backup og meta

ရှားစောင်းလက်ပပ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရှားစောင်းလက်ပပ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး

    အလှအပအတွက်သာမက အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းဆေးဝါးလို့ ဆိုလိုက်ရင် ရှားစောင်းလက်ပပ်ဟာ မပါမဖြစ် ထိပ်ဆုံးနေရာက ပါဝင်တဲ့ နတ်ဆေးတစ်ပါးပါပဲ။ အလွယ်တကူ ဝယ်လို့ရတယ်။ ကိုယ်တိုင်ပြုလုပ်ဖို့လည်း လွယ်ကူတယ်။ ကျား၊ မ၊ အသက်အရွယ်မရွေး အသုံးပြုလို့ရတယ်။ ဆေးဖက်ဝင်တယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသုံးပြုနိုင်တယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို ရှေးယခင်မှ ယခုအချိန်ထိ လူတွေ ယုံယုံကြည်ကြည်နဲ့ လက်ခံအသုံးပြုနေကြပါတယ်။

    ရှားစောင်းလက်ပပ်ကို အသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအခြေအနေမှာ အသုံးပြုလို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ၁။ နေလောင်ခံရတဲ့ အသားအရေကို ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်။

    ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်၊ အချိန်အတော်ကြာ နေပူစာလှုံတာ၊ နေပူထဲ အကာအကွယ်မပါပဲ ထွက်တာကြောင့် ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် အကောင်းဆုံး ဖြေဆေးကတော့ ရှားစောင်းလက်ပပ်ပါပဲ။

    ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်မှာ အရေပြားကို အေးမြစေပြီး နီရဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ သက်သာစေတယ်။ ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာကို ဖြည်းညှင်းစွာ ခွာချပေးတယ်။ လိမ်းလိုက်တဲ့အခါမှာ အသားအရေကို အစိုဓါတ်ထိန်းပေးလိုက်တဲ့အပြင် နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အလွှာလေးတစ်ထပ် အုပ်ပေးလိုက်ပါတယ်။

    ၂။ အစိုဓါတ်ထိန်းခရင်မ်အဖြစ် အသုံးပြုလို့ရတယ်။

    များသောအားဖြင့် အသားအရေဟာ ရေသောက်နည်းလာတဲ့အမျှ ခြောက်သွေ့ပြီး အစိုဓါတ်တွေ နည်းလာပါတယ်။ အလှကုန်ပစ္စည်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ အစိုဓါတ်ထိန်းခရင်မ်တွေမှာလည်း ကိုယ့် အသားအရေနဲ့ မကိုက်ညီတဲ့အခါ ချွဲကျိတာ၊ ပိုပြီး အဆီရွှဲတာ၊ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။

    ရှားစောင်းလက်ပပ်က သဘာဝအတိုင်းရတဲ့ အနှစ်တွေဟာ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် လိမ်းပြီးလို့ အရေပြား ချွဲကျိနေတာမျိုး လုံးဝမဖြစ်စေပါဘူး။ မတူညီတဲ့ အသားအရေပုံစံတိုင်းအတွက် စိတ်ချပြီး အသုံးပြုလို့ ရပါတယ်။

    အသားအရေကို နူးညံ့ချောမွေ့စေပြီး ချွေးပေါက်တွေ မကျယ်သွားစေဖို့ ကာကွယ်ပေးနိုင်တယ်။ အမျိုးသားေတွ ကိုယ်ခန္ဓါက အမွေးအမျှင်တွေ ရိတ်တဲ့အခါမှာ ရှားစောင်းလက်ပပ်အနှစ်ကို သဘာဝချောဆီအနေနဲ့ အသုံးပြုလို့ ရပါတယ်။ ရိတ်နေရင်းနဲ့ ပွန်းပဲ့ထိခိုက်ရှနာ ဖြစ်တာကိုလည်း အမြန်ဆုံး သက်သာစေပြီး အနာကျက်မြန်စေတယ်။ ရေဓါတ်လည်း ထိန်းပေးနိုင်ပါတယ်။

    ၃။ အနာကျက်မြန်စေတယ်။

    ရှားစောင်းလက်ပပ်ကရတဲ့ အနှစ်တွေဟာ ထိခိုက်၊ ပွန်းပဲ့၊ အပူလောင်တာအပြင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေပြီး ဘက်တီးရီးယားပိုးတွေ မဝင်လာအောင် တားဆီးပေးနိုင်ပါတယ်။

    အရေပြားတစ်သျှူးထဲက အနာပျောက်စေဖို့ ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ နေရာမှာ ကူညီပေးနိုင်တဲ့အပြင် အောက်အလွှာထိ ကောင်းစွာ စိမ့်ဝင်စေပြီး ရေဓါတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

    ၄။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တယ်။

    အသားအရေကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် A အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေတယ်။ အသားအရေကို တင်းရင်းသွားစေပြီး အသားဖြူစေဖို့ ကိုယ်ခန္ဓါက ကော်လဂျင်တွေ ထုတ်လွှတ်ပေးရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။

    ၅။ ဝက်ခြံနဲ့ အရေပြားရောဂါကို ကာကွယ်ပေးနိုင်တယ်။

    ရှားစောင်းလက်ပပ်မှာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်လို့ ဝက်ခြံ၊ အရေပြားမှိုရောဂါတွေ မဖြစ်လာစေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

    ချွေးပေါက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေကိုလည်း သန့်စင်ပေးနိုင်တယ်။ အရေပြား ယားယံတာ၊ အသားအရေနီရဲနေတာကို အမြန်ဆုံး သက်သာစေတယ်။ အမြန်ဆုံးပျောက်စေတဲ့အပြင် ပုံမှန်အသုံးပြုပေးနေရုံနဲ့ နောက်ထပ် ဖြစ်မလာစေဖို့ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။

    ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ အစရှိတဲ့ အရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပက်က ရတဲ့ အနှစ်ကို အသုံးပြုနိုင်ပါတယ်။

    ၆။ မှဲ့ခြောက်နဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတယ်။

    အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့အပြင် အနာကျက်လည်း မြန်စေတဲ့ ရှားစောင်းလက်ပပ်ဟာ မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပါ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

    ဝက်ခြံအမာရွတ်တွေ၊ ဗိုက်၊ ခြေသလုံးနဲ့ ပေါင်တံမှာ အကြောပြတ်တာကိုလည်း ပျောက်ကင်းစေပြီး အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေကိုလည်း လုံးဝပျောက်ကင်းသွားစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

    ၇။ ဦးရေပြားနဲ့ ဆံသားကို အားဖြစ်စေတယ်။

    ရှားစောင်းလက်ပပ်ရဲ့ အနှစ်ဟာ ကိုယ်ခန္ဓါအတွက်သာမက ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သန်စေတယ်။ ဆံသားနက်မှောင်လာစေတယ်။ ဗောက်တွေကိုလည်း ရှင်းပေးနိုင်ပြီး ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့သူတွေလည်း ရှားစောင်းလက်ပက်ရဲ့ အနှစ်ကို လိမ်းပေးလို့ ရပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement