အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။
သာမန်အဖြူဆင်းတဲ့အချိန်
-သားဥကြွေခါနီးအချိန်
– ပျိုဖော်ဝင်စအချိန်
-ကိုယ်ဝန်ဆောင်ချိန်
-အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။
နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။
ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကြောင့်ပါ။ အီစထရိုဂျင်က ရောဂါပိုးတွေ မိန်းမကိုယ်ထဲ ဝင်မလာအောင် မိန်းမကိုယ်က အချွဲတွေကို ပျစ်ထားတဲ့သဘောပါ။ ဒါကို အဖြူဆင်းတယ်လို့ ခေါ်ပါတယ်။
ပုံမန်မဟုတ်တဲ့ အဖြူဆင်းခြင်းများ
အဖြူဆင်းရုံသက်သက် မဟုတ်ဘဲ
-အရောင်တွေ ပါလာမယ်၊ ချိစ်လို ခပ်ပျစ်ပျစ် ကပ်ကပ် ဆင်းလာမယ်၊ ပမာဏ များလာမယ်။
–မိန်းမကိုယ်ယားပြီး နေမထိထိုင်မသာ ဖြစ်မယ်။
-ဆီးသွားရင် မိန်းမကိုယ်က နာမယ်၊ ဆီးပူ၊ ဆီးကျဉ်မယ်။
-ရာသီချိန်မဟုတ်ဘဲ သွေးဆင်းမယ်။
-အနံ့ဆိုးတွေ ထွက်မယ်ဆိုရင်တော့ ဒါဟာ သဘာဝအတိုင်း အဖြူဆင်းတာ မဟုတ်ပါဘူး။ ရောဂါတစ်ခုခုကြောင့် ဖြစ်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။
အဖြစ်များတဲ့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းများ
–ငါးညှီနံ့နံနေရင် မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းတာ
-ဖြူဖြူပျစ်ပျစ် ချိစ်လိုမျိုးဆိုရင် မှိုပိုးဝင်တာ
-အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်၊ အမြုပ်လည်းပါတယ်ဆိုရင် Trichomoniasis
-ပြည်တွေ၊ သွေးဆင်းတယ်၊ မိန်းမကိုယ်က နာတယ်ဆိုရင် ကလဲမိုင်းဒီးယား ( Chlamydia တို့၊ ဆီးပူညောင်းကျတို့ ဖြစ်နိုင်ပါတယ်။
တစ်ခုချင်းစီမှာ အဖြူဆင်းတာအပြင် ဘာလက္ခဏာတွေ ပြတတ်သေးလဲဆိုတာကို ဆက်ကြည့်ရအောင်။
ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းတာ (Bacterial vaginosis)
အဓိကကတော့ မိန်းမကိုယ်မှာ ရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယား lactobacillusတွေ နည်းသွားပြီး ပြင်ပက ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ ဝင်လာလို့ပါပဲ။ မိန်းမကိုယ် အက်စစ်ဓာတ် pHပျက်ယွင်းသွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
သိသာတဲ့ လက္ခဏာတွေတော့ အနံ့ပြင်းလွန်းတာပါပဲ။ ငါးညှီနံ့လိုမျိုး ထွက်တတ်ပါတယ်။ အတူနေပြီးတဲ့အချိန်၊ ရာသီလာပြီးခါစအချိန်ဆို မိန်းကမကိုယ် အက်စစ်ဓာတ်က အယ်ကာလီဘက်ပိုရောက်သွားလို့ အဲ့ဒီအချိန်တွေဆို အနံ့ပိုပြင်းပါတယ်။ မီးခိုးရောင်ဆင်းပါတယ်။
မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ နီတာ သိပ်မဖြစ်ပါဘူး။
မှိုပိုးဝင်တာ
မှိုထဲမှာတော့ မှက္ခရုမှို (Candida)ပိုး ဝင်တာ အများဆုံးပါပဲ။ ခုခံအားမကောင်းတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူ၊ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ စွဲသောက်နေရတဲ့သူတွေ အပြင် ကိုယ်ဝန်ဆောင်နဲ့ လေဝင်လေထွက်မကောင်းတဲ့၊ ချွေးမစုပ်တဲ့ အတွင်းခံကို ကြာကြာဝတ်မယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ချိစ်လို အဖြူပျစ်ပျစ်တွေ ဆင်းတာပါ။ ဒါ့ပြင် မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ အတူနေရင် နာတာ အဖြစ်များပါတယ်။ ယားလို့ ကုတ်ထားတဲ့အတွက် မိန်းမကိုယ် ပွန်းပဲ့တတ်ပါတယ်။ ရာသီမလာခင်မှာ လက္ခဏာခံစားရတာ အဆိုးဆုံးပါပဲ။
Trichomoniasis
ကပ်ပါးပိုးကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ကူးတတ်ပါတယ်။
လက္ခဏာတွေကတော့
-စိမ်းဖန့်ဖန့် အဖြူတွေ ဆင်းပါတယ်။ အမြုပ်ပါနိုင်ပါတယ်။
-ပမာဏလည်း များပါတယ်။ အနံ့လည်း နံပါတယ်။
-မိန်းမကိုယ် ယားပြီး ရောင်ပါတယ်။ ပေါင်တွင်းသားတွေပါ ယားတတ်ပါတယ်.
-ဆီးသွားရင်၊ အတူနေရင် နာပါတယ်။
-မိန်းမကိုယ်ထဲ၊ သားအိမ်ခေါင်းကို စစ်ဆေးကြည့်ရင် စတော်ဘယ်ရီလိုမျိုး အနီသားပေါ်မှာ အဖြူစက်လေးတွေ တွေ့ရပါတယ်။
ကလဲမိုင်းဒီးယား ( Chlamydia) ပိုးဝင်ခြင်း
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။
မိန်းမကိုယ်က အဝါရောင် ပြည်လိုမျိုး အဖြူဆင်းတာအပြင် ဆီးကျဉ်တာ၊ ဆီးခဏခဏ သွားချင်တာ၊ မိန်းမကိုယ်ကနာတာ၊ အတူနေရင်နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဗိုက်လည်း အောင့်တတ်ပါတယ်။
ဆီးပူညောင်းကျပိုးဝင်တာ
ဂနိုလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ မိန်းမကိုယ်ကနေ ပြည်လိုမျိုး အရည်တွေ ဆင်းတတ်ပြီး သားအိမ်ခေါင်းကို လက်နဲ့ ထိမိလိုက်တာနဲ့ အလွယ်တကူ သွေးထွက်နိုင်ပါတယ်။ ဆီးပူတာ၊ မိန်းမကိုယ်ယားတာလည်း ဖြစ်တတ်ပါတယ်။
Takeaways
အမျိုးသမီးများအနေနဲ့ သာမန်အဖြူဆင်းတာနဲ့ ရောဂါကြောင့် အဖြူဆင်းတာကို အကြမ်းဖျင်း ခွဲတတ်ဖို့ လိုပါတယ်။ အရောင်တွေ၊ အနံ့တွေ၊ အပျစ်အကျဲတွေ ပြောင်းလာပြီး မိန်းမကိုယ်ယားတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ သာမန်ထက် ရောဂါကြောင့် ဖြစ်ဖို့များတယ်ဆိုတာကို သတိထားသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။