backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း

သားအိမ်ခေါင်းမှာ အလုံး (အသားပို)ဖြစ်ခြင်း ဆိုတာက အမျိုးသမီးရောဂါတစ်ခု ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာပါ ပြဿနာပေးနိုင်ပါတယ်။

သားအိမ်ခေါင်းတွင် အသားပို ဖြစ်တယ် ဆိုတာ ဘာလဲ

သားအိမ်ခေါင်းမှာ ကင်ဆာမဟုတ်တဲ့ အကြိတ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လိုက်ရင်တော့ သားအိမ်အထက်ပိုင်းမှာ အလုံးအကြိတ်ဖြစ်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလုံးအကြိတ်က ကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်မယ်၊ မွေးလမ်းကြောင်းထဲကို ထိုးထွက်လာနိုင်ပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ သင့်အနေနဲ့သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ

သင့်မှာ သားအိမ်ခေါင်းအကြိတ်ဖြစ်တာမျိုး ရှိရင်တော့

  • မွေးလမ်းကြောင်းက သွေးအများကြီးဆင်းတာ၊ မူမမှန်သွေးဆင်းတာ
  • အဲဒီလိုသွေးဆင်းရာကတစ်ဆင့် သွေးအားနည်းတာ၊ မောပန်းတာ၊ အားနည်းလာတာ
  • လိင်ဆက်ဆံတဲ့အခါ နာကျင်တာ
  • ဗိုက်မှာ တခုခုဖိနေသလို၊ အလုံးတည်နေသလို ခံစားရတာ
  • ဆီးသွားရခက်တာ၊ ဆီးသွားပြီးရင် တစ်စက်စက်နဲ့ ကျနေတာ၊ ဆီးထိန်းရခက်တာ
  • ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ

  • တင်ပါးဆုံပိုင်း စမ်းသပ်စစ်ဆေးခြင်း

ဒီရောဂါကို သိနိုင်တဲ့ ပုံမှန်စစ်ဆေးမှု ဖြစ်ပါတယ်။ အကြိတ်က အပြင်ကို ထွက်နေရင်တော့ အဲဒီစစ်ဆေးမှုကတစ်ဆင့် ဆရာဝန်က သင့်မှာ အကြိတ်ရှိမရှိ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ထွက်မနေဘူးဆိုလည်း တိုက်ရိုက်တော့ စမ်းလို့ရမှာ မဟုတ်ပေမယ့် သင့်သားအိမ်နဲ့ သားအိမ်ခေါင်းအရွယ်အစား၊ ပုံသဏ္ဍာန်စတာတွေကိုတော့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

  • မွေးလမ်းကြောင်းကတစ်ဆင့် အာထရာရ်ဆောင်း ရိုက်ခြင်း

အာထရာရ်ဆောင်းရိုက်လို့ရတဲ့ ကိရိယာကို မွေးလမ်းကြောင်းတစ်လျှောက် ထည့်သွင်းပြီး စစ်ဆေးတာပါ။ ဒီနည်းလမ်းကတစ်ဆင့် ဆရာဝန်က ပုံမမှန်ဖြစ်နေတဲ့နေရာတွေကို သိနိုင်ပါတယ်။

အဲဒီအပြင် သွေးအားနည်းမှုရှိမရှိ စစ်ဆေးခြင်း၊ သားအိမ်ခေါင်းကင်ဆာ ရှိမရှိ သိနိုင်ဖို့ ချွဲယူစစ်ဆေးမှုတို့ကိုလည်း လုပ်နိုင်ပါတယ်။

ဘယ်လိုကုသလို့ရနိုင်မလဲ

တကယ်လို့ အလုံးအကြိတ်က သေးတယ်၊ သင့်အနေနဲ့ ဘာမှခံစားမနေရဘူးဆိုရင် သင့်ကို ဘာကုသမှုမှ ပေးမှာမဟုတ်ပါဘူး။

တကယ်လို့ အကြိတ်က မွေးလမ်းကြောင်းဆီ ထွက်လာတယ်ဆိုရင် သင့်ဆရာဝန်က ကိရိယာလေးတစ်ခုနဲ့ အဲဒီအပိုင်းကို ဖြတ်တောက်ပါလိမ့်မယ်။

တကယ်လို့များ ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်လာရင်တော့ သင့်အနေနဲ့ ခွဲစိတ်မှုခံယူရပါလိမ့်မယ်။ အဲဒီလိုခွဲစိတ်ပြီးရင်လည်း သင့်အနေနဲ့ ကလေးယူလို့ရပါသေးတယ်။

တအားကို အကြိတ်ကကြီးနေရင်တော့ ဆရာဝန်က သင့်သားအိမ်တစ်ခုလုံးကို ဖယ်ရှားဖို့အထိ လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဒီရောဂါဟာ စောစောစီးစီးမသိလို့ ကုသမှုမခံယူလိုက်ရရင် နောက်ဆက်တွဲပြဿနာတွေ ပေးနိုင်ပါတယ်။ သင့်ရဲ့မိခင်ဘဝကို အပြီးအပိုင် ဆုံးရှုံးလိုက်ရနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် သတိထားစောင့်ကြည့်ပါ။ မသင်္ကာစရာ လက္ခဏာတွေ တွေ့ရတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement