backup og meta

အမွေးအရောင်ချွတ်ခြင်း ဆိုတာ ဘာလဲ

အမွေးအရောင်ချွတ်ခြင်း ဆိုတာ ဘာလဲ

ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေကို မလိုလားကြတဲ့အခါ Wax လုပ်တာ၊ နုတ်တာ၊ ရိတ်တာ၊ လေဆာပစ်တာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားကြပါတယ်။ ဒီထဲမှာမှ အသားနာတာ မကြိုက်တဲ့သူတွေ၊ အရေပြားပေါ်က ဆဲလ်တွေ ထိခိုက်ဒဏ်ရာရမှာကို သဘောမကျတဲ့သူတွေ ရွေးချယ်စရာက အမွေးကျွတ်ခရင်မ် သုံးတာနဲ့ အမွေးအရောင်ချွတ်ခြင်း (၂) နည်းရှိပါတယ်။ ဒီထဲကမှ အမွေးအရောင်ချွတ်ခြင်းဆိုတာ ဘာလဲဆိုတဲ့အကြောင်း ကျွန်မတို့ လေ့လာကြည့်ကြရအောင်။

အမွေးအရောင်ချွတ်တယ်ဆိုတာ အရေပြားပေါ်မှာ ရှိတဲ့ အမွေးတွေကို အရောင်ပြောင်းပြီး သူ့ရဲ့ တည်ရှိမှုကို ဖုံးလိုက်တာပါပဲ။ ဆိုလိုတာက မူလ အမွေး မည်းမည်းလေးတွေကို အရောင်ချွတ်ခရင်မ် သုံးပြီး အသားရောင်အတိုင်း ဖြစ်အောင် ပြောင်းလဲလိုက်တဲ့အခါ အမွေးတွေ ရှိနေတယ်ဆိုတာ မသိသာတော့သလို အသားလည်း ပိုဝင်းလာတယ်လို့ ထင်ကြရပါတယ်။

ဒီလို အရောင်ချွတ်တာ (Bleach လုပ်တာ) ရဲ့ ကောင်းကျိုးကတော့ နာကျင်မှု လုံးဝ မရှိတာပါပဲ။ မနာဆို အမွေးတွေ ဆွဲနုတ်နေတာမှ မရှိတာလေနော်။ ပြီးတော့ အရောင်ချွတ်ပြီးတဲ့အခါ အသားအရေက အရင်ကထက် ပိုပြီး ညီသွားပါတယ်။

အရင်ကထက်လည်း ပိုပြီး ဝင်းသွားသလို ခံစားရစေပါတယ်။ ဘာလို့လဲဆိုတော့ အသားပေါ် ဖုံးနေတဲ့ အမွေးလေးတွေရဲ့ အမည်းရောင် ပျောက်သွားလို့ပါ။

ဒါဆို သူ့ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ။ အရောင်ချွတ်ဆေး တင်ထားတဲ့အချိန်မှာ ယားနေတာမျိုး ရှိပါတယ်။ ယားတာမှ မိတ်ယားသလိုမျိုး ယားတာပါ။ ကုတ်လို့လည်း မရဘူး မဟုတ်လား။

တချို့ အခြေအနေတွေကျရင် ရေဆေးပြီးသည့်တိုင်အောင် နေရအဆင်မပြေတာ၊ ယားယံတာနဲ့ တချို့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက်ဆိုရင် အနီစက်တွေ ကျန်ခဲ့တာမျိုး ဖြစ်စေတတ်သလို ဒဏ်ရာရှိတဲ့ အရေပြားနဲ့ ဝက်ခြံထွက်နေတဲ့ အရေပြားတွေပေါ်မှာ သုံးရင် ဒီ ချွတ်ဆေးကို ပိုဆိုးစေတာကြောင့် အနာတရမရှိတဲ့ အသားအရေတွေပေါ် သုံးမှပဲ အဆင်ပြေမှာပါ။

ဘယ်နေရာတွေမှာ သုံးရင် အဆင်ပြေလဲ။ လိင်အင်္ဂါတစ်ဝိုက် (Bikini line)၊ ဒဏ်ရာအနာတရ ရှိတဲ့ အရေပြား ပတ်ဝန်းကျင်နဲ့ အဖုတွေ ဖြစ်နေတဲ့ နေရာတွေမှာ လုံးဝ (လုံးဝ) မသုံးပါနဲ့။ ကျန်တဲ့နေရာတွေတော့ တစ်ကိုယ်လုံးနီးနီးမှာ သုံးလို့ ရပါတယ်။

တချို့တွေက လည်ပင်းနဲ့ မျက်နှာတွေမှာပါ သုံးတတ်ကြပါတယ်။ နှုတ်ခမ်းမွေးတို့ ပါးပေါ်က မွေးညင်းနုလေးတွေကို ဖုံးတဲ့အခါမျိုးတွေမှာပေါ့။ ဒါပေမဲ့ မျက်ခုံးတွေမှာ သုံးမယ်၊ အထူးသဖြင့် မျက်လုံးတဝိုက်မှာ သုံးမယ်ဆိုရင် အထူးသတိထားဖို့ လိုပါတယ်နော်။

ဘယ်လို သုံးရမှာလဲ။

ဖြစ်နိုင်ရင်တော့ ကျွမ်းကျင်ဝန်ထမ်းတွေရှိတဲ့ ဆိုင်မှာပဲ လုပ်စေချင်ပါတယ်။ သူက အရောင်ချွတ်တဲ့ အနှစ်လေးရဖို့အတွက် အမှုန့်နဲ့ ပေးထားတဲ့ ခရင်မ်နဲ့ကို ရောစပ်ရပါသေးတယ်။

ပြီးတော့မှ အရောင်ချွတ်ချင်တဲ့ နေရာတစ်ဝိုက်မှာ အမွေးရဲ့ လားရာနဲ့ ပြောင်းပြန် လိမ်း၊ သတ်မှတ်ထားတဲ့ အချိန်ပမာဏ (မိနစ်အနည်းငယ်ဆိုပေမဲ့ ၁၀ မိနစ်ထက် ပိုကြာကြာ မထားသင့်ပါဘူးနော်။) ထားပြီး Cotton pad (ဂွမ်းဖတ်) နဲ့ သုတ်၊ ပြီးတဲ့အချိန်မှ ရေအေးနဲ့ ပြန်ဆေးရတာမျိုးပါ။

ပြောင်အောင်ဆေးပေးဖို့တော့ လိုပါတယ်။ ရေဆေးပြီးချိန်မှာတော့ အမွေးလေးတွေလည်း အရောင်ပြောင်းသွားသလို အသားအရေကလည်း အရင်ကထက် ပိုကြည်လာတာ တွေ့ရမှာပါ။ ပြန်ဆေးလိုက်ချိန်မှာ အလုပ်မဖြစ်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်မလုပ်ပါနဲ့။ ၂၄နာရီစောင့်ဆိုင်းပြီးမှ ထပ်လုပ်ကြည့်ပါ။

ပြီးတော့ Bleaching မလုပ်ခင်မှာ ရေနွေးနဲ့ ရေချိုးထားတာမျိုးတွေ မလုပ်ပါနဲ့နော်။ ရေနွေးနဲ့ ရေချိုးခြင်းက ချွေးပေါက်တွေ ပွင့်စေပြီး အသားအရေကို ပိုပြီး ထိရှလွယ်နေစေပါတယ်။ ဘာမှ မလိမ်းထားတဲ့ အရေပြားပေါ်မှာပဲ လိမ်းပါ။

ပြီးတော့ အရောင်ချွတ်ခြင်းက အမွေးရဲ့ အရှည်ဘယ်လောက်ရှိရှိ အရောင်ပြောင်းသွားမှာမို့ နည်းနည်းရှည်အောင် စောင့်လိုက်ဦးမယ်တွေ၊ တိုအောင် ညှပ်လိုက်၊ရိတ်လိုက်ဦးမယ်တွေ စဉ်းစားစရာ မလိုပါဘူး။

ဘယ်လောက်ကြာကြာ ခံလဲဆိုရင်တော့ တစ်ခါလုပ်ထားပြီးရင် လူတစ်ဦးချင်းရဲ့ အမွေးထွက်နှုန်းပေါ် မူတည်ပြီး (၂) ပတ်လောက်တော့ ခံပါတယ်။ ဒါပေမဲ့ တစ်လ (၁) ခါလောက် လုပ်ရင်တောင် လုံလောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာလည်း ဓာတုပစ္စည်းတွေ ပါဝင်တာပဲမို့ ခဏခဏ အရေပြားနဲ့ထိတွေ့ရင် သိပ်မကောင်းဘူးမဟုတ်လား။

လေဒီတို့ လှနိုင်ကြပါစေ။

ရေးသားသူ – Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.femina.in/beauty/skin/hair-removal-different-methods-to-remove-unwanted-body-hair-43777.html

https://www.vogue.co.uk/gallery/best-hair-removal-method?image=5d54bdbf5d72c30008bf6e3e

ယခုပုံစံ

06/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း ၇ မျိုး



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement