backup og meta

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

နှာခေါင်းကနေစလို့ အဆုတ်လေအိတ်ငယ်မှာ ဆုံးသွားတဲ့ အသက်ရှူလမ်းကြောင်း ဟာ ရောဂါပေါင်းစုံ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ပိုးဝင်တဲ့ ပြဿနာ အဖြစ်များပါတယ်။ သာမန် အအေးမိတုပ်ကွေးကနေစလို့ အဆုတ်ရောင်တဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တွေက ဘာလဲဆိုတာ ပြောပြပေးသွားပါမယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အမျိုးအစား

အသက်ရှူလမ်းကြောင်းကို တည်ဆောက်ပုံအရ အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ခွဲလိုက်ပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးထိ ပါပါတယ်။ အသံအိုးကနေ အဆုတ်လေအိတ်ငယ်တွေထိကိုတော့ အောက်ပိုင်း အသက်ရှူလမ်းကြောင်းအဖြစ်သတ်မှတ်ပါတယ်။

အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ ပိုးဝင်ကူးစက်ခြင်းများ

အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပြီး အခြေအနေဆိုးလေ့မရှိပါဘူး။ တစ်ပတ် ၂ပတ်လောက်ဆို သက်သာသွားကြပါတယ်။

အောက်ပိုင်း အသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ ပိုးဝင်ကူးစက်ခြင်းများ

အပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းထက် ပိုပြင်းထန်ပြီး ကြပ်ကြပ်မတ်မတ်ကုသဖို့ လိုပါတယ်။

တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာရော အောက်ပိုင်းမှာရော ဖြစ်တတ်ပါတယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း လက္ခဏာများ

အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်တာဆိုရင်

  • ချောင်းဆိုးတာ
  • လည်ပင်းနာတာ
  • နှာစေးနှာပိတ်တာ
  • ခေါင်းကိုက်တာ
  • ငွေ့ငွေ့ဖျားတာ
  • မျက်နှာတင်းနေတာ စတာတွေ ဖြစ်တတ်ပါတယ်။

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်တာဆိုရင်တော့

  • မောတာ
  • နုံးတာ
  • ဖျားတာ
  • ချောင်းဆိုး ချွဲပါတာ
  • ရင်ဘတ်အောင့်တာ စတာတွေ ခံစားရမှာပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုမလဲ။

အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်ခြင်းတွေကတော့ ဗိုင်းရပ်စ်ကြောင့် အဖြစ်များပြီး တစ်ပတ် နှစ်ပတ်လောက် နားလိုက်ရင် သက်သာသွားပါတယ်။ အောက်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကတော့ အထူးဂရုစိုက်ပြီး စောစောကုသရမှာပါ။ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး

  • ရက်ကြာတာတောင် အဖျားမကျရင် ဒါမှမဟုတ် ချမ်းတုန်ဖျားရင်
  • အဖျား ဒါမှမဟုတ် ချောင်းဆိုးတာ ၃ပတ်ကျော်ရင်
  • အသက်ရှူရခက်လာရင်
  • ရင်ဘတ်တွေအောင့်လာရင်
  • ရေဓာတ်ဆုံးရှုံးရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ကလေးတွေ ဆိုရင်လည်း

  • အသက်ရှူရခက်ပြီး တရွှီရွှီနဲ့ ကြပ်နေမယ်ဆိုရင်
  • နုံးပြီး အိပ်ပဲ အိပ်နေရင်
  • တစ်ချိန်လုံး အထိမခံဘဲ ဂျီကျနေရင်
  • ဆီးနည်းသွားရင်
  • အစား၊ အရည်မဝင်ရင် ဆရာဝန်နဲ့ ပြသရပါမယ်။

ဘယ်သူတွေ ပိုပြီး ဂရုစိုက်သင့်လဲ။

  • ကိုယ်ဝန်ဆောင်တွေ
  • အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုတွေ
  • ၂နှစ်အောက် ကလေးတွေ
  • ခုခံအား မကောင်းတဲ့သူတွေ
  • ရောဂါအခံရှိတဲ့သူ (ဥပမာ ဆီးချို၊ ပန်းနာရင်ကြပ်)က ပိုပြီး ဂရုစိုက်ရပါမယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကို ဘယ်လို စစ်ဆေးနိုင်သလဲ။

အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းပိုးဝင်ခြင်းတွေကိုတော့ လက္ခဏာနဲ့ အဓိက ခွဲခြားပါတယ်။ ရောဂါရာဇဝင်မေးမြန်းတာ၊ လူနာကို စမ်းသပ်တာနဲ့တင် သိနိုင်ပါတယ်။ အောက်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကတော့ အသေးစိတ် စစ်ဆေးမှုတွေ လိုနိုင်ပါတယ်။ လူနာပေါ်မူတည်ပြီး

  • သွေးစစ်တာ
  • ရင်ဘတ်ဓာတ်မှန်
  • သလိပ်စစ်တာ စတာတွေ လိုနိုင်ပါတယ်။

ဘက်တီးရီးယားကြောင့် အဖြစ်များတဲ့အတွက် ပိုးသတ်ဆေး မှန်မှန်ကန်ကန်ပေးနိုင်အောင် ပိုးမွေးဖို့ လိုကောင်း လိုနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတွေကို ဘယ်လိုကုသနိုင်သလဲ။

အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်ခြင်းတွေက ဗိုင်းရပ်စ်ကြောင့် အဖြစ်များတဲ့အတွက် ခုခံအားတက်နေပြီး ရောဂါကို ကုသရပါတယ်။ ဒါကြောင့်

  • များများ အနားယူပါ။
  • ရေများများသောက်ပါ။
  • ကိုက်ခဲတာ၊ ဖျားတာရှိရင် ပါရာစီတမော သောက်နိုင်ပါတယ်။ တခြားအကိုက်အခဲပျောက်ဆေးတွေကိုတော့ ဆရာဝန်ညွှန်မှ သောက်ပါ။
  • လည်ပင်းနာတာ၊ ချောင်းဆိုးတာရှိရင် ရေနွေးလေး၊ ပျားရည်နွေးနွေးလေး သောက်နိုင်ပါတယ်။ ဆားရည်နဲ့ ပလုပ်ကျင်းနိုင်ပါတယ်။
  • နှာစေးနှာပိတ်ရင် ရေနွေးငွေ့ ရှူပေးပါ။
  • ပရုတ်ဆေးပါတာလေး ရင်ဘတ်ကို လူးပေးပါ။
  • ပိုးသတ်ဆေးတွေက လိုလေ့ မရှိပါဘူး။ ဆရာဝန်ညွှန်မှသောက်ပါ။

အောက်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ အဆုတ်ရောင်ရောဂါ)တွေက ပိုပြင်းထန်တတ်တဲ့အတွက် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။ လိုအပ်ရင် ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေသောက်တဲ့အခါ ဆရာဝန်ညွှန်ကြားတာကို သေချာလိုက်နာပါ။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တွေကို ဘယ်လိုကာကွယ်မလဲ။

အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်နိုင်ဖို့

  • မကြာခဏ လက်ဆေးပါ။
  • တုပ်ကွေးရာသီဆို လူစုလူဝေး ရှောင်ပါ။ နေမကောင်းတဲ့သူနား မကပ်ပါနဲ့။
  • အာဟာရပြည့်အောင် စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
  • တုပ်ကွေးကာကွယ်ဆေးထိုးပါ။
  • ဆေးလိပ်ဖြတ်ပါ။

ဒါ့ပြင် ကိုယ်နေမကောင်းတဲ့အချိန်မှာလည်း သူများကို မကူးစေဖို့

  • မကြာခဏ လက်ဆေးပါ။
  • နှာချေ၊ ချောင်းဆိုးရင် အုပ်ပါ။
  • အကိုင်အတွယ်များတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ။
  • နေမကောင်းတဲ့အချိန် အိမ်မှာပဲ နေပါ။

Takeaways

အသက်ရှူလမ်းကြောင်း ပိုးဝင်တာက မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တာက သိပ်မပြင်းထန်ပေမယ့် အောက်ပိုင်း ပိုးဝင်ရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး ကုသဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthnavigator.org.nz/health-a-z/r/respiratory-tract-infections/

https://www.nhs.uk/conditions/respiratory-tract-infection/

https://www.medicinenet.com/upper_respiratory_infection/article.htm

https://www.medicalnewstoday.com/articles/324413

ယခုပုံစံ

16/02/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement