home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ

မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ၊ အိမ်တွင်းလေထုညစ်ညမ်းမှုတွေ၊ ဆေးလိပ်သောက်သူတွေ များတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါ တွေလည်း အဖြစ်များပါတယ်။ CDCရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါ ၁၀ခုမှာ နာတာရှည် လေပြွန်ကျဉ်းရောဂါက ထိပ်ဆုံးမှာ ရှိနေပြီး အသက်ရှူလမ်းကြောင်း အောက်ပိုင်း ရောင်ရမ်းတာက နံပါတ် ၆၊ ပန်းနာရင်ကြပ်က နံပါတ် ၇နဲ့ တီဘီက နံပါတ် ၉နေရာမှာ ရှိနေပါတယ်။

ဒီရောဂါတွေနဲ့ ပတ်သက်လို့ လူအများသိထားသင့်တာလေးတွေကို နည်းနည်းစီ မျှဝေပေးပါ့မယ်။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ

နာတာရှည် လေပြွန်ကျဉ်းရောဂါ

Chronic obstructive pulmonary disease အတိုကောက် COPDလို့ ခေါ်တဲ့ ဒီရောဂါ မြန်မာနိုင်ငံရဲ့ ထိပ်သီးရောဂါပါတဲ့။ သူ့မှာ နာတာရှည် လေပြွန်ရောင်တာ (chronic bronchitis)ရယ်၊ လေအိတ်ကျယ်တာ (emphysema)ရယ်ဆိုပြီး ရှိပါတယ်။ တချို့သူတွေမှာတော့ နှစ်မျိုးတွဲတွေ့ရပါတယ်။

ဆေးလိပ်သောက်တာကတော့ အဓိက အကြောင်းရင်းပါပဲ။ ဒီရောဂါရှိတဲ့သူတွေကို ကြည့်လိုက်ရင် ဆေးလိပ်သောက်တဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ဆေးလိပ်ကို နှစ်နဲ့ချီသောက်ပေမယ့် ရောဂါမဖြစ်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေများတယ်လို့ပဲ ပြောလို့ရပါတယ်။ လူနည်းစုကတော့ ဆေးလိပ်ကြောင့်မဟုတ်ဘဲ alpha-1 antitrypsinလို့ ခေါ်တဲ့ ပရိုတိန်းလေး နည်းနေတာကြောင့် လေအိတ်ကျယ်တဲ့ ဝေဒနာခံစားရပါတယ်။ ဒါ့ပြင်

  • စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ မီးခိုးငွေ့တွေ
  • တဆင့်ခံ ဆေးလိပ်ငွေ့တွေ
  • အိမ်တွင်း လေထုညစ်ညမ်းမှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

လက္ခဏာတွေကတော့

  • ချောင်းဆိုးမယ်။ ချွဲပါတာလည်း ဖြစ်နိုင်သလို ချောင်းခြောက်လည်း ဖြစ်နိုင်ပါတယ်။
  • နုံးမယ်။
  • ခဏခဏ အဆုတ်ပိုးဝင်မယ်။
  • အသက်ရှူမဝဖြစ်မယ်။
  • မောမယ်။ မကုဘဲထားရင် ကြာလာလေလေ ပိုဆိုးလေလေပါပဲ။
  • အသက်ရှူရင် တရွှီရွှီမြည်နေမယ်။

ဒီရောဂါက နာတာရှည်ဖြစ်တဲ့အတွက် လက္ခဏာတွေ တဖြည်းဖြည်းပေါ်လာပြီး ပိုပိုဆိုးလာနိုင်ပါတယ်။ တချို့တွေဆို ရောဂါရှိမှန်းတောင် သတိမထားမိကြပါဘူး။

အဆုတ်ပွတာ

အသက်ရှူလမ်းကြောင်း အောက်ပိုင်းမှာ အဖြစ်အများဆုံးရောဂါပါ။ အဆုတ်တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံးဖြစ်နိုင်ပါတယ်။ အဆုတ်တစ်မြွာတည်း ဒါမှမဟုတ် တစ်ခြမ်းလုံးလည်း ဖြစ်နိုင်ပါတယ်။ ပိုးဝင်တာကြောင့် ဖြစ်တာ အများဆုံးပါပဲ။

ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ထဲမှာတော့ ခုဖြစ်နေတဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးစတာတွေပါပါတယ်။ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘက်တီးရီးယားပိုးဝင်ပြီး ရောင်ရမ်းတာမျိုးလည်း ရှိပါတယ်။ အစာသီးရာကနေ အဆုတ်ထဲ အစာဝင်သွားပြီး ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဖြစ်များတဲ့သူတွေကတော့

  • ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ
  • အဆုတ်ရောဂါအခံရှိတဲ့သူတွေ
  • ကိုယ်ခံအားမကောင်းတဲ့သူ ( ဥပမာ ဆီးချို၊ HIV )

အဆုတ်ရောင်တာက တစ်ရက် နှစ်ရက်အတွင်း ဖြစ်နိုင်သလို ရက်တော်တော်ကြာမှ ဖြစ်လာတာမျိုးလည်း ရှိပါတယ်။ လက္ခဏာတွေကတော့

  • ချောင်းဆိုးမယ်။ ချွဲပါတာလည်း ဖြစ်နိုင်သလို ချောင်းခြောက်လည်း ဖြစ်နိုင်ပါတယ်။ ချွဲက အရောင်ပါပါတယ်။
  • အသက်ရှူမဝဖြစ်မယ်။
  • အဖျားကြီးမယ်။
  • ရင်တုန်မယ်။
  • ချွေးစေးတွေထွက်ပြီး ချမ်းတုန်မယ်။
  • အစားအသောက်ပျက်ပြီး အားမရှိသလို ဖြစ်မယ်။
  • ရင်ဘတ်တွေအောင့်မယ်။ အထူးသဖြင့် ချောင်းဆိုးတဲ့အခါ၊ အသက်ပြင်းပြင်း ရှူတဲ့အခါမှာပါ။

ပန်းနာရင်ကြပ်ရောဂါ

မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံးရောဂါထဲမှာ နံပါတ် ၇ပါ။ ပန်းနာရင်ကြပ်က ကလေးတွေမှာ အတွေ့ရများပေမယ့် လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကြပ်က အမြစ်မပြတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ကြပ်စေတာတွေကို ရှောင်လိုက်ရင် လူကောင်းအတိုင်းပါပဲ။

ပန်းနာရင်ကြပ်က မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ပန်းနာရင်ကြပ်ရှိတဲ့သူတွေမှာ ဓာတ်မတည့်တာလေးတွေ သီးသန့်ရှိတတ်ပါတယ်။ တချို့က အေးရင်ကြပ်တယ်။ တချို့က ပန်းဝတ်မှုန်နဲ့တွေ့ရင် ကြပ်တယ် စသဖြင့်ပေါ့။ မတည့်တစ်ခုခု ကိုယ်ထဲကို ဝင်လာတဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တာကြောင့် လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာပါတယ်။ အချွဲတွေလည်း ထွက်လာပါတယ်။

ဒါကြောင့် ပန်းနာရင်ကြပ်ထဖောက်ပြီဆိုရင်

  • အသက်ရှူလိုက်ရင် တရွှီရွှီမြည်မယ်။
  • ချောင်းတွေဆိုးမယ်။
  • ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေမယ်။
  • မောပြီး အသက်ရှူမဝဖြစ်မယ်။
  • သိပ်ဆိုးရင် နှုတ်ခမ်းတွေပြာလာပြီး စကားတောင် ပြောနိုင်မှာ မဟုတ်ပါဘူး။

ဒီချိန်မှာ ဆရာဝန်ညွှန်ထားတဲ့ ဆေးကို ထုတ်ရှူမှပဲ သက်သာမှာပါ။ ဆေးတွေကို အရန်သင့်ဆောင်ထားဖို့ လိုအပ်တဲ့အပြင် ကိုယ်နဲ့ မတည့်တာတွေကိုလည်း သတိထားရှောင်ဖို့ လိုပါတယ်။

တီဘီရောဂါ

အဓိကကတော့ အဆုတ်တီဘီပေါ့။ အဖြစ်အများဆုံးရောဂါထဲမှာ နံပါတ် ၉ချိတ်ပါတယ်။ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး အဆုတ်အပြင် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ ဖြစ်တတ်ပါသေးတယ်။ ဥပမာ ပြောရရင် အူတီဘီ၊ အရိုးတီဘီ။

တီဘီကလ လေထဲကနေတဆင့် ကူးတာပါ။ အဆုတ်တီဘီရှိတဲ့သူတစ်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်ရင် အမှုန်အမွားတွေက လေထဲမှာ အချိန်တစ်ခုရှိနေနိုင်တာကြောင့် ဒါကို ရှူမိရုံနဲ့တင် ကူးပါတယ်။ ရှူမိရင် ကိုယ်ခံအားကျတဲ့သူက ပိုကူးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းနေရင်တော့ ကိုယ်ခံအားက တိုက်ထုတ်လိုက်ပါတယ်။

အဆုတ်တီဘီရဲ့ လက္ခဏာတွေကတော့

  • ၃ပတ်နဲ့အထက် ချောင်းဆိုးတာ
  • ညနေဖက်တွေဆို ဖျားတာ
  • အစားအသောက်ပျက်တာ၊ ပိန်သွားတာ
  • နုံးတာ
  • ညဖက်တွေဆို ချွေးစေးထွက်တာတွေပဲ ဖြစ်ပါတယ်။

တီဘီက ရိုးရိုးတီဘီဆိုရင် ဆေး၆လသောက်ရုံနဲ့ ပျောက်ပါတယ်။ သေချာမကုရင်တော့ ဆေးယဉ်ပါးတီဘီဖြစ်သွားတတ်ပါတယ်။ ကလေးတွေ မွေးစမှာ ထိုးပေးတဲ့ BCGကာကွယ်ဆေးဟာ ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီကိုသာ ကာကွယ်ပေးပါတယ်။ အဆုတ်တီဘီ မဟုတ်ပါ။

Takeaways

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့အတွက် အသက်ရှူလမ်းကြောင်းလေးကျန်းမာအောင် နေထိုင်သင့်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ တဆင့်ခံဆေးလိပ်ငွေ့တွေကို ရှောင်တာက အသက်ရှူလမ်းကြောင်းရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။