backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

 ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား

ဘယ်လိုအခြေအနေတွေမှာ ဆီးထဲအချိုဓာတ် ပါဝင်တတ်သလဲ ဆိုတာနဲ့ ဒီလိုဖြစ်ရင် သတိထားရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

 ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား

ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆိုတော့ ပုံမှန်ဆိုရင် ကိုယ်တွင်းက အချိုဓာတ်တွေကို ကျောက်ကပ်ကတဆင့် စစ်ထုတ်ပစ်လိုက်တဲ့အတွက် ဆီးထဲမှာ အချိုဓာတ် (သကြားဓာတ်) မပါပါဘူး။ ဆီးထဲမှာ အချိုဓာတ် ပါဝင်လာတာကို ဆေးပညာအရ glycosuria လို့ခေါ်ပါတယ်။ glycosuria ဖြစ်စေတဲ့အချက် အဓိက ၃ ချက်ရှိတယ်။ ဒါတွေကတော့

၁။ဆီးချိုရောဂါ

သူ့ကြောင့်အဖြစ်အများဆုံးပါ။ ဆီးချိုရောဂါရှိနေရင် ကိုယ်ထဲကနေ အင်ဆူလင်ဓာတ်မထုတ် လုပ်နိုင်တော့ပါဘူး။ ထုတ်နိုင်သေးရင်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဓာတ် အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်လာပါတယ်။ သွေးတွင်းသကြားဓာတ် တအားမြင့်တက်လာပြီး ကျောက်ကပ်ကတောင် စစ်မထုတ်နိုင်တော့တဲ့အခါမှာတော့ ဆီးထဲမှာပါ အချိုဓာတ်တွေ ပါဝင်လာပါတော့တယ်။

၂။ကျောက်ကပ်ရောဂါ

တချို့သူတွေကျ သွေးတွင်းသကြားဓာတ် မမြင့်သလို ဆီးချိုရောဂါလည်း မရှိပေမယ့် ဆီးထဲအချိုဓာတ် ပါနေတတ်ပါတယ်။ ဒါကတော့ မွေးရာပါ ကျောက်ကပ်ရောဂါနဲ့ တခြား ကျောက်ကပ်ရောဂါ တစ်ခုခုကြောင့် သွေးတွင်းအချိုဓာတ်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တော့တဲ့အခါမျိုးမှာ ကြုံရတတ်ပါတယ်။

၃။ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ရှိချိန်မှာ သွေးပေါင်ချိန်ရော၊ သွေးတွင်းအချိုဓာတ်ပါ ပုံမှန်ထက် များလာပါတယ်။ အမျိုးသမီးတိုင်း မဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်တချို့ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ် ပါတာမျိုး ကြုံရတတ်ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ကိုယ်တွင်းအချိုဓာတ်တွေ ပိုစွန့်ပစ်နိုင်အောင် အားပေးလို့ဖြစ်ပြီး ဒါကိုရောဂါလို့ သတ်မှတ်ဖို့တော့ ခက်ခဲပါတယ်။ ရောဂါတစ်ခုခုကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ထပ်ပြီးအတည်ပြုဖို့လိုပါတယ်။ များသောအားဖြင့် ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

ဆီးထဲအချိုဓာတ် ပါတာက အရေးပေါ်ကုသဖို့လိုတဲ့ အခြေအနေတစ်ခုလား

ဆီးထဲအချိုဓာတ် ပါတာက အရေးပေါ်ကုသဖို့လိုတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ လက္ခဏာလည်း သိသိသာသာမပြတတ်တဲ့အတွက် လူအတော်များများက ဆီးထဲအချိုဓာတ် ပါနေတာကို သိတောင်မသိကြပါဘူး။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုလုပ်ရင်း ဒါမှမဟုတ် တခြားရောဂါအတွက် စစ်ဆေးရင်းနဲ့ အမှတ်မထင်တွေ့ရှိတာမျိုးပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆီးထဲအချိုဓာတ် ပါတာကို မကုသဘဲ ထားလိုက်ရင်တော့ ဒီလိုလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။

–             ရေဓာတ်ခမ်းခြောက်သလို ခံစားရခြင်း၊ ရေအလွန်အမင်း ဆာနေခြင်း

–             ဗိုက်အလွန်အမင်း ဆာခြင်း

–             ဆီးခဏခဏသွားခြင်း

–             ဆီးမထိန်းနိုင်ဖြစ်ခြင်း

တကယ်လို့ ဆီးချိုရောဂါကြောင့် ဆီးထဲအချိုဓာတ် ပါနေတာဆိုရင်တော့

–             ရုတ်တရက်ပိန်ကျသွားခြင်း

–             ပင်ပန်းနွမ်းနယ်နေခြင်း

–             အမြင်အာရုံအားနည်းလာခြင်း

–             အနာကျက်နှေးသွားခြင်း

–             လည်ပင်းနဲ့ ချိုင်း(ဂျိုင်း)လို နေရာတွေမှာ အသားမည်းလာခြင်း စတဲ့လက္ခဏာတွေပါ တွဲဖြစ်လာနိုင်ပါတယ်။

ဆီးထဲအချိုဓာတ် ပါခြင်းက အောက်ခံ ရောဂါတစ်ခုခုကြောင့် ပေါ်လာတဲ့ လက္ခဏာတစ်ခု ဖြစ်တာကြောင့် သီးသန့်ကုသနည်းစနစ် မရှိပါဘူး။ အချိုဓာတ် ဘာကြောင့် ပါရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့က ပိုအဓိက ကျပါတယ်။ ဆီးချိုရှိလို့ ဖြစ်တာဆိုရင် ဆီးချိုရောဂါကို အဓိက ထားပြီး ကုသရမယ်၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ ပြဿနာဆိုရင် ကျောက်ကပ်ကို အဓိက ထားမယ်၊ ဒါမျိုးပုံစံနဲ့ သွားပါတယ်။

ဆီးထဲအချိုဓာတ် ပါတာ မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းလည်း မရှိပါဘူး။ အချိုအစိမ့်တွေ လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေနဲ့ အချိုဓာတ်နည်းတဲ့ သစ်သီးဝလံတွေ များများစားပေးရင် ဆီးထဲအချိုဓာတ် မပါအောင် အတော်အသင့် ကာကွယ်မှုပေးပါတယ်။ မိသားစုဝင်ထဲမှာ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ ရှိသူပါခဲ့ရင် ဆီးထဲအချိုဓာတ် ပါနိုင်ခြေများတဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ် ပါဖူးရင် နောက်ပိုင်းမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ရေးသားသူ – Dr.Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement