backup og meta

အဆီပြန်တဲ့ လေဒီလေးတွေအတွက်

အဆီပြန်တဲ့ လေဒီလေးတွေအတွက်

အသားအရေမှာ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေဆိုပြီး ရှိကြပါတယ်။ ဒီအသားအရေ ၃ မျိုးထဲမှာ အဆီပြန်တဲ့ အသားအရေက ထိန်းသိမ်းဖို့ ပိုခက်ပါတယ်။ အရေပြားပေါ်က အဆီတွေအားလုံးကို ထိန်းသိမ်းဖို့ ဆိုတာက မလွယ်ကူတဲ့အရာတစ်ခုပါ။ အဆီပြန်တဲ့သူတွေက မိတ်ကပ်လိမ်းရတာလည်း သိပ်အဆင်မပြေသလို တစ်နေကုန်လှပနေဖို့ဆိုရင်လည်း တော်တော်လေးဂရုစိုက်ရပါတယ်။

အဆီပြန်တဲ့ အသားအရေကြောင့် စိတ်ညစ်နေတယ်ဆိုရင် အသားအရေထိန်းသိမ်းနည်းလေးရှိပါတယ်။ အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းတဲ့အခါ သေချာမထိန်းသိမ်းမိဘူးဆိုရင် ဝက်ခြံနဲ့အခြားအရေပြားပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

အဆီပြန်တဲ့ အသားအရေထိန်းသိမ်းနည်း

အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရာမှာ အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတွေက

ပျားရည်

လက်ဖက်စိမ်း၊

သင်္ဘောသီး

• အလှကုန်သုံး ရွှံ့စေးတို့ပါ။

အသားအရေ ထိန်းသိမ်းနည်းအဆင့်ဆင့်

Cleansing Oil သုံးမယ်

အသားအရေကျန်းမာစေဖို့အတွက် အဆီကလိုအပ်ပေမယ့် အရမ်းများရင်တော့ မကောင်းပါဘူး။ ဒီတော့ မျက်နှာပေါ်က မလိုအပ်တဲ့ အဆီတွေကို သန့်စင်ဖယ်ရှားရပါမယ်။ အဆီတွေက ဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေ၊ ဆဲလ်သေတွေနဲ့ပေါင်းမိပြီး ချွေးပေါက်တွေကို ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံနဲ့ အခြားသော အရေပြားပြဿနာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့် မျက်နှာပေါ်က အဆီတွေကို သေချာသန့်စင်ဖယ်ရှားရပါမယ်။ မျက်နှာပေါ်က အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာက Cleansing Oil ပါ။ ဒါကြောင့် မျက်နှာကို မသစ်ခင်မှာ အရင်ဆုံး Cleansing Oil လေးသုံးပြီး သန့်စင်လိုက်ပါ။

မျက်နှာသစ်မယ်

ဒုတိယအဆင့်ကတော့ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသန့်စင်ဖို့ပါ။ဒီလိုလုပ်လိုက်တာက မျက်နှာပေါ်က အညစ်အကြေးတွေရော အဆီတွေနဲ့ အရာအားလုံးကို သန့်စင်ပြီးသားဖြစ်သွားစေမှာပါ။ ပိုကောင်းတဲ့နည်းလမ်းတစ်ခုက ရေနွေးနွေးလေးနဲ့ မျက်နှာကို သန့်စင်ဆေးကြောတာပါ။

Face Mask သုံးမယ်

အခုနောက်ပိုင်းမှာ အသားအရေအလိုက် Face Mask လေးတွေကို စိတ်ကြိုက်ရွေးချယ်လို့ရနေပါပြီ။ ဒီလိုဆိုတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ Face Mask လေးတွေကို တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအသုံးပြုပေးပါ။ အဆီပိုတွေကို သိသိသာသာလျော့ကျစေပါလိမ့်မယ်။

Moisturizer သုံးမယ်

အသားအရေက အဆီပြန်တယ်ဆိုပေမယ့်လည်း အစိုဓာတ်တော့ထိန်းဖို့ လိုပါမယ်။ အရေပြားခြောက်သွေ့တာက အဆီဂလင်းတွေကို လုပ်ဆောင်ရပိုမိုခက်ခဲစေပါတယ်။ ဒါကြောင့် ရနံ့နဲ့အဆီလုံးဝပါဝင်မှုမရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လူးပေးပါ။ စပျစ်သီးစေ့၊အယ်လ်မွန်စေ့၊ ထောပတ်သီးတို့ကနေထုတ်ယူထားတဲ့ အဆီတွေနဲ့ပြုလုပ်ထားတဲ့ သဘာဝအစိုဓာတ်ထိန်းခရင်မ်တွေက အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးပါ။

အဆီပြန်တဲ့ အသားအရေအတွက် သဘာဝအသားအရေထိန်းသိမ်းနည်းတွေက

ပျားရည်

ပျားရည်က သဘာဝဆေးတစ်လက်ပါ။ အဆီပြန်တာကို နည်းသွားစေပြီး အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားရည်က အဆီပြန်တဲ့အသားအရေရော၊ ခြောက်သွေ့တဲ့အသားအရေနဲ့ပေါင်းစပ်အသားအရေတွေအတွက်ပါ အသုံးဝင်ပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းက ဓာတ်တိုဆန့်ကျင်အာနိသင်တွေကြွယ်ဝတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ အရေပြားရောင်ရမ်းတာကို သက်သာစေသလို အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင် ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို မျက်နှာသစ်ဖို့အသုံးပြုပေးနိုင်သလို တိုနာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

သင်္ဘောသီး

သဘာဝ အသားလှဆေးတစ်မျိုးပေါ့။ သင်္ဘောသီးက အရေပြားပေါ်က အဆီတွေရော ဘက်တီးရီးယားတွေကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။ မယ်လာနင်ကိုလျော့ကျစေပြီး မျက်နှာမှာ အမည်းစက်တွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ သင်္ဘောသီးကို အနှစ်ရအောင်ခြေပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။

အလှကုန်သုံး ရွှံ့စေး

သဘာဝရွှံ့စေးက အဆီပိုတွေကို စုပ်ယူပေးနိုင်ပါတယ်။ အလှကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာ မျက်နှာပေါင်းတင်တဲ့ ရွှံ့စေးကို ဝယ်ယူပြီး ပျားရည်၊ သင်္ဘောသီးမှည့်တို့နဲ့ရောစပ်လို့ မျက်နှာပေါင်းတင် လိုက်ပါ။

T-zone ကအဆီတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ အဆီပြန်ခြင်းကင်းပြီး လှပတဲ့ အသားအရေပိုင်ဆိုင်တဲ့ လေဒီလေးတွေဖြစ်အောင် အခုပြောခဲ့တဲ့ နည်းလေးတွေကို သုံးကြည့်လိုက်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Must Know Beauty Tips for Oily Skin https://www.stylecraze.com/articles/6-must-know-beauty-tips-for-oily-skin/#gref Accessed Date 22 November 2019

Top six home treatments for oily skin https://www.medicalnewstoday.com/articles/321090.php#prevention Accessed Date 22 November 2019

ယခုပုံစံ

30/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း



Aye Thi Mon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement