မျက်နှာပေါင်းတင်တဲ့ အလှကုန်ပစ္စည်းတွေ၊ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ မျက်နှာပေါင်းတင်ပစ္စည်းတွေမှာ ကြက်ဥအကာ ကို တော်တော်လေး အသုံးများလာကြပါတယ်။ မတူညီတဲ့ အသားအရေတိုင်းအတွက် သုံးပေးလို့ ရတဲ့အပြင် အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးလို့ သုံးပြီးတာနဲ့ မျက်နှာအသားလေး နူးအိပြီး စိုပြေသွားတဲ့အရသာကို ခံစားရမှာပါ။
ကြက်ဥမှာ အသားအရေကို တင်းရင်းစေတဲ့ အာနိသင်ပါဝင်လို့ အသက်အရွယ်ကြီးသူတွေ၊ အရွယ်မတိုင်ခင် မျက်နှာပေါ်မှာ အရေးအကြောင်း ထင်နေတဲ့သူတွေအတွက် သုံးလို့ အဆင်ပြေစေပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီ မရွေး အသုံးပြုနိုင်တဲ့အပြင် အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ဖြူစင်ဝင်းမွတ်လာစေနိုင်ပါတယ်။
ဒါဆိုရင် နွေရာသီမှာ ချွေးတွေ ထွက်ပြီး မျက်နှာအဆီအမြဲပြန်နေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေနဲ့ အလှအပကို စိတ်ဝင်စားတဲ့ သူတွေအတွက် ကြက်ဥအကာကို အသုံးပြုပြီး အလွယ်တကူ မျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။
နွေရာသီမှာ ကြက်ဥအကာ နဲ့ မျက်နှာပေါင်းတင်နည်း
၁။ မျက်နှာ အဆီပြန်တဲ့သူတွေအတွက်
အရင်ဆုံး ကြက်ဥအကာ တစ်လုံးနဲ့ သံပရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး သေချာခေါက်မွှေပါ။ မျက်နှာသုတ် တစ်သျှူး သို့မဟုတ် ဂွမ်းစပေါ်မှာ ကြက်ဥအနှစ်ကို ပါးပါးလေး ယူပြီး မျက်နှာနေရာအနှံ့ကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက် ကြာအောင် ထားပြီးရင် ရေနွေးနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးပါ။
မျက်နှာပေါ်က အဆီတွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်။ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့် ဝက်ခြံ၊ အဖုအပိမ့်တွေ မထွက်လာစေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်ထိ အသုံးပြုပေးရုံနဲ့ သိသာထင်ရှားတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာပါ။
၂။ ချွေးပေါက်ကျယ်တဲ့သူတွေအတွက်
အဆီပြန်တဲ့သူတွေသာမက အသားအရေခြောက်တဲ့သူတွေ အသုံးပြုလို့ ရပါတယ်။ အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး ချွေးပေါက်ကျယ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
ပြုလုပ်ပုံကတော့ အရင်ဆုံး ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်မွှေပေးပါ။ ပြီးသွားရင် သံပရာရည် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ရောမွှေပေးပါ။ ရလာတဲ့အနှစ်ကို ဂွမ်းစဖြင့် မျက်နှာပေါ် ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ၁၅မိနစ်ခန့် ထားထားပြီးရင် ရေနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးလိုက်ရုံပါပဲ။
ပျားရည်နဲ့ ဓာတ်မတည့်တဲ့ သူတွေ၊ သံပရာရည်ပါဝင်မှုကြောင့် အသုံးပြုပြီး မျက်နှာစပ်ဖျဉ်းဖျဉ်း ခံစားနေရပြီဆိုရင် မျက်နှာကို အမြန်ဆုံး ဆေးကြောသင့်ပါတယ်။
၃။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးရန်အတွက်
နေပူဒဏ်ကြောင့် အသားအရေ ခြောက်ပြီး အရောင်မှိန်လာတာ၊ မျက်နှာအသားအရေ ကြမ်းတမ်းပြီး မည်းညစ်လာတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ မျက်နှာပေါင်းတင်နည်း ဖြစ်ပါတယ်။
ကြက်ဥအနှစ်တစ်လုံးကို စပျစ်သီး ၇လုံးခန့် ရောမွှေပြီး ကြိတ်စက်ဖြင့် သေချာကြိတ်ပေးရပါမယ်။ သမအောင် ကြိတ်ပြီးသွားပြီဆိုရင် မျက်နှာသုတ် ဂွမ်းစဖြင့် အနည်းငယ်ဆီယူပြီး အပေါ်ဘက်သို့ မျက်နှာမူပြီး ပွတ်လိမ်းပေးရမှာပါ။ ၁၅ မိနစ်ခန့် ထားပြီးသွားရင် ရေနွေးဖြင့် သေချာပြောင်စင်အောင် ဆေးကြောပေးရပါမယ်။
ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် နွေရာသီမှာ အသားအရေ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တဲ့အပြင် သဘာဝအတိုင်း ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ပိုကောင်းတဲ့ အာနိသင်ရရန်အတွက် မျက်နှာပေါင်းတင်ပြီးတိုင်း အစိုဓါတ်ထိန်းခရင်မ် (moisturizer) သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။
ကြက်ဥအကာ ရဲ့ အသားအရေအတွက်ကောင်းကျိုးတွေက ဘာတွေလဲ။
- ချွေးပေါက်တွေကို ကျဉ်းစေတယ်။
- အရေးအကြောင်းတွေကိုပြေလျော့စေတယ်။
- မျက်နှာပေါ်က အဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်တယ်။
- အရေပြားအတွင်းထဲထိ သန့်စင်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တယ်။
- မျက်နှာပေါ်က အမည်းစက်တွေကို ဖယ်ရှားပေးနိုင်တယ်။
- ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေကိုပျောက်ကင်းသက်သာစေတယ်။
- နွေ၊ မိုး၊ဆောင်း ရာသီမရွေး အသုံးပြုလို့ ရတယ်။
မျက်နှာပေါင်းတင်ခြင်း မပြုလုပ်ခင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။
- မျက်နှာကို ကိုယ်သုံးနေကျ မျက်နှာသန့်စင်ဆေးနဲ့ သေချာဆေးကြောထားပါ။
- လက်ကိုလည်း ဆပ်ပြာဖြင့် ဆေးကြောပေးထားဖို့ လိုပါတယ်။
- မျက်နှာပေါင်းတင်ရန် အနှစ်ကို အပေါ်ဘက်သို့ မျက်နှာမူပြီး သုတ်လိမ်းပေးပါ။
- ၁၀မိနစ်မှ ၁၅မိနစ်ထိသာ မျက်နှာပေါ်မှာ ထားပြီး ရေဖြင့် ပြောင်စင်အောင် ပြန်ဆေးရပါမယ်။
- ကလေးငယ်တွေ၊ ကြက်သား၊ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့သူတွေ မျက်နှာပေါ် မပွတ်လိမ်းခင်မှာ လက်အရေပြားပေါ် အရင်တင်ပြီး ဓာတ်တည့်၊ မတည့် စမ်းသပ်ကြည့်ပါ။ ယားယံခြင်း၊ နီရဲလာခြင်း၊ အဖုအပိမ့်များ၊ အနီကွက်များ ထလာခြင်း၊ မျက်နှာဖောရောင်လာခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆက်ပြီး အသုံးမပြုသင့်ပါဘူး။
- နှုတ်ခမ်းတစ်ဝိုက်ကို တတ်နိုင်ရင် ကြက်ဥအကာ မသုတ်လိမ်းပါနဲ့။ ကြက်ဥအကာကို ပါးစပ်ထဲ မဝင်သွားစေဖို့ ဂရုစိုက်ပါ။
- မျက်နှာမှာ ပွန်းပဲ့ထိခိုက်ထားတဲ့ ဒဏ်ရာတွေရှိရင် အသုံးမပြုပါနဲ့။
[embed-health-tool-bmi]