backup og meta

လိင်အင်္ဂါ ရေယုန်

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


22/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်အင်္ဂါ ရေယုန်

    လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အများကြီးရှိတာ တော်တော်များများ သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။

    ဒီရောဂါတွေထဲကမှ အဖြစ်များလှတဲ့ လိင်အင်္ဂါ ရေယုန် ရောဂါအကြောင်း ပြောပြချင်ပါတယ်။

    လိင်အင်္ဂါ ရေယုန် ဆိုတာ ဘာလဲ

    လိင်အင်္ဂါရေယုန် ဆိုတာက လိင်ဆက်ဆံရာကတစ်ဆင့် အဓိကကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အနာ၊ အရည်ကြည်ဖုတွေ ဖြစ်စေသလို အရည်တွေစိမ့်လာတာမျိုးလည်း ရှိပါတယ်။ အသက် ၁၄နှစ်နဲ့ ၄၉နှစ်ကြား လူတွေရဲ့ ၁၆ ရာခိုင်နှုန်းမှာ ဒီလိုကူးစက်မှု ရှိနေကြပါတယ်။

    ဘာကြောင့် ဖြစ်တာလဲ

    herpes simplex virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ အဲဒီပိုးက မိမိမှာတင် ရပ်တန့်နေမှာ မဟုတ်ဘဲ မိမိရဲ့ အိမ်ထောင်ဖက်၊ ချစ်ရသူ၊ လက်တွဲဖော်တွေကိုပါ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်မို့  ကုသမှုမြန်မြန် ခံယူပြီး သူများကို ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လိုပါတယ်။

    ဘယ်လို ကူးစက်လဲ

    သင့်ရဲ့အရေပြားအောက်မှ အမြှေးပါးလေးတွေကတစ်ဆင့် ဝင်သွားတာပါ။ အဲဒီအမြှေးပါးတွေက သင့်ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်နေရာတွေကို ဖုံးအုပ်ထားတဲ့အရာတွေပါ။ သင့်ရဲ့ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါတို့မှာ တွေ့နိုင်ပါတယ်။

    အဲဒီဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်သွားပြီဆိုရင် သင့်ရဲ့ဆဲလ်တွေနဲ့ တွယ်ကပ်လိုက်ပါတယ်။ ဒီပိုးတွေဟာ သူတို့ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ပွားနိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းရှိတာမို့ ကုသရတာ ခက်ခဲတတ်ပါတယ်။

    ဒီပိုးတွေကိုတော့ ပိုးရှိတဲ့သူရဲ့ သုက်ရည်၊ တံတွေး၊ မိန်းမကိုယ်အရည်တွေမှာ တွေ့နိုင်ပါတယ်။

    လိင်အင်္ဂါ ရေယုန် ရဲ့ လက္ခဏာတွေက ဘာတွေလဲ

    ယေဘုယျလက္ခဏာတွေကတော့ အမျိုးသားတွေမှာ လိင်တံ၊ စအိုတစ်ဝိုက်နဲ့ ကပ္ပါယ်အိတ်မှာ အရည်ကြည်ဖုတွေ ပေါက်လာတာဖြစ်နိုင်ပါတယ်။

    အမျိုးသမီးတွေမှာဆိုရင်တော့ မိန်းမကိုယ်၊ တင်ပါးနဲ့ စအိုမှာ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ်။

    အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    • ပါးစပ်နဲ့ နှုတ်ခမ်းမှာ အရည်ကြည်ဖု ဖြစ်တာ၊ ပိုးရှိတဲ့နေရာနဲ့ ထိတွေ့မိတဲ့နေရာတိုင်းမှာ ဖြစ်တတ်ပါတယ်
    • လိင်အင်္ဂါတစ်ဝိုက်မှာ နာကျင်တာ၊ ယားယံတာ၊ ထုံကျင်တာ၊ ရဲနေတာ
    • အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်သွားတာ
    • အရည်ကြည်ဖုမပေါက်ခင်မှာ ကူးစက်ခံရတဲ့နေရာက ယားနာ၊ ထုံကျင်တာ
    • ခေါင်းကိုက်၊ ခန္ဓာကိုယ်ကိုက်ခဲပြီး ဖျားတာ
    • အကျိတ်တွေထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အဲဒီအပြင် အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုရှိပါသေးတယ်။

    ဒါကတော့ သင့်မှာ ကိုယ်ဝန်ရှိနေသလား ဆိုတာကိုသတိထားကြည့်ဖို့ပါပဲ။

    လိင်အင်္ဂါရေယုန်ဖြစ်နေတုန်း ရိုးရိုးမွေးလိုက်တဲ့ ကလေးတွေမှာ မျက်နှာ၊ ခန္ဓာကိုယ်နဲ့ လိင်အင်္ဂါတို့မှာ အနာဖြစ်တာတွေ ရှိတတ်ပါတယ်။

    တခြားပိုမိုပြင်းထန်တဲ့ လက္ခဏာတွေလည်း ရှိပါသေးတယ်။ ဥပမာ ဦးနှောက်ပျက်စီးတာ၊ မျက်စိကွယ်သွားတာ၊ သေဆုံးတာတို့ ဖြစ်နိုင်ပါတယ်။

    မိမိကိုတင် ထိခိုက်နိုင်တာမဟုတ်ဘဲ မိမိရင်သွေးကိုပါ ထိခိုက်နိုင်တာမို့ အထူးသတိထားဖို့လိုပါတယ်။

     လိင်အင်္ဂါ ရေယုန် ရောဂါ ရှိမရှိ ဘယ်လိုသိနိုင်မလဲ

    လိင်အင်္ဂါရေယုန် ဟာ ဒီလိုလက္ခဏာတွေကို ဖြစ်စေတဲ့ တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပါဘူး။ မိန်းမကိုယ်မှိုစွဲတာ၊ ဆီးပိုးဝင်တာမျိုးတွေနဲ့လည်း တစ်ခါတစ်ရံ မှားတတ်ပါတယ်။ တိတိကျကျ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြသတာပါပဲ။

    စမ်းသပ်စစ်ဆေးမှု၊ သွေးစစ်ဆေးမှု၊ ပိုးစစ်ဆေးမှုတို့နဲ့ ဒီရောဂါဟုတ်မဟုတ် အတည်ပြုနိုင်ပါတယ်။

    သင့်မှာ လိင်ဆက်ဆံမှုရှိခဲ့လို့ ဒီလိုရေယုန်ပိုးမျိုး ရှိနေနိုင်တယ် ယူဆရင် သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    22/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement