နေသာတယ်ဆိုရင် ရာသီဥတုသာယာတယ်လို့ ပြောကြပါတယ်။ နေရောင်ခြည်က ကျန်းမာရေးအတွက် အကျိုးပြုပြီး လူလည်းနေလို့ကောင်းစေတယ်ဆိုပေမယ့် သူ့မှာပါလာတဲ့ ခရမ်းလွန်ရောင်ခြည် က ခန္ဓါကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဒါ့ကြောင့်နေရောင်ခြည်ထိတွေ့မှုများရင် မျက်နှာမှာ အရေးအကြောင်းတွေနဲ့အစက်အပြောက်တွေဖြစ်လာစေတတ်ပါတယ်။ ကြာလာတဲ့အခါ elastinလို့ခေါ်တဲ့ အရေပြားထဲက ကျုံ့ဆန့်နိုင်တဲ့ပရိုတင်းကို ထိခိုက်စေပါတယ်။ elastinတွေပျက်စီးတဲ့အခါ အသားအရေက တင်းတင်းရင်းရင်းမရှိတော့ဘဲလျော့ရဲလာကာ အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ အရေပြားမှာ ပွန်းပဲ့အနာတွေဖြစ်လွယ်ပြီးပြန်ကျက်ဖို့ ပိုကြာလာစေပါတယ်။