backup og meta

နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်း

မျက်နှာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား။ မျက်နှာရဲ့ နေရာတိုင်းမှာ ဝက်ခြံ ပေါက်နိုင်ပြီး ဝက်ခြံ ပေါက်ရတဲ့ အကြောင်းအရင်းတွေကလည်း နေရာပေါ်ကို လိုက်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာမှာ ပေါက်ရတဲ့ ဝက်ခြံတွေက ဘာကြောင့် ပေါက်ရတာလဲ ဆိုတာ နဲ့ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းကို ဆွေးနွေးကြည့်ရအောင်လား။

နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းတွေက ဘာတွေ ဖြစ်မလဲ……….

မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေက ပေါက်တဲ့ နေရာကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေလည်း ကွာခြား နိုင်ပါတယ်။ အကြောင်းအရင်း ကွာခြားမှုနဲ့အတူ နေရာ အလိုက် ပေါက်တဲ့ ဝက်ခြံတွေ အတွက် ဖြေရှင်းနည်းတွေ ကလည်း အမျိုးမျိုး ပါပဲ။

နားထင် နဲ့ ဆံစပ် တလျှောက်မှာ ပေါက်တဲ့ ဝက်ခြံ

နားထင် နဲ့ ဆံစပ် တလျှောက်မှာ ဝက်ခြံ ပေါက်ရတာက ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကြောင့် ဖြစ်နိုင်သလို ဆံပင်တွေကို ပုံမှန် သန့်ရှင်းပေးမှုအားနည်းတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆီ ပါဝင်နေတဲ့ ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံဖြစ်စေ နိုင်ပါတယ်။ ဒါ့ကြောင့်ခေါင်းလျှော်ရည် နဲ့ ဆံသားအတွက် အသုံးပြုရတဲ့ ပစ္စည်းတွေကို သတိထား ရွေးချယ်ဖို့ လိုပါမယ်။ hairspray သုံးတဲ့အခါ နဖူးကို အဝတ်သန့်သန့်လေး တစ်ခုနဲ့ ကာထားပေးပါ။ ခေါင်းလျှော်ပြီးတိုင်း မျက်နှာကို သေချာ သန့်စင်ပေးပါ။

ပါးပေါ်က ဝက်ခြံ

ပါးပေါ်မှာ ဝက်ခြံ ဖြစ်ရတာ ဆံသားတွေနဲ့ ထိတွေ့မိတာ၊ ဖုန်း မျက်နှာပြင်ကို ပုံမှန် သန့်ရှင်းပေးမှု မရှိတာ၊ ခေါင်းအုံးစွပ် ပုံမှန် မလဲတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကြောင့် မျက်နှာ အသားအရေပေါ်မှာ ဘက်တီးရီးယားတွေ ပြန့်နှံ့တာမျိုး ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ပါးပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ အတွက် ဆံပင်ကို ပုံမှန် လျှော်တာ၊ ဖုန်း မျက်နှာပြင်ကို ပုံမှန် သန့်စင်တာ၊ခေါင်းအုံးစွပ်ကို ပုံမှန် လဲတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ ဒါတွေအပြင် မျက်နှာမှာ ထိကပ် အသုံးပြုတဲ့ အသုံးအဆောင်တွေ၊ မိတ်ကပ် လိမ်းခြယ်တဲ့ ပစ္စည်းတွေကို ပုံမှန် သန့်စင်ပေးဖို့ လိုပါမယ်။ ဖုန်းကို အိမ်သာထဲ ယူသွားတာမျိုး မလုပ်မိဖို့လည်း သတိထား စေချင်ပါတယ်။

မေးစေ့နဲ့မေးရိုးပေါ်မှာပေါက်တဲ့ ဝက်ခြံ

ဒါကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာ နဲ့ အူလေးတွေ ကျန်းမာရေး မကောင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ရာသီ လာရမယ့် အချိန် နီးနေတာ၊ စိတ်ဖိစီးမှု များနေတာ၊ ပေါင်မုန့် အဖြူ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ အစားများတာ၊ အချိုစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမိတာတွေကြောင့် မေးရိုး နဲ့ မေးစေ့တို့မှာ ဝက်ခြံတွေ ဖြစ်လာ ရတာပါ။ သောက်သုံးနေရတဲ့ ဆေးဝါး တစ်ခုခုကြောင့်လည်း ဒီလို ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

နဖူး နဲ့ နှာခေါင်း ပေါ်က ဝက်ခြံ

နဖူး နဲ့ နှာခေါင်း အထူးသဖြင့် T-zone areaတွေမှာ ဝက်ခြံ ပေါက်နေရတာက အဆီတွေ များနေလို့ ဖြစ်နိုင်သလို စိတ်ဖိစီး နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီ ဝက်ခြံတွေကို သက်သာစေဖို့ ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ည အိပ်ရာ မဝင်ခင်မှာ တရားထိုင်တာ၊ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်တဲ့ အရာတွေကို လုပ်ဆောင်ပေးပါ။ ဒီလို လုပ်ဆောင်ပေးတာက နဖူးနဲ့ နှာခေါင်းမှာပေါက်တဲ့ ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်မှာပါ။

ဝက်ခြံ သက်သာစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း အချို့

ဒါတွေ အပြင် ဝက်ခြံ သက်သာစေဖို့ အတွက် အခု ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာသင့် ပါတယ်။

  • တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ
  • မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကိုပဲ အသုံးပြုပေးပါ
  • မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့
  • မျက်နှာအတွက် အသုံးပြုရတဲ့ အသုံးအဆောင်တွေကို ပုံမှန်သန့်စင်ပါ
  • ခေါင်း မှန်မှန် လျှော်ပါ
  • ခေါင်းအုံးစွပ် ပုံမှန် လဲပေးပါ
  • လက်ကို မကြာခဏ ဆေးကြောပါ
  • အိပ်ရာ မဝင်ခင် မိတ်ကပ်တွေ ဖျက်ပါ
  • ဝက်ခြံတွေကို မညှစ်ပါနဲ့
  • လေ့ကျင့်ခန်း လုပ်ပါ
  • ဆဲလ်သေတွေ ဖယ်ရှားပါ
  • ရေများများ သောက်ပါ

ကဲ….. ဝက်ခြံတွေကို စိတ်ညစ်မနေ နဲ့တော့နော်။ နေရာအလိုက် ပေါက်တဲ့ ဝက်ခြံတွေကို နည်းစနစ် မှန်မှန်နဲ့ ဖြေရှင်းလိုက် ရအောင်လား…………

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What That Acne Spot on Your Face Means, According to Sciencehttps://www.healthline.com/health/beauty-skin-care/pimple-acne-face-map Accessed Date 3 September 2019

Acne locations and their causeshttps://www.medicalnewstoday.com/articles/325971.phpAccessed Date 3 September 2019

What causes pimples?https://www.medicalnewstoday.com/articles/71702.phpAccessed Date 3 September 2019

ယခုပုံစံ

02/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်မှာ ပေါက်တဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ ဘယ်လိုသိနိုင်မလဲ

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။