ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန် ဖြစ်ဖူးသလား။ ဒါဆိုရင် လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။
လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။
လိင်အင်္ဂါရေယုန် နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက
လိင်အင်္ဂါရေယုန် ဘယ်ကစဖြစ်တာလဲ။
လိင်အင်္ဂါရေယုန်က လိင်ကတဆင့် ကူးစက်တာများပါတယ်။ ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်က တံတွေး၊ မိန်းမကိုယ်အရည်၊ သုက်ရည်တွေထဲမှာ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်က အမြှေးပါးတွေ (ပါးစပ်၊ လိင်အင်္ဂါ)ကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အောင်းနေတတ်ပါတယ်။
ဆေးကုလည်း အပြင်က လက္ခဏာတွေပဲ သက်သာပါတယ်။ သူကတော့ ကိုယ်ထဲက (လိင်အင်္ဂါရေယုန်ဆို တင်ပဆုံထဲက) အာရုံကြောတွေမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ထွက်လာပါတယ်။
ရေယုန်ဗိုင်းရပ်စ်က နှစ်မျိုး နှစ်စားရှိပါတယ်။
- HSV 1 (ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁) – များသောအားဖြင့် ပါးစပ်တစ်ဝိုက်မှာ ပေါက်တတ်ပြီး အရေပြားချင်း ထိတွေ့ရာက ကူးစက်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ရှိတဲ့ အနာ၊ အရည်ဖုနဲ့ ထိမိရင်ပေါ့။ လိင်ကတဆင့် တိုက်ရိုက်ကူးတာ မဟုတ်ပေမယ့် ပါးစပ်နဲ့ ဆက်ဆံတဲ့အချိန်မှာ သူများဆီကို ကူးသွားတတ်ပါတယ်။ အမျိုးအစား ၂လောက်တော့ ခဏခဏ ပြန်မဖြစ်ပါဘူး။
- HSV 2 (ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၂) – လိင်ဆက်ဆံရင်း သုက်ရည်၊ မိန်းမကိုယ်အရည်ကနေ ကူးစက်တတ်သလို၊ အရေပြားချင်းထိရာကလည်း ကူးစက်နိုင်ပါတယ်။ အမျိုးအစား ၁ထက် ပိုပြီး ကူးလွယ်ပါတယ်။ မြင်သာတဲ့ အနာရှိရှိ၊ မရှိရှိ ကူးနိုင်ပါတယ်။
ကံကောင်းတာတစ်ချက်က ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူ သုံးထားတဲ့ အိမ်သာတွေ၊ ကိုင်ထားတဲ့ ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။
လိင်အင်္ဂါရေယုန်ရဲ့ လက္ခဏာတွေက
လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ တချို့က ပိုးရှိပေမယ့် လက္ခဏာမပြပါဘူး။ တချို့က ပြပေမယ့် မပြင်းထန်ပါဘူး။ လက္ခဏာပြတဲ့ သူတွေကလည်း ဗိုင်းရပ်စ်ဝင်ပြီး ၂ရက်ကနေ ၁၀ရက်လောက်နေမှ စပြပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
- နာတာ၊ ယားတာ – မြင်ရလောက်တဲ့ အနာ၊ အဖုမရှိဘဲ လိင်အင်္ဂါက နာတာ၊ ယားတာ ဖြစ်တတ်ပါတယ်။
- အရည်ကြည်ဖု – ပိုးဝင်ပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် တစ်ခုလောက်နေရင် အရည်ကြည်ဖုတွေ၊ အနီဖုတွေ ထွက်လာပါတယ်။
- အနာဖြစ်တာ – ခုနက အရည်ကြည်ဖုပေါက်သွားရင် အနာဖြစ်ကျန်ခဲ့ပါတယ်။ ဆီးသွားရင် နာပါတယ်။
- အနာဖေး – အနာကျက်ပြီး ခြောက်သွားရင် အနာဖေးအဖြစ် ကွာကျလာပါတယ်။
တစ်ခါတလေ အနာပေါက်တာ၊ အရည်ကြည်ဖုထွက်တာအပြင် တုပ်ကွေးလို ခေါင်းကိုက်တာ၊ ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ ပေါင်ခြံမှာ အကျိတ်ထွက်တာတွ ဖြစ်တတ်ပါတယ်။
ဘယ်နေရာတွေမှာ တွေ့ရတတ်သလဲ။
ခန္ဓာကိုယ်ကို ဘယ်ကဝင်သလဲအပေါ် မူတည်ပါတယ်။ အနာကို ထိမယ်၊ လက်မဆေးဘဲ တခြားနေရာကို ထိမယ်၊ မျက်လုံးကို ပွတ်မယ်ဆိုရင် အဲ့ဒီနေရာတွေမှာပါ လိုက်ဖြစ်မှာပါ။
အတွေ့ရများတဲ့ နေရာတွေကတော့
- တင်ပါးနဲ့ ပေါင်
- ပါးစပ်
- စအို
- ဆီးလမ်းကြောင်းမှာ တွေ့ရတတ်ပါတယ်။
အမျိုးသမီးတွေမှာဆိုရင်တော့
- မိန်းမကိုယ်
- သားအိမ်ခေါင်း
- မိန်းမကိုယ် အပြင်အရေပြားမှာ တွေ့ရတတ်ပါတယ်။
အမျိုးသားတွေမှာ ဆိုရင်တော့
- လိင်တံ
- ကပ္ပာယ်အိတ်တွေမှာ တွေ့ရပါတယ်။
ကုသလို့ရနိုင်သလား။
ပိုးက တစ်ခါဝင်ပြီးရင် အာရုံကြောတွေထဲမှာ အောင်းနေတဲ့အတွက် အမြစ်ပြတ်အောင် ကုလို့မရနိုင်ပါဘူး။ အခါအခွင့်သင့်တိုင်းမှာ ပြန်ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ထွက်လာတဲ့ အနာတွေကို ပျောက်ကင်းအောင်လုပ်ပြီး ပိုးကို ကြွမလာအောင်တော့ လုပ်လို့ရပါတယ်။ အပေါ်က လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ သွားပြပါ။
- ၅ရက်အတွင်းဆို သောက်ဆေးပေးပြီး မြန်မြန်ပျောက်အောင် လုပ်လို့ရပါတယ်။
- အနာကို လိမ်းဖို့ ဆေးတွေလည်း ရှိပါတယ်။
တခြား ဆောင်ရန်၊ ရှောင်ရန်တွေကတော့
- အရည်ကြည်ဖုတွေ ပိုးမဝင်အောင် ဆားရည်နွေးနွေးလေးနဲ့ ဆေးတာဖြစ်ဖြစ်၊ ရိုးရိုးရေနဲ့ ဆေးတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
- နာတယ်ဆိုရင် ရေခဲထုပ်ကို အဝတ်နဲ့ ပတ်ပြီး အရည်ကြည်ဖုပေါ် ကပ်ပေးနိုင်ပါတယ်။
- ဆီးသွားတဲ့အခါ အနာသက်သာအောင် vaseline ဂျယ် တို့ပေးနိုင်ပါတယ်။
- ဆီးသွားနေတဲ့အချိန် လိင်အင်္ဂါကို ရေလောင်းချပြီး အနာသက်သာအောင် လုပ်ပေးနိုင်ပါတယ်။
- အနာကို ထိတွေ့ကိုင်တွယ်ပြီးတိုင်းမှာ လက်ဆေးပါ။
- အနာကို ထိခိုက်စေနိုင်မယ့် အဝတ်အစားကျပ်ကျပ်တွေ မဝတ်ပါနဲ့။
- အနာကို ဆေးလိမ်းချိန်ကလွဲပြီး မထိပါနဲ့။
- အနာမပျောက်မချင်း လိင်မဆက်ဆံပါနဲ့။
ဘယ်လိုကာကွယ်ကြမလဲ။
ကိုယ်ကနေ သူများဆီကို မကူးအောင်၊ သူများဆီကနေ ကိုယ့်ကို မကူးအောင် တတ်နိုင်သမျှ ကာကွယ်ဖို့လိုပါတယ်။ လိင်အင်္ဂါရေယုန်ကာကွယ်နည်းကတော့ တခြားလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နည်းအတိုင်းပါပဲ။
- လက်ရှိမှာ ရောဂါဖြစ်ပြီး အရည်ကြည်ဖုတွေ ရှိနေရင် လိင်မဆက်ဆံပါနဲ့။ အနာအရှင်းပျောက်မှ လိင်ဆက်ဆံပါ။ လိင်အင်္ဂါမှာဖြစ်ဖြစ်၊ တခြားနေရာမှာ ဖြစ်ဖြစ် ရေယုန်ပေါက်နေရင် လိင်မဆက်ဆံသင့်ပါ။
- တတ်နိုင်ရင် ကွန်ဒုံးသုံးပါ။ အထူးသဖြင့် ဇနီးမယားမဟုတ်တဲ့ သူနဲ့ဆိုရင် ပိုတောင်သုံးသင့်ပါတယ်။
လိင်အင်္ဂါရေယုန် ပြန်ဖြစ်လာရင်
လိင်အင်္ဂါရေယုန်ပိုးက အောင်းနေတဲ့အတွက် အခါအခွင့်သင့်ရင် ပြန်ထွက်လာတတ်ပါတယ်။ ဥပမာ
- နေလောင်ခံရပြီး ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ
- လိင်အင်္ဂါနေရာ ပွန်းပဲ့တဲ့အခါ
- အရက်တွေ၊ ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါ
- စိတ်ဖိစီးမှုများတဲ့အခါ
- နေမကောင်းဖြစ်တဲ့အခါ
- ကိုယ်ခံအားကျတဲ့အခါ
- အမျိုးသမီးတွေဆို ဓမ္မတာချိန်မှာ ပြန်ပြန်ဖြစ်တတ်ပါတယ်။
လိင်အင်္ဂါရေယုန်က ပျောက်သွားပြီး နှစ်တွေကြာလည်း အပေါ်က အချက်တွေနဲ့ ကြုံကြိုက်တဲ့အခါ ပြန်ထွက်လာတတ်ပါတယ်။ တချို့တွေကျတော့လည်း ကြာလာလေလေ ပြန်ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။
ပြန်ဖြစ်လာပြီဆိုရင် အနာမဖြစ်ခင်မှာ
- ပေါက်မယ့်နေရာက နာသလို၊ ကျဉ်သလို ခံစားရတတ်ပါတယ်။
- ခါးတွေ၊ တင်ပါးတွေ၊ ခြေထောက်တွေ နာတတ်ပါတယ်။
ကံကောင်းတာက နောက်ထပ်ဖြစ်တဲ့ ရေယုန်တွေက ပထမအခါလောက် မဆိုးတော့ပါဘူး။ မြန်မြန်လည်း ပျောက်ပါတယ်။
လိင်အင်္ဂါရေယုန်ကို ကုသသင့်ပါသလား။
ရေယုန်က အသက်အန္တရာယ်ထိခိုက်လောက်အောင် မဆိုးဘူးဆိုပေမယ့် တချို့သူတွေမှာ နောက်ဆက်တွဲ အနေနဲ့
- HIVအပါအဝင် တခြားသော လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဝင်လွယ်တာ
- ကိုယ်ဝန်ဆောင်အမေမှာ ရေယုန်ရှိတယ်ဆို မွေးလာတဲ့ ကလေးကို မွေးလမ်းကြောင်းကတဆင့် ကူးနိုင်တာ
- ဆီးလမ်းကြောင်းထိခိုက်တာ
- မစင်အိမ်ရောင်ရမ်းတာ (အထူးသဖြင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ)
- ရှားရှားပါးပါး ဦးနှောက်အမြှေးရောင်တာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကုရလွယ်တဲ့ ရေယုန်ကို အချိန်မဆွဲဘဲ ထိထိရောက်ရောက် ကုသထားသင့်ပါတယ်။
ရေယုန်ရောဂါက အဖြစ်များတဲ့ရောဂါပါ။ ဒါပေမယ့် ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီး အလွယ်တကူပျောက်ကင်းနိုင်တာကြောင့် ဖြစ်လာရင် သေသေချာချာ ကုသဖို့ အကြံပေးလိုပါတယ်။
[embed-health-tool-ovulation]