backup og meta

အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ

    အရေးပေါ်တားဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုပြီးတဲ့နောက် ဒါမှမဟုတ် ပုံမှန်သုံးနေကျ သန္ဓေတားနည်းက တစ်ခုခု ချို့ယွင်းသွားလို့ (ဥပမာ ကွန်ဒုံးပေါက်သွားတာမျိုး) ဒါမှမဟုတ် တစ်နေ့တစ်လုံးသောက်နေကျ သောက်ဆေးသောက်ဖို့ မေ့သွားတဲ့အခါမျိုးမှာ သုံးလို့ ရပါတယ်။

    အရေးပေါ်သန္ဓေတားနည်းအနေနဲ့ သောက်ဆေးနဲ့ အရေးပေါ်သားအိမ်အတွင်းထည့်နည်းဆိုပြီး နှစ်မျိုးရှိပေမယ့် အသုံးများတာက သောက်ဆေးဖြစ်တဲ့အတွက် သောက်ဆေးအကြောင်းကိုပဲ ပိုဆွေးနွေးလိုပါတယ်။ အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ အကြောင်းအရာလေးတွေကို ပြောပြပေးသွားပါမယ်။

    အရေးပေါ်တားဆေးနဲ့ ပတ်သက်လို့ သိသင့်သမျှ

    အရေးပေါ်တားဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး နောက် သုံးရက် (တချို့ဆေးတွေက ငါးရက် ) အတွင်း သောက်လို့ ရပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံမှု ပြီးပြီးချင်း စောစောသောက်လေ ပိုသန္ဓေတားနိုင်လေဖြစ်ပြီး ပိုစိတ်ချရပါတယ်။ နောက်ကျလေ သန္ဓေတားနိုင်စွမ်း ပိုနည်းပါးလေဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့

  • ခေါင်းကိုက်ခြင်း
  •  ဗိုက်အောင့်ခြင်း
  • မအီမသာဖြစ်ခြင်း
  •  ပျို့အန်ခြင်းတွေ ခံစားရနိုင်ပါတယ်။
  • ဒါ့အပြင် ရာသီရက်ပြောင်းခြင်း၊ ရာသီမမှန်ခြင်း၊ ရာသီထိမ်ခြင်း၊ စောလာခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • တချို့တွေမှာ ရာသီလာစဉ်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
  • ဒါပေမယ့် ဒါဟာဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြထားတာသာဖြစ်ပြီး အရေးပေါ်တားဆေးကို သောက်တဲ့လူတိုင်း ဒီဘေးထွက်ဆိုးကျိုးတွေ ကျိန်းသေပေါက်ခံစားရမယ်လို့ မဆိုလိုပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့ပြီး မိမိက ကိုယ်ဝန်လည်းမလိုချင်ဘူးဆိုရင်တော့ အရေးပေါ်တားဆေးဟာ အင်မတန်သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ။

    ဆေးကို ဘယ်လိုသောက်ရမလဲ။

    အရေးပေါ်တားဆေးမှာ တစ်လုံးဆေး၊ နှစ်လုံးဆေး စသဖြင့် အမျိုးမျိုးရှိပါတယ်။ တချို့က တစ်လုံးတည်း သောက်လိုက်ရုံနဲ့ ရပါတယ်။ နှစ်လုံးပါတဲ့ ဆေးဆိုရင်တော့ နှစ်လုံးလုံးသောက်ရမှာပါ။ သောက်တဲ့အခါမှာလည်း ၂လုံး တစ်ခါတည်း သောက်လို့ရသလို တစ်လုံးနဲ့ တစ်လုံးကြား ၁၂နာရီခြားပြီး သောက်လို့လည်း ရပါတယ်။ မေ့မှာစိုးရင် နှစ်လုံးလုံး တစ်ခါတည်းသောက်လိုက်ပါ။

    တကယ်လို့ အရေးပေါ်တားဆေးကို သောက်ပြီး နှစ်နာရီ သုံးနာရီအတွင်းမှာ ပြန်အန်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်တစ်ကြိမ် ထပ်သောက်ဖို့ လိုပါလိမ့်မယ်။

    ဒါ့ပြင် အရေးပေါ်တားဆေးက တခြားဆေးတွေနဲ့ ဓာတ်ပြုပြီး အာနိသင် ကျသွားနိုင်ပါတယ်။ ဒါကြောင့်

    • St John’s Wort
    • အတက်ရောဂါ၊ HIVနဲ့ တီဘီဆေးတွေ သောက်နေရရင်
    • အစာအိမ်ဆေးတွေကို စွဲသောက်နေတဲ့သူဖြစ်ရင်
    • ပိုးသတ်ဆေးသောက်နေတဲ့သူဖြစ်ရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

    သတိထားရမယ့်အချက်တွေ

    အရေးပေါ်တားဆေးဟာ ဆေးမသောက်မီ သုံးရက်ကနေ ငါးရက်အတွင်းဖြစ်လာနိုင်တဲ့ ကိုယ်ဝန်မရအောင် ကာကွယ်တာသာဖြစ်ပြီးတော့ ဆေးသောက်ပြီးချိန်ကစပြီး နောက်ပိုင်း လိင်ဆက်ဆံမှုတွေကြောင့် ရလာမယ့် ကိုယ်ဝန်ကိုတော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

    ဒါကြောင့် အရေးပေါ်တားဆေးသောက်ပြီးမှ ထပ်မံအတူနေမယ်ဆိုရင် ကွန်ဒုံးလို အကာအကွယ်ပစ္စည်းသုံးတာမျိုးက သင့်တော်တဲ့ နည်းလမ်းဖြစ်မှာပါ။ ထပ်နေမိတဲ့အခါ ထပ်သောက်လို့ရပေမယ့် ခဏခဏ သောက်တာက အာနိသင်ကျစေနိုင်ပါတယ်။

    တချို့လူတွေဟာ အရေးပေါ်တားဆေးကို လိင်ဆက်ဆံပြီးတိုင်းသောက်ရတဲ့ ဆေးအဖြစ် အလွဲသုံးနေကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။

    အရေးပေါ်တားဆေးဟာ နာမည်အတိုင်း အရေးပေါ်မှသာ သောက်သင့်တဲ့ ဆေးတစ်မျိုးဖြစ်ပြီး ခဏခဏ သောက်မိရင် ရာသီစက်ဝန်းကို အပြောင်းအလဲဖြစ်စေနိုင်သလို သန္ဓေတားနိုင်စွမ်းပါ လျော့ကျပြီးမလိုလားအပ်တဲ့ ကိုယ်ဝန်ရစေနိုင်ပါတယ်။ အဲဒီအစား ရေရှည်အတွက်ဆိုရင်

    • တစ်နေ့တစ်လုံးဆေးသောက်ခြင်း
    • သုံးလခံဆေးထိုးခြင်း
    • သားအိမ်တွင်းပစ္စည်းထည့်ခြင်း
    • လက်မောင်းတွင်းပစ္စည်းထည့်ခြင်း
    • အကာအကွယ်ပစ္စည်းသုံးခြင်း စတာတွေထဲက မိမိနဲ့သင့်တော်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးသင့်ပါတယ်။

    သတိပြုရမှာ တစ်ခုက ဘယ်သန္ဓေတားတဲ့ နည်းလမ်းကို သုံးသုံး ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်မရအောင်ကာကွယ်နိုင်တာပဲရှိပြီး HIV အပါအဝင် လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုတော့ ကာကွယ်နိုင်စွမ်းမရှိပါဘူး။ ကွန်ဒုံးတစ်မျိုးကသာ ကာကွယ်နိုင်မှာပါ။

    မေတ္တာဖြင့်

    ဒေါက်တာစိမ်းမိုးစက်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement