ကြွက်နို့တွေ၊ ရေယုန်တွေ ကူးခံရတဲ့အခါမှာလည်း အဖုတွေ၊ အရည်ကြည်ဖုတွေက ယားယံတတ်ပါသေးတယ်။
ယားယံလို့ ကုတ်တဲ့အတွက် မိန်းမကိုယ်၊ လိင်တံ၊ ပေါင်ခြံတစ်ဝိုက်မှာ နီရဲရောင်ရမ်းတာ၊ စပ်ဖျင်းဖျင်းဖြစ်တာတွေ ခံစားရတတ်ပါတယ်။
အမျိုးသမီးတွေမှာ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ အဖြူတွေဆင်းပြီး အမျိုးသားတွေမှာဆိုရင်တော့ လိင်တံထိပ်ကနေ အရည်တွေ ဆင်းတတ်ပါတယ်။ ဒီလိုအရည်တွေ ဆင်းစေတတ်တဲ့ ကူးစက်ရောဂါတွေကတော့ ကလိုင်မဲဒီးယား၊ ဂနို၊ ရေယုန်၊ Trichomoniasisတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင် အရောင်မျိုးစုံဆင်းတတ်ပါတယ်။ မီးခိုးရောင်၊ အစိမ်းရောင်၊ ဝါဖန့်ဖန့် စတာတွေ ဆင်းတတ်ပါတယ်။ ပမာဏများပြီး ရံဖန်ရံခါ မိန်းမကိုယ်ယားယံတတ်ပါတယ်။ အနံ့လည်း ဆိုးပါတယ်။ ငါးညှီနံ့လိုမျိုးတွေလည်း ရတတ်ပါတယ်။ အဖြူဆင်းတာအပြင် ရာသီသွေးဆင်းမမှန်တာတွေလည်း ဖြစ်တတ်ပါတယ်။
အမျိုးသားတွေမှာတော့ လိင်တံကနေ အရည်ကြည်တွေ၊ ပြည်လိုမျိုး ဖြူပျစ်ပျစ်တွေ အများဆုံးဆင်းပါတယ်။ လိင်အင်္ဂါတွေအပြင် စအိုကနေလည်း ဆင်းတတ်ပါသေးတယ်။
ဒါကိုတော့ အမျိုးသမီးတွေက အဓိက ခံစားရပါတယ်။ အရင်ကအကောင်း၊ ခုတလော အတူတူနေတိုင်း မိန်းမကိုယ်က နာနေပြီဆိုရင် လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလိုင်မဲဒီးယား၊ ဂနို၊ Trichomoniasisတွေကြောင့် ဖြစ်တတ်ပါတယ်။
ရေယုန်နဲ့ ကြွက်နို့မှာ အဖုတွေ၊ အရည်ကြည်ဖုတွေက မွေးလမ်းကြောင်းထဲထိ ပေါက်နေတဲ့အခါ အတူနေရင် နာတတ်ပါတယ်။
တချို့ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေက ဆီးပိုးဝင်တာနဲ့ ဆင်တူပါတယ်။ အထူးသဖြင့် ဆီးပူဆီးကျဉ်တာ ဖြစ်တတ်ပါတယ်။ ကလိုင်မဲဒီးယားနဲ့ ဂနိုကူးစက်တဲ့အခါ ဒါမျိုးခံစားရတတ်ပါတယ်။ ရေယုန်နဲ့ Trichomoniasisတွေမှာလည်း တွေ့ရတတ်ပါတယ်။
အမျိုးသားတွေမှာ ဝှေးစေ့အောင့်နေရင် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုလည်း သံသယဖြစ်သင့်ပါတယ်။ ကလိုင်မဲဒီးယားနဲ့ ဂနိုကြောင့် အဖြစ်များပါတယ်။
လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေ ခံစားနေရတယ်လို့ သံသယရှိတဲ့အခါ ဘာလုပ်ကြမလဲ။
လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာတွေ ခံစားရတယ်လို့ ထင်ရင်
- ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။
- မိမိအဖော်ကိုပါ ဆေးစစ်ပါ။ သူ့ဆီကနေ ကူးတာဖြစ်နိုင်သလို သူ့ကို ကူးသွားတာလည်း ဖြစ်နိုင်တဲ့အတွက် အတွဲလိုက်ကုသဖို့ လိုပါတယ်။
- ရောဂါကုလို့ မပြီးမချင်း အတူနေတာာကို ရှောင်ပါ။ ကွန်ဒုံးအသုံးပြုနိုင်ပေမယ့် တချို့ရောဂါတွေကို အပြည့်အဝကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
လိင်ကတဆင့်ကူးစက်ရောဂါ ခံစားရတယ်လို့ သံသယရှိတဲ့အခါ ဆေးခန်းပြဖို့ မရှက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လိင်ကတဆင့်ကူးစက်ရောဂါတွေကို သေချာကုသမယ်ဆိုရင်
- အများစုက ပျောက်ကင်းနိုင်ပါတယ်။
- ခံစားရတဲ့ လက္ခဏာတွေ မြန်မြန်သက်သာစေပါတယ်။
- မိမိအဖော်ကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေပြီး ပြန်လည်ကျန်းမာစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။