောင့် – တချို့ကလေးတွေဟာ မပျော်မရွှင်ဖြစ်နေတတ်ပေမယ့် မိဘတွေ လူကြီးတွေက စိတ်ဓာတ်ကျနေတာလို့ မတွေးမိတတ်ပါဘူး။ သဘာဝအတိုင်း လူငယ်ကိစ္စတွေကြောင့် စိတ်ညစ်နေရုံလို့ ခပ်လွယ်လွယ် တွေးလိုက်ကြပါတယ်။ တကယ်တော့ စိတ်ဓာတ်ကျနေတာဖြစ်နိုင်ပါတယ်။
    • Myth: စိတ်ဓာတ်ကျရင် ကုရခက်တယ် – စိတ်ဓာတ်ကျတာကို ကုစားလို့ရပါတယ်။ National Institute of Mental Health ရဲ့ ဖော်ပြချက်အရ စိတ်ဓာတ်ကျတဲ့ လက္ခဏာပြသတဲ့ လူနာ ၇၀% လောက်ဟာ ကုသပျောက်ကင်းသွားကြပါတယ်တဲ့။

    အမှန်သော အချက်အလက်များ

  • Fact: စိတ်ဓာတ်ကျတာကို ဖော်ထုတ်ရခက်တယ် – ရေဒါထဲမှာ ကိုယ်ပျောက်တိုက်လေယာဉ် ရောက်နေသလိုပါပဲ။ တစ်ခါတစ်လေမှာ စိတ်ဓာတ်ကျတာကို ဖော်ထုတ်ရ ခက်ခဲပါတယ်။ အနီးကပ်လူတွေတောင် မသိနိုင်ပဲ ကြိတ်ပြီး စိတ်ဓာတ်ကျနေတာမျိုးဖြစ်နေနိုင်ပါတယ်။
  • Fact: လူတိုင်း စိတ်ဓာတ်ကျနိုင်တယ် – တကယ်ပါ။ လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ဖို့ အသက်အရွယ်၊ လူမျိုး၊ ဘာသာ ဘာမှခြားနားချက်မရှိပါဘူး။ ဒီဝေဒနာက အမျိုးသမီးတွေမှာဖြစ်နိုင်ခြေ ၂ ဆ များပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဖြစ်ရင် ပိုထိခိုက်တတ်ကြပါတယ်။
  • Fact: အချိန်ယူရမယ် – ကုသရာ အချိန်ယူဖို့ လိုအပ်ပါတယ်။ အပျက်အကွက်မရှိလည်း ကုသဖို့ လိုအပ်ပါတယ်။ အနည်းဆုံး အချိန် ၄-၆ ပတ်လောက်အထိ ဆက်တိုက်မပျက်မကွက်ကုသရတာမျိုးပါ။
  • Fact: မိသားစုဆိုတာ သမိုင်း၊ ကံကြမ္မာမဟုတ်ဘူး – မိသားစုထဲမှ စိတ်ဓာတ်ကျတတ်သူ တစ်ယောက်ပါလာရင် မျိုးရိုးလိုက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဒီအတွက်ကြောင့် သင် Depression ဖြစ်လိမ့်မယ်လို့ တစ်ထစ်ချယူဆလို့မရပါဘူး။ ဖြစ်ခြင်းမဖြစ်ခြင်းဟာ နေထိုင်မှုပုံစံနဲ့သာ ပိုမိုသက်ဆိုင်ပါတယ်။
  • Fact: စိတ်ဓာတ်ကျတာဟာ Dementia နဲ့ ဆက်စပ်နေတယ် – မှန်ကန်တဲ့ အချက်တစ်ချက်ပါ။ စိတ်ဓာတ်ကျသူတွေဟာ မှတ်ဉာဏ်ပြသဿနာတွေ၊ စိတ်ရှုပ်ထွေးတာတွေ၊ အမြင်မှားတာတွေဖြစ်လေ့ဖြစ်ထရှိတာမို့ Dementia ဖြစ်နိုင်ခြေများပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာပါ။
  • Fact: အပြုသဘောဆန်ဆန်တွေးရင် သက်သာစေတယ် – ဒီအချက်ဟာလည်း အသုံးတည့်တဲ့အချက်ဖြစ်ပါတယ်။ ကောင်းတွေ၊ အပြုသဘောဆန်တာတွေတွေးတာက စိတ်ဓာတ်ကျတာကို သက်သာစေဖို့ အကူအညီဖြစ်ပါတယ်။
  • Fact: အမြဲတမ်း စိတ်ဓာတ်မကျဘူး – ဘယ်သူမှ အမြဲတမ်း စိတ်ဓာတ်ကျမနေပါဘူး။ စိတ်ပျက်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ဆုံးရှုံးမှုတွေ၊ ကြုံမှသာ စိတ်ဓာတ်ကျတာဖြစ်ပါတယ်။
  • Fact: လေ့ကျင့်ခန်းလုပ်တာက ရောဂါသက်သာစေတယ် – ဟုတ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက စိတ်ဓာတ်ကျတာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး လူကိုလည်း ကျန်းမာစေပါတယ်။
  • Fact: နေ့ကောင်းရက်သာတွေ လာဦးမယ်လို့ မျှော်လင့်ချက်ထားပါ – ဒီနည်းလမ်းဟာလည်း စိတ်ဓာတ်ကျနေသူတွေအတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုဆိုတာ အမှန်ပါပဲ။ ကုသမှုတွေကို ထိရောက်စေသလို စိတ်ဓာတ်ကျတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement