backup og meta

မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ

    အသားအရေက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ဝက်ခြံ ထွက်တာ၊ အဆီပြန်တာ၊ အသားခြောက်တာ၊ ထိခိုက်လွယ်တာ စသဖြင့် အမျိုးမျိုးသော အသားအရေ ပြဿနာတွေ ရှိနေပါတယ်။ ဒီလီု အသားအရေ ပြဿနာတွေထဲမှာ နောက်ထပ် အသားအရေ ပြဿနာ တစ်ခုလည်း ရှိနေပါသေးတယ်။ ဒါကတော့ အသားအရေ မညီညာတဲ့ ပြဿနာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ မညီမညာ အသားအရေ ပြဿနာ ဖြေရှင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

    မညီမညာ အသားအရေ ပြဿနာ ဆိုတာ 

    မညီမညာ အသားအရေ ပြဿနာ ဆိုတာ အရေပြား အခြေအနေ တစ်ရပ်ပါ။ အသားအရေက ညီညာချောမွေ့မနေတာမျိုးပါ။ အသားအရေကို လက်နဲ့ စမ်းကြည့်တဲ့အခါ အဖုအပိမ့်လေးတွေ ရှိနေတာမျိုး ရှိနိုင်သလို ချွေးပေါက်ကျယ်တာ၊ ကြက်သီးထသလို မွေးညှင်းပေါက်လေးတွေက စူးလေးတွေလို အဖုငယ်လေးတွေ ဖြစ်နေတာမျိုးပါ။ အသားအရေကို ကြည့်ရတာ မွဲခြောက်ခြောက် နိုင်နေတာမျိုးပေါ့။ အစက်အပြောက်တွေလည်း ရှိနေနိုင်ပါတယ်။

    ဘာကြောင့် မညီမညာ အသားအရေ ဖြစ်ရတာလဲ!

    အသားအရေကို မညီမညာဖြစ်စေနိုင်တဲ့ အချက်တွေက တစ်ခုမက ရှိပါတယ်။ အပျိုဖော် လူပျိုဖော်ဝင်တာကြောင့် အသားအရေ ပြောင်းလဲချိန်မှာ အသားအရေ မညီမညာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အသစ်အသစ်သော အဆီဂလင်းတွေက ချွေးပေါက်ပိတ်ဆို့တာမျိုးတွေကို ဖြစ်စေနိုင်လို့ပါ။ အထူးသဖြင့်တော့ နဖူး နဲ့ နှာခေါင်းတွေမှာပါ။

    တစ်ခါတလေမှာတော့ အဆီထွက် နည်းပြီး အသားခြောက်တာမျိုးလည်း ရှိနိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ စုပုံလာခြင်းကလည်း အသားအရေကို မညီမညာဖြစ်စေရတဲ့ အကြောင်းအရင်းပါ။

    အခြား အကြောင်းအရင်းတွေကတော့ နေရောင်နဲ့ ထိတွေ့မှု များတာ၊ အရွယ်ရလာတာ၊ ဆေးလိပ်သောက်တာ တွေပါ။ 

    မညီမညာ အသားအရေ ပြဿနာ ဒီလို ဖြေရှင်းပါ

    မညီမညာ အသားအရေ ပြဿနာကို အခုလို နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း ဖြေရှင်းလို့ ရပါတယ်။ အသားအရေ ပြဿနာတိုင်းရဲ့ ဖြေရှင်းနည်းက လူတိုင်း သိပြီးဖြစ်မယ့် အသားအရေ အမျိုးအစားနဲ့ ကိုက်ညီအောင် အသားအရေ ထိန်းသိမ်းတာပါ။ အခုတစ်ခေါက်မှာလည်း မညီမညာ အသားအရေ ပြဿနာကို အခုလိုလေး ဖြေရှင်းကြရအောင်နော်။

    ၁ – တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ပါ

    အသားအရေ အမျိုးအစားနဲ့ ကိုက်ညီမယ့် မျက်နှာသစ် ဆပ်ပြာကို အသုံးပြုပြီး တစ်နေ့ကို ၂ ကြိမ် –  မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အသားအရေကို သန့်စင်ပါ။ ဒီလို လုပ်ဆောင်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာ ရောက်သလို အဆီတွေ၊ ချွေးတွေ နဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားရာ ရောက်ပါတယ်။

    မျက်နှာသစ်တဲ့အခါ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ဘဲ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။ ပြီးရင်ရေလေး စင်အောင် ဆေးချလိုက်ပါ။ ပြီးတဲ့အခါမှာလည်း မျက်နှာကို တဘက်စနဲ့ ပွတ်သုတ်တာမျိုး မလုပ်ဘဲ ခပ်ဖွဖွလေးပဲ တို့သုတ်ပေးပါ။ 

    ၂ – ဆဲလ်သေတွေကို ဖယ်ရှားပါ

    အသားအရေကို ကျန်းမာစေဖို့ဆိုရင် အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။ ဆဲလ်သေတွကို ဖယ်ရှားပေးနိုင်တဲ့ AHAs နဲ့ BHAs လိုမျိုး ဓာတုပစ္စည်းတွေကို အသုံးပြုပေးလို့ ရပါတယ်။ ဆဲလ်သေတွေကို အလွန်အကျွံ ဖယ်ရှားတာမျိုးက အသားအရေကို ထိခိုက်စေနိုင်တာကြောင့် ခဏခဏ ဆဲလ်သေ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။

    နောက်ပြီး အပေါ်မှာ ပြောခဲ့သလို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ အသားအရေနဲ့ လိုက်ဖက်မှာမျိုးကို ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။ 

    ၃ – အဆီပါတာတွေကို မသုံးပါနဲ့

    အသားအရေက မညီညာသလို ဝက်ခြံလည်း ဖြစ်လွယ်မယ်ဆိုရင်တော့ အဆီပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်တွေ၊ Serum တွေက အသားအရေပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

    ဒါကြောင့် အဆီပါတာတွေကို ရှောင်ပါ။  ချွေးပေါက်မပိတ်စေမယ့် Non-comedogenic အမျိုးအစားကို ရွေးချယ် ပေးပါ။ 

    ၄ – ဗီတာမင် C ပါတာကို အသုံးပြုပါ

    ဗီတာမင် C က အသားအရေကို ညီညာ ဝင်းပစေပါတယ်။ ဒါကြောင့် အသားအရေ မညီညာတာကို သက်သာချင်တယ်ဆိုရင် ဗီတာမင် C ပါတဲ့ အသားအရေ ထိန်းပေးတာမျိုးကို ရွေးချယ်ပေးပါ။

    ဗီတာမင် C အသုံးပြုမယ်ဆိုရင်တော့ နေရောင်ကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ SPF 30 ထက်ပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။ 

    ၅ – နေလောင်ကာခရင်မ် အမြဲသုံးပါ

    အသားအရေ မညီမညာ ဖြစ်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ ဒါကြောင့် အသားအရေကို မညီမညာဖြစ်တာမျိုး မဖြစ်စေဖို့ဆိုရင် ၂ နာရီခြား တစ်ခါ နေလောင်ကာခရင်မ် လိမ်းပေးပါ။

    ခရမ်းလွန် ရောင်ခြည်က အသားအရေကို မညီမညာ ဖြစ်စေရုံတင် မဟုတ်ဘဲ အရွယ်မတိုင်ခင် အိုမင်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။ 

    # အမှာစကား

    အသားအရေ ထိန်းသိမ်းတာကို ပုံမှန် လုပ်ဆောင်မယ်။ နည်းစနစ် မှန်မှန် လုပ်ဆောင်မယ်ဆိုရင် အသားအရေက ကျန်းမာလှပလာမှာ အသေအချာပါ။ ဒါပေမယ့် အသားအရေက နေ့ချင်းညချင်း ပြောင်းလဲကောင်းမွန်လာမှာ မဟုတ်တာကြောင့် အချိန်ပေးဖို့ လိုမယ်ဆိုတာကိုတော့ သတိရစေချင်ပါတယ်။ 

    # ဝက်ခြံပြဿနာ ဒီလို ဖြေရှင်းပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement