backup og meta

မိတ်ကပ်က ချွေးပေါက်တွေကို ဘယ်လိုထိခိုက်စေသလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ကပ်က ချွေးပေါက်တွေကို ဘယ်လိုထိခိုက်စေသလဲ

    ပုံမှန်အားဖြင့် မိတ်ကပ်တွေက သင့်အသားအရေကို ထိခိုက်စေတာရှားပါတယ်။ ဒါပေမယ့် ထိရှလွယ်တဲ့အသားအရေပိုင်ရှင်တွေကျတော့ အလှကုန်ပစ္စည်းတွေကို ခဏခဏသုံးစွဲလွန်းရင် မလိုလားအပ်တဲ့အကျိုးဆက်တွေ ဥပမာ- ချွေးထွက်ပေါက်တွေပိတ်တာမျိုးကို ဖြစ်စေပါတယ်။ ချွေးပေါက်ပိတ်တာဟာ ဝက်ခြံတွေအများအပြားထွက်ရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့သင့်အနေနဲ့တသက်လုံးမိတ်ကပ်မလိမ်းရတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ ချွေးပေါက်တွေအပေါ်သက်ရောက်တဲ့မိတ်ကပ်ရဲ့ အကျိုးဆက်တွေကို သိထားမယ်ဆိုရင် ဒီကိစ္စကိုအကောင်းဆုံး ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိစေမှာ ဖြစ်ပါတယ်။

    သင့်အသားအရေနဲ့မိတ်ကပ်

    မျက်နှာလိမ်းမိတ်ကပ်တွေက ပုံစံအမျိုးမျိုးရှိပါတယ်။

    (အမှုန့်၊ ဂျဲလ်၊ လိုးရှင်း၊ ခရင်မ်၊ အဆီ၊ အရည်စသဖြင့်ပေါ့)။ မိတ်ကပ်လိမ်းလိုက်တဲ့အခါ မျက်နှာပြင်ပေါ်မှာရှိတဲ့အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားနိုင်တာမို့ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိတ်ကပ်တွေဟာ သင့်ရဲ့ချွေးပေါက်တွေထဲမှာ ပိတ်ဆို့လာနိုင်ပါတယ် (အထူးသဖြင့် အောက်ခံမိတ်ကပ်၊ ပေါင်ဒါနဲ့ပါးနီတို့ကိုသုံးရင်)။ ကောင်းပြီ။ ချွေးပေါက်တွေထဲ ပိတ်တော့ဘာဖြစ်လဲ။

    တကယ်လို့သင့်မျက်နှာက အဆီပြန်တတ်တယ်ဆိုရင် ဝက်ခြံလည်း ခဏခဏထွက်တတ်လိမ့်မယ်လို့အဓိပ္ပါယ်ပေါက်ပါတယ်။ မျက်နှာအဆီပြန်ရတာဟာ အဆီတွေအလွန်အကျွံထွက်လို့ ဖြစ်ပြီး ဒီအဆီတွေ ချွေးပေါက်တွေထဲပိတ်ဆို့တဲ့အခါ ဝက်ခြံတွေပေါက်လာပါတော့တယ်။ တကယ်လို့ သင်ဟာ မိတ်ကပ်မဖျက်ဘဲ ညအိပ်တတ်တယ်ဆိုရင် ဒီအခြေအနေကို ပိုဆိုးစေပါလိမ့်မယ်။ ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေက ချွေးပေါက်တွေထဲစိမ့်ဝင်ပြီး ဝက်ခြံကိုပိုးဝင်ရောင်ရမ်းစေကာ အရည်ကြည်ဖုတွေ၊ ဖုတွေ၊ အနာအဆာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါမျိုးဖြစ်လာရင် အင်မတန်ကုရခက်ပြီး ကောင်းသွားရင်တောင် အမာရွတ်တွေ၊ အမှတ်တွေကျန်ခဲ့စေပါလိမ့်မယ်။

    မိတ်ကပ်တွေက ချွးထွက်ပေါက်တွေထဲပတ်ဆို့စေသလို ရောင်ရမ်းနီရဲမှုကိုလည်း ဖြစ်စေပြီး ဒါမျိုးဟာအသားအရည်နုတဲ့သူတွေမှာ အဓိက ဖြစ်တတ်ပါတယ်။ ဈေးကွက်ထဲရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေမှာပါဝင်တဲ့ပစ္စည်းအများစုဟာဓါတုဗေဒပစ္စည်းတွေ ဖြစ်တယ်ဆိုတာကိုသတိချပ်ဖို့လိုပါတယ်။ တကယ်လို့အဆိုပါဓါတုဗေဒပစ္စည်းတခုခုနဲ့သင့်အသားအရေမတည့်တာမျိုးရှိမယ်ဆိုရင်သင့်အနေနဲ့ပူလောင်တာ ဒါမှမဟုတ် ယားယံတာတွေကို ခံစားရမှာဖြစ်ပြီး အသားအရေဟာလည်း နီရဲရောင်ရမ်းနေပါလိမ့်မယ်။ ဒီအခြေအနေနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ သင့်အနေနဲ့မိတ်ကပ်အသုံးပြုတာကိုချက်ချင်းရပ်ပြီး အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မိတ်ကပ်တွေဟာ သင့်အသားအရေကို အနည်းငယ်ထိခိုက်ကောင်း ထိခိုက်စေပါလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း စိတ်မပူပါနဲ့။ မိတ်ကပ်ကြောင့် အသားအရေထိခိုက်တာကို လျှော့ချပေးနိုင်ပြီး အသားအရေကိုကာကွယ်ပေးမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲဒီနည်းလမ်းတွေက ဘာတွေလဲ။

    အသားအရေကိုမထိခိုက်စေဘဲ မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ။

    (၁)တကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးပါ။

    မိတ်ကပ်လိမ်းတဲ့အခါ ဒီအချက်ကိုမှတ်ထားဖို့အထူးအရေးကြီးပါတယ်။ အလှကုန်ပစ္စည်းတွေ အသုံးမပြုခင် သင့်မျက်နှာကိုရေနဲ့ပြောင်စင်အောင် ဆေးကြောသန့်စင်ရပါမယ်။ သင့်လက်က အညစ်အကြေးတွေနဲ့ဘက်တီးရီးယားပိုးတွေက မျက်နှာဆီကူးစက်ရောက်ရှိသွားနိုင်တာမို့မျက်နှာအရေပြားကို ခဏခဏဆိတ်ဆွကိုင်တွယ်နေတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။ နောက်ထပ်သတိထားသင့်တဲ့အချက်က မိတ်ကပ်ကိုပုံမှန်အသုံးပြုခြင်းဟာ သင့်အသားအရေကို ပျက်စီးစေတယ်ဆိုတာပါပဲ။ ဒါကြောင့် မိတ်ကပ်ကို တကယ်လိုအပ်တဲ့အချိန်မှ လိမ်းပါ။ ဒါ့အပြင် လိမ်းထားတဲ့မိတ်ကပ်တွေကို အိပ်ရာမဝင်ခင်ဖျက်ပစ်ဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးတော့မှ ညဖက်အသုံးပြုလို့ရတဲ့အသားရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုပါ။

    (၂)မှန်ကန်တဲ့ ပစ္စည်းကိုရွေးချယ်ပါ။

    ဈေးကွက်ထဲမှာ မိတ်ကပ်တွေမှတပုံကြီးပါ။ တံဆိပ်မျိုးစုံရှိပါတယ်။ ဒါပေမယ့် သင့်အသားအရေနဲ့လိုက်ဖက်သင့်လျော်မယ့် မိတ်ကပ်ကိုရွေးချယ်ဝယ်ယူတတ်ရပါမယ်။ ပုံမှန်အသားအရေ၊ခြောက်သွေ့တဲ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ နူးညံ့ပြီးထိခိုက်လွယ်တဲ့ အသားအရေစသဖြင့်ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့်ပစ္စည်းကိုရှာဖွေသုံးစွဲပါ။ တကယ်လို့သင်ဟာအဆီပြန်တတ်တဲ့မျက်နှာပိုင်ရှင်ဆိုရင် “noncomedogenic” ဒါမှမဟုတ် “nonacnegenic” (အဆီမပြန်စေပါ။ ဝက်ခြံမဖြစ်စေပါ) လို့အညွှန်းစာပါတဲ့ပစ္စည်းမျိုးကိုရွေးချယ်ဝယ်ယူရပါမယ်။ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် “hypoallergenic” (ဓါတ်မတည့်မှု ဖြစ်ခဲတယ်) လို့ရေးထားတဲ့ပစ္စည်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ ပိုသေချာအောင် အရေပြားဆရာဝန်ဆီက အကြံဉာဏ်ကိုပါ တောင်းခံသင့်ပါတယ်။ မိတ်ကပ်တွေဟာသင့်ကိုပိုပြီးချောမောလှပစေမှာအမှန်ပါ။ ဒါပေမယ့်သင့်အနေနဲ့အရေပြားဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်နေရတယ်ဆိုရင် ဒါကိုဖုံးကွယ်ပတ်ပြေးနေမယ့်အစား ရင်ဆိုင်လိုက်တာအကောင်းဆုံး ဖြစ်ပါတယ်(အထူးသဖြင့်ဝက်ခြံတွေပေါ့)။ ဝက်ခြံတွေကိုဆေးထိုး၊ဆေးသောက်၊ဆေးလိမ်း၊လေဆာပစ်ခြင်းစတဲ့နည်းလမ်းအမျိုးမျိုးနဲ့ကုသနိုင်နေပါပြီ။

    ဘယ်ကိစ္စမဆို အဆိုးအကောင်းဒွန်တွဲနေလေ့ရှိပြီး မိတ်ကပ်လိမ်းတဲ့ကိစ္စမှာလည်းဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့လှဖို့ပဖို့မိတ်ကပ်လိမ်းတဲ့အခါ ဖြစ်လာနိုင်တဲ့မလိုလားအပ်သောဆိုးကျိုးတွေကိုလည်းသတိထားဂရုတစိုက်ရှိဖို့အလွန်ပဲအရေးကြီးလှပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement