backup og meta

ပန်းသီးရှာလကာရှည်နဲ့ မျက်နှာသန့်စင်ခြင်းရဲ့ ကောင်းကျိုး


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းသီးရှာလကာရှည်နဲ့ မျက်နှာသန့်စင်ခြင်းရဲ့ ကောင်းကျိုး

    ရှာလကာရည်ဆိုတာ အိမ်ထောင်ရှင်လေဒီလေးတွေ ဟင်းချက်တဲ့အခါ အသုံးများတဲ့ ပစ္စည်းတစ်မျိုးပါ။ အသားစိမ်း၊ ငါးစိမ်းတွေကို အညှီနံ့ပျောက်အောင်၊ အသားနူးအောင် စိမ်ထားတာ၊ အချဉ်ဓာတ် ပေးစွမ်းနိုင်ဖို့၊ အသုပ်သုပ်တဲ့ အခါမှာလည်း အရသာချဉ်ချဉ်လေးဖြစ်အောင် ရှာလကာရည်ကို အသုံးပြုတတ်ကြပါတယ်။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပိုအသုံးများလာပါတယ်။ ပန်းသီး၊ သကြား၊ တစေးနဲ့ အချဉ်ဖောက်ထားပြီး Probiotic လို့ခေါ်တဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တယ်။ ပန်းသီးအရသာ သင်းသင်းလေးနဲ့မို့ ဟင်းချက်တဲ့နေရာမှာသာမက အလှအပအတွက်ပါ အသုံးပြုနိုင်ပါတယ်။

    ပန်းသီးရှာလကာရည်က အသားအရေအတွက် ဘယ်လိုအကျိုးပြုလဲ။

    • အရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတယ်။

    မှိုပိုးတွေကို ဖယ်ရှားပေးတယ်။

    • အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

    ဝက်ခြံနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးတယ်။

    နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို ကုသရာမှာလည်း အသုံးဝင်တယ်။

    • အရေးအကြောင်းတွေကိုလည်း ပျောက်စေပါတယ်။

    ပန်းသီးရှာလကာရည်ကို ဘယ်လိုအသုံးပြုမလဲ။

    ၁။ မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပြီးသွားတဲ့အခါ ခြောက်အောင် သုတ်ပေးပါ။ ပြီးသွားရင် ပန်းသီးရှာလကာရည်နဲ့ မျက်နှာအနှံ့လိမ်းပြီး ၅မိနစ်ကနေ ၁၀ မိနစ်အထိ ထားထားပေးပါ။ ရေအေးနဲ့ ပြောင်စင်အောင် ပြန်ဆေးကြောပါ။ cleanser အဖြစ်သုံးပေးတာဖြစ်ပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးပြီး ကြည်လင်ရှင်းသန့်စေပါတယ်။

    ၂။ ခုပြောမယ့် နည်းလမ်းကတော့ toner အနေနဲ့ သုံးဖို့ပါ။ ရေ ၂ဆ၊ ပန်းသီးရှာလကာရည် ၁ဆ ရောပြီး သမအောင် မွှေပေးရပါမယ်။ ပြီးသွားရင် လက်ပေါ်တင်ပြီး မျက်နှာကို ဖြည်းဖြည်းချင်း ပုတ်ပေးတာဖြစ်စေ၊ စပရေးဖျန်းတဲ့ ဘူးသေးထဲ ထည့်ပြီး မျက်နှာကို ဖျန်းလိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် (Sensitive Skin) ဆိုရင်တော့ ရေကို ၃ဆလောက်ထိ ပိုထည့်ပေးသင့်ပါတယ်။

    ၃။ မျက်နှာပေါ်မှာ အနီစက်တွေ ထတတ်တဲ့သူတွေဆိုရင် ပန်းသီးရှာလကာရည် ၂စက် ၃စက်လောက်ကို ဂွမ်းလုံးလေးပေါ်မှာ တင်ပြီး အနီစက်ရှိတဲ့နေရာတွေကို ဖွဖွလေး ပွတ်ပြီး လိမ်းပေးပါ။ ဝက်ခြံသမားတွေအတွက်လည်း ဝက်ခြံရှိတဲ့နေရာကို ရှာလကာရည်နည်းနည်း ဂွမ်းစနဲ့ သုတ်လိမ်းပေးခြင်းဖြင့် ပိုးသေစေပြီး သက်သာတာ မြန်စေတယ်။

    ၄။ ကမ်းခြေသွားပြီး နေလောင်ခံထားသူတွေအတွက် အကောင်းဆုံးကုသနည်းကတော့ ရေအေးအေးနဲ့ စိမ်ချိုးတာပါပဲ။ စိမ်ချိုးတဲ့ရေထဲကို ရှာလကာရည် နည်းနည်းရောစပ်ခြင်းဖြင့်လည်း အသားအရေကို အေးမြစိုပြေစေသလို အနာကျက်မြန်စေနိုင်ပါတယ်။

    ၅။ အသားအရေကို ချေးချွတ်ဖို့အတွက် DIY Scrub လေးတွေ လုပ်တဲ့နေရာမှာ သကြား၊ ပျားရည်၊ ပန်းပွင့်၊ ကြိတ်ထားတဲ့ ကော်ဖီ၊ အုတ်ဂျုံ စတာတွေကို သံလွင်ဆီ၊ အုန်းဆီ၊ သံပရာရည်၊ ရှားစောင်းလက်ပပ် စတာတွေနဲ့ ရောစပ်တတ်ကြပါတယ်။ ဒီလိုရောတဲ့အခါမှာ ပန်းသီးရှာလကာရည် ၁စက် ၂စက်လောက် ရောပြီး ထည့်မွှေပေးရင်လည်း အာနိသင်ပိုကောင်းသလို ချေးချွတ်ပြီး အသားခြောက်သွားတာမျိုး မဖြစ်အောင် အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။

    ပန်းသီးရှာလကာရည် (Apple Cider Vinegar) ဟာ ကိုယ်ခန္ဓာနဲ့ အသားအရေကျန်းမာစေဖို့ အကျိုးပြုတဲ့ အစားအစာဆိုလည်း မမှားပါဘူး။ အသားအရေကို ထိန်းသိမ်းတဲ့ နေရာမှာ ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေကလွဲရင် ကျန်တဲ့သူတွေ အကုန်နီးပါး အသုံးပြုလို့ရသလို ဓာတ်မတည့်တာ၊ အရေပြားယားယံတာမျိုးလည်း အဖြစ်နည်းပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အလွန်အကျွံသုံးတာမျိုး၊ ရှာလကာရည် အများကြီးရောစပ်တာမျိုး မလုပ်သင့်သလို မသုံးခင်မှာ လက်ပေါ် နည်းနည်းလိမ်းပြီး ကိုယ့်အသားအရေနဲ့ အဆင်ပြေလားဆိုတာ အရင်စမ်းကြည့်သင့်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement