ဆီးက ခန္ဓာကိုယ် ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။
ဆီးက ပြောပြနေတဲ့ ကျန်းမာရေး
ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ဆိုးကင်းနေရမှာပါ။ ဒါ့အပြင် ဆီးသွားရခက်နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။
ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ် ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ကာလသားရောဂါလိုမျိုး လိင်ကတဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။
- ဆီးက ချိုတဲ့ အနံ့ထွက်နေမယ်
ဆီးသွားတဲ့အခါတိုင်း ဆီးက ချိုအီတဲ့အနံ့မျိုး ဖြစ်နေမယ်ဆိုရင် သွေးချိုစစ်ကြည့်ဖို့လိုနေပါပြီ။ အကြောင်းကတော့ ဆီးချိုရောဂါကြောင့် ကီတုန်းတွေ များပြီး ဆီးချိုဆိပ်တက်တဲ့အခါ ဒီလိုအနံ့ထွက်တ်ပါတယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေးသွားပြကြည့်ဖို့ ပြောပါရစေ။
- ဆီးက အရောင်နောက်နေမယ်
ဆီးအရောင်က ကြည်မနေဘဲ နောက်ကျိကျိဖြစ်နေမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းတလျှောက်မှာ ပိုးဝင်ကူးစက်ခံနေရတာပါ။ ရေများများသောက်တာ၊ လိုအပ်တဲ့ ကုသမှုကို ခံယူတာမျိုးလုပ်ဖို့ လိုပါမယ်။
- ဆီးက ပန်းရောင်သန်းနေမယ်
ဆီးသွားတဲ့အခါ ဆီးကပန်းရောင်သန်းနေမယ်ဆိုရင် ဒါမှမဟုတ် ဆီးက သွေးရောင်ခပ်ဖျော့ဖျော့ဖြစ်နေမယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်သလို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါမယ်။
- ဆီးက အနံ့အရမ်းပြင်းနေမယ်
ဆီးက အပေါ်မှာပြောခဲ့သလို ချိုတဲ့အနံ့ဖြစ်နေတာမျိုးမဟုတ်ဘဲ အနံ့က ဆိုးနေမယ်ဆိုရင်တော့ ဆီးအိမ်မှာ ပိုးဝင်ကူးစက်နေပါပြီ။ တကယ်လို့ ဆီးအနံ့က အရမ်းပြင်းနေပြီ ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။
- ဆီးထဲ သွေးပါနေမယ်
ဆီးသွားတဲ့အခါတိုင်း နာနေမယ်။ ဆီးသွားရခက်နေမယ်။ ဆီးမှာလည်း သွေးပါနေမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်နေတာ ဒါမှမဟုတ် ဆီးကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ ဆီးက အနီရောင် ဒါမှမဟုတ် နီညိုရောင်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးပါ။
- ဆီးသွားတိုင်း ဆီးကျန်နေတယ်လို့ ခံစားရတယ်
ဆီးသွားပြီးတိုင်း ဆီးကျန်နေသေးတယ်လို့ ခံစားနေရတယ်ဆိုရင် ဆီးအိမ်နံရံ နဲ့ ဆီးလမ်းကြောင်းနံရံတွေ ရောင်ရမ်းနေတာ၊ ဆီးကျိတ်ကြီးနေတာ၊ ဆီးလမ်းကြောင်းက တစ်ခုခုနဲ့ ပိနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဖြစ်နိုင်ပါတယ်။
ဆီးက ပုံမှန်ဆိုရင် ရေလိုကြည်ကြည်လေး ဒါမှမဟုတ် ဝါဖန့်ဖန့်လေး ဖြစ်ရပါမယ်။ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေတာပါ။ သတိထားပြီး ရေသောက်ပေးပါ။ ကျန်းမာတဲ့လူတစ်ယောက် အနေနဲ့ ၂နာရီခြားတစ်ခါ ဆီးသွားတာက ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ အပေါ်မှာ ပြောခဲ့သလို တစ်ခုခုဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြစေချင်ပါတယ်။
[embed-health-tool-bmi]