backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ …… နေ့စဉ်အသက်ရှင်ဖို့အတွက် မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေထဲမှာ အသက်ရှူတာလည်း ပါပါတယ်။ လုပ်ရတယ်လို့ ပြောပေမယ့် တကယ်တော့ သူ့ဟာသူ အလိုအလျောက် လုပ်နေတာပါ။ ဒီလိုအလိုအလျောက် အသက်ရှူနိုင်ဖို့ အသက်ရှူတဲ့ လုပ်ငန်းစဥ်ကို ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။

အသက်ရှူတယ်ဆိုတာ အောက်စီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တာကို အလွယ်နားလည်ကြပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းက ဒါတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ဒါ့ပြင် လေက နှာခေါင်းပေါက်ကနေပြီး အဆုတ်ထဲရောက်သွားတဲ့ လမ်းတစ်လျှောက်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် အတူတူ လေ့လာကြည့်ရအောင်။

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ

အသက်ရှူလမ်းကြောင်းက အသက်ရှူတာထက်ကို ပိုပါတယ်။

  • စကားပြောလို့ရအောင် လုပ်ပေးတယ်။

ရှူသွင်းလို့ ဝင်လာတဲ့ လေကြောင့် အသံအိုးမှာ ရှိတဲ့ အသံကြိုးတွေ တုန်ခါပြီး အသံထွက်လာတာပါ။

  • အနံ့ခံလို့ရစေတယ်။

နှာခေါင်းထဲမှာ ရှိတဲ့ အနံ့ခံဆဲလ်တွေ၊ အာရုံခံဆဲလ်တွေကြောင့် အနံ့တွေကို ခွဲခြားသိနိုင်ပါတယ်။

  • ရှူလိုက်တဲ့လေကို စိုစွတ်စေပြီး ကိုယ်အပူချိန်နဲ့ ကိုက်အောင် ညှိပေးတယ်။

ရှူလိုက်တဲ့လေဟာ အဆုတ်ထဲကို မရောက်ခင်မှာဘဲ အသက်ရှူလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေက အချွဲတွေထုတ်ပြီး စိုစွတ်အောင် နွေးအောင် လုပ်ပေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။

  • အဆုတ်ထဲကို ရောဂါပိုးတွေ၊ အမှုန်အမွှားတွေ မရောက်အောင် တားဆီပေးတယ်။

နှာချေတယ်၊ ချောင်းဆိုးတယ်ဆိုတာ တကယ်တော့ အဆုတ်ထဲကို အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ရောက်မသွားအောင် အပြင်ကို ပြန်ထုတ်တဲ့ သဘောပါပဲ။ ဒါကြောင့် လူကြီးတွေက နှာချေ၊ ချောင်းဆိုးချင်ရင် အောင့်မထားနဲ့လို့ ပြောတာပါ။

  • အောက်ဆီဂျင်ကို ဆဲလ်တွေဆီရောက်အောင် ပို့ပေးတယ်။
  • ကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တိုင်းဟာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ဖို့၊ အသက်ရှင်နိုင်ဖို့ အောက်ဆီဂျင်လိုပါတယ်။ ဆဲလ်တွေဆီရောက်တဲ့အကြောင်းကို နောက်မှာ ဆက်ရှင်းပြပါ့မယ်။

  • ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးတယ်။
  • အသက်ပြန်ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်အပါအဝင် တခြား မလိုအပ်တဲ့ ဓာတ်ငွေ့တွေကို စွန့်ထုတ်ပစ်ပါတယ်။

    အသက်ရှူခြင်းအကြောင်း

    ဒီလုပ်ငန်းတွေ အများကြီးထဲမှာမှ အရေးအကြီးဆုံး ဖြစ်တဲ့ အသက်ရှူတဲ့ အကြောင်းကို အသေးစိတ်ပြောပြပါမယ်။

    အသက်ရှူလမ်းကြောင်းက နှာခေါင်းကနေစပြီး လေအိတ်ငယ်လေးတွေမှာ ဆုံးပါတယ်။

    အသက်ရှူသွင်းတော့မယ်ဆိုရင် အရင်ဆုံး ရင်ခေါင်းထဲမှာ အဆုတ်ထဲ ဝင်လာမယ့် လေတွေအတွက် နေရာချဲ့ပေးရပါတယ်။ ဒါကြောင့် ရင်ဝမ်းခြားကြွက်သားက အောက်ကို နိမ့်ကျသွားပါတယ်။ နံရိုးကြားက ကြွက်သားတွေကတော့ အပေါ်နဲ့ အပြင်ဘက်ကို ကြွတက်လာပါတယ်။

    နှာခေါင်းကနေ လေစဝင်လာပါပြီ။ နှာခေါင်းမွေးတွေနဲ့ အချွဲတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် ဖမ်းယူထားပါတယ်။ ရှူလိုက်တဲ့ လေကိုလည်း စိုထိုင်းစများပြီး ကိုယ်ခန္ဓာအပူချိန်နဲ့ ကိုက်ညီအောင် ထိန်းညှိပေးပါတယ်။

    ပြီးရင် လည်ချောင်းနဲ့ အသံအိုးကို ဖြတ်ပြီး လေပြွန်မကြီးကို ရောက်ပါတယ်။ လေပြွန်မကြီးမှာ ရှိတဲ့ အချွဲတွေက နှာခေါင်းကို ဖြတ်ပြီး ပါလာတဲ့ အမှုန်အမွှားတွေကို လှမ်းဖမ်းထားပါတယ်။ သူ့ဆဲလ်မှာရှိတဲ့ မျက်လုံးနဲ့ မမြင်ရတဲ့ အမွေး ciliaတွေက ဒီအချွဲတွေကို အပေါ်ဘက် အသံအိုးရှိတဲ့ ဘက်ကို ပင့်တင်ပေးပါတယ်။ ဒါကြောင့် ချွဲဟပ်လို့ရတာပါ။

    လေပြွန်မကြီးကနေ ဘယ်နဲ့ ညာလေပြွန်တွေ ခွဲထွက်သွားပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ အဆုတ်ထဲမှာ လေပြွန်ငယ်တွေ သစ်ပင်အမြစ်လိုမျိုး ဆင့်ကာ ဆင့်ကာ ကွဲသွားပြီး လေအိတ်ငယ်လေးတွေဆီမှာ အဆုံးသတ်ပါတယ်။

    လေပြွန်လေးတွေကလည်း အချွဲတွေထုတ်ပြီး အမှုန်အမွားတွေကို ကပ်စေပါတယ်။ ဒါ့ပြင် ကြွက်သားတွေလည်း ရှိနေတာကြောင့် လေအဝင်အထွက်ကို လိုသိလို ချိန်ညှိလို့ရပါတယ်။ လေပိုလိုရင် ကြွက်သားတွေကို ဖြေလျှော့ပြီး လေပြွန်တွေကို ကျယ်စေမယ်။ သာမန်အချိန်ဆိုရင်တော့ လေပြွန်တွေက ပုံမှန်အတိုင်း ရှိနေမှာပါ။

    ရှူလိုက်တဲ့ လေလေးက နောက်ဆုံးတော့ လေအိတ်ငယ်လေးတွေဆီကို ရောက်သွားပါပြီ။ လေအိတ်ထဲမှာရှိနေတဲ့ အောက်ဆီဂျင်က လေအိတ်နံရံမှာ ရှိတဲ့ ဆံချည်မျှင်သွေးကြောထဲကို စိမ့်ဝင်ပျံ့နှံ့တဲ့နည်းနဲ့ ရောက်သွားပါတယ်။ သွေးထဲရောက်သွားတဲ့ အောက်ဆီဂျင်ကို သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင်က သယ်ဆောင်သွားပါတယ်။

    ဒီလို အောက်ဆီဂျင်အပြည့်ပါတဲ့ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို သွားပြီး တစ်ကိုယ်လုံးက ဆဲလ်တွေကို အောက်ဆီဂျင်ဖြန့်ဝေပေးပါတယ်။ ဆဲလ်တွေဆီရောက်တဲ့အခါ အောက်ဆီဂျင်ကို ပေးခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်သယ်လာပေးပါတယ်။

    တစ်ကိုယ်လုံးက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့ သွေးတွေက နောက်ဆုံးတော့ အဆုတ်ကို ပြန်ရောက်လာပါတယ်။ ခုနလိုပဲ ဆံချည်မျှင်သွေးကြောတွေကနေ လေအိတ်ငယ်လေးတွေဆီကို ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန်စိမ့်ဝင်ပြီး လာရာလမ်းအတိုင်း ပြန်ထွက်သွားပါတယ်။

    အသက်ရှူထုတ်တဲ့အချိန်မှာကြောင့် အဆုတ်မှာ ကျုံ့ဆန့်သတ္တိရှိတာကြောင့် အားနဲ့ ရှူထုတ်စရာ မလိုပါဘူး။ ရင်ဝမ်းခြားကြွက်သားက အဆုတ်ကို အောက်ကပင့်ပေးမယ်။ နံရိုးကြားကြွက်သားတွေက အသာအယာပဲ ပြေလျော့တာကြောင့် သက်သောင့်သက်သာပဲ လေက ကိုယ်ထဲက ပြန်ထွက်သွားပါတယ်။

    Takeaways

    အသက်ရှူသွင်း ရှူထုတ်တိုင်းမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို သယ်ပို့ပြီး အညစ်အကြေးတွေကို ပြန်စွန့်ထုတ်တာကြောင့် အဆူတ်ကျန်းမာအောင် ဆေးလိပ်အပါအဝင် လေထုညစ်ညမ်းမှုကို ရှောင်ပြီး လေကောင်းလေသန့်ရှူပေးရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement