backup og meta

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

    ဆောင်းတွင်းထဲ ရောက်လာပြီဆိုရင် အကြုံတွေ့ရဆုံး ပြဿနာတွေထဲမှာ အသားခြောက်တဲ့ ကိစ္စက ထိပ်ဆုံးကပဲဖြစ်မှာပါ။ အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေဟာ အလွန်ကြည့်ရဆိုးသလို ယားယံတာ၊ အဖတ်ကွာတာ၊ ကွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေလည်း အရေပြားက လိုတာထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါများအပြင် အရေပြားစိုထိုင်းမှုနည်းသွားတဲ့အတွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းမရှိဘဲ အရေပြားပေါ်မှာ ပိုပြီးကပ်ငြိနေနိုင်ပါတယ်။

    ဒါဆို ဘာလို့ အသားပပ် အသားခြောက်ရတာလဲ။

    အဖြစ်အများဆုံး အကြောင်းရင်း (၂) ခု ကတော့

    • မွေးရာပါ အရေပြား သဘာဝအဆီ (Sebum) ထုတ်လုပ်မှုနည်းခြင်း
    • ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့ လေဟာ အရေပြားစိုထိုင်းမှုကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။

    မွေးရာပါ အရေပြားသဘာဝအဆီ နည်းလို့ အသားခြောက်တဲ့သူတွေတင်မကဘဲ အဆီပြန်သူတွေ (Oily Skin) ထိခိုက်လွယ် အသားအရေပိုင်ရှင်တွေ (Sensitive Skin) တွေလည်း အခြေအနေပေါ် မူတည်ပြီး အသားခြောက်တတ်သလို ဆောင်းရာသီမဟုတ်ဘဲ နွေ၊ မိုးရာသီတွေမှာလည်း အသားပပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့

    ၁။ မကြာခဏ ရေပူစိမ်ခြင်း၊ ရေပူဖြင့် ရေချိုးခြင်း

    ရေပူနဲ့ ရေချိုးတာဟာ ကြွက်သားတင်းမာမှုကို ပြေလျော့စေပြီး အကိုက်အခဲ၊ နာကျင်ခြင်းကို သက်သာစေတယ်။ နှာစေးနှာပိတ်တာကို သက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းစေတယ်ဆိုပေမယ့် ပူလွန်းတဲ့ရေနဲ့ နေ့တိုင်းရေချိုးရင်တော့ အသားပပ်၊ အသားခြောက်တာတွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့ ​ရေရဲ့အပူရှိန်ဟာ အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ထုတ်ပစ်လိုက်တာကြောင့်ပါပဲ။

    ၂။ အစိုဓာတ်ထိန်းသိမ်းမှု မရှိခြင်း

    ကိုယ့်ခန္ဓာကိုယ်ပေါ်က အရေပြား ခြောက်သွေ့မှုကင်းပြီး အသားအရောင် တောက်ပစိုပြေနေစေဖို့ အစိုဓာတ်ပမာဏ (Moisture Content) မျှတဖို့ လိုအပ်ပါတယ်။ ဒီအတွက် ရေချိုးပြီးတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းခရင်မ် (Moisturizerer) တွေ၊ အသားအရေကို ကျန်းမာစေပြီး အာဟာရဓာတ်ပေးနိုင်တဲ့ Body Lotion မျိုး လိမ်းပေးသင့်ပါတယ်။

    ၃။ မကြာခဏ လက်ဆေးခြင်း

    အခုလို ကိုဗစ်ရာသီမျိုးမှာ လူတိုင်း လက်မကြာခဏဆေးတာ၊ ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြုပြီး လက်ကို ပိုးသန့်စင်တာမျိုးတွေ အလွန်များလာပါတယ်။ ကျန်းမာရေးအရ လုပ်ရတဲ့ အမူအကျင့်ဖြစ်ပေမယ့် ဒီအချက်သည်လည်း လက်အရေပြားကို ခြောက်သွေ့အက်ကွဲစေတဲ့ အကြောင်းအရင်းတွေထဲ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်သန့်စင်ဆေးရည်၊ ဆပ်ပြာတွေမှာ ပိုးသန့်စင်ပေးနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အရက်ပြန်တွေ အများအပြား ပါဝင်နေလို့ပါပဲ။

    ၄။ ရေဓာတ်ခမ်းခြောက်ခြင်း

    အပြင်ပိုင်း အသားအရေစိုပြေဖို့ အစိုဓာတ်ပြည့်ဝဖို့ လိုအပ်သလို အတွင်းပိုင်းအတွက်လည်း ရေဓာတ်ပြည့်ဝမှုက အလွန်အရေးကြီးပါတယ်။ ရေဓာတ်ဟာ သွေးတွင်း အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ အရောက်ပို့ဆောင်ပေးသလို အရေပြားနီရဲတာ၊ ယားယံတာကို သက်သာစေပြီး အသားခြောက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာ သောက်ပေးဖို့ အရေးကြီးပါတယ်။

    ၅။ ပူလောင်တင်းကျပ်တဲ့ အဝတ်အစားများ အမြဲဝတ်ဆင်ခြင်း

    လူတစ်ယောက် ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ သူ့ရဲ့ အရေပြားပေါ်ကို သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ ဥပမာ – တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါ အရေပြားနဲ့ ပွတ်တိုက်မှုဖြစ်စေပြီး သဘာဝအဆီ ခမ်းခြောက်လာတာ၊ အသားခြောက်လာတာ၊ ပွန်းပဲ့တာတွေ ဖြစ်စေနိုင်ပါတယ်။ ပူလောင်အိုက်စပ်တဲ့ အဝတ်အစားများ ဥပမာ – ဂျင်းသား၊ နိုင်လွန်သားတွေ ဝတ်ဆင်တဲ့အခါ ချွေးကို အဝတ်အစားထဲ အောင်းထားလိုက်သလိုဖြစ်ပြီး ဘက်တီးရီးယားပိုးများ ပေါက်ဖွားကာ အနံ့ဆိုးထွက်စေသလို အရေပြားကိုလည်း ဒုက္ခဖြစ်စေပါတယ်။

    ၆။ နှုတ်ခမ်းလျှာသပ်ခြင်း

    လျှာကို တံတွေးနဲ့ သပ်တယ်ဆိုတာ နှုတ်ခမ်းခြောက်တာကို တံတွေးနဲ့ ခဏတာစိုအောင် လုပ်ရာကနေ အကျင့်ပါသွားတာ၊ စိုးရိမ်ပူပန်လွန်ကဲတာတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အပြုအမူတစ်ခုပါ။ ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဖြစ်ဘူးထင်ရပေမဲ့ တံတွေးမှာ အက်စစ်ဓာတ်တွေ ပါဝင်တဲ့ နှုတ်ခမ်းရဲ့ စိုထိုင်းမှုကို ပါးသွားစေပြီး နှုတ်ခမ်းပိုခြောက်လာစေပါတယ်။

    အသားပပ် အသားခြောက်တတ်သူတွေ ဘာလုပ်သင့်လဲ။

    • ရေကို တစ်နေ့တစ်ကြိမ်ပဲ ချိုးပါ။
    • ရေအေးအေး သို့မဟုတ် ရေကျက်နွေးဖြင့်သာ ရေချိုးပါ။
    • ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို ခန္ဓာကိုယ်အနှံ့လိမ်းပေးပါ။
    • အိပ်တဲ့အချိန် လက်၊ ခြေထောက်ကို Lotion လိမ်းပြီး ခြေအိတ်၊ လက်အိတ် စွပ်အိတ်ပါ။
    • ရေများများ သောက်ပေးပါ။
    • အချဉ်ဓာတ်ပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
    • အိပ်ချိန် ၇နာရီအထက် ရအောင်အိပ်စက်အနားယူပါ။
    • တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။
    • အိမ်မှာနေရင် အတွင်းခံ မဝတ်ပါနဲ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement