backup og meta

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

    နေရထိုင်ရ မသက်မသာဖြစ်ပြီး အသက်ရှူရတာ တရွှီရွှီနဲ့ အသက်ရှူ မချောင် ဖြစ်နေပြီလား! ဒါဆိုရင်တော့ ဖြစ်နိုင်တာ တစ်ခုက လေပြွန်ရောင်နေတာပါ။ လေပြွန်ရောင်တာက အဖြစ်အများဆုံး ကူးစက်ရောဂါ ၁၀ မျိုးထဲက တစ်ခုပါ။ ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များတာကတော့ ဗိုင်းရပ်စ်ကြောင့်ပါ။

    လေပြွန်ရောင်တယ်ဆိုတာ ဘာလဲ!

    လေပြွန်ရောင်တယ် ဆိုတာက အသက်ရှူလမ်းကြောင်းကျန်းမာရေး ပြဿနာပါ။ လေပြွန်လေးတွေကို ရောင်ရမ်းစေတာ ဖြစ်ပြီး ချောင်းဆိုးတာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ အသက်ရှူရ ခက်ခဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ လေပြွန်ရောင်တာမှာ ရုတ်တရက်ဖြစ်တတ်တဲ့ လေပြွန်ရောင်တာနဲ့ နာတာရှည် လေပြွန်ရောင်တာဆိုပြီး ရှိပါတယ်။

    လေပြွန်ရောင်တာက များသောအားဖြင့် ဆေးဆိုင်မှာ အလွယ်ဝယ်လို့ရတဲ့ဆေးတွေ သောက်ပေးတာ၊ အိမ်တွင်းကုထုံးတွေကို သေချာလေး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ သက်သာသွားတတ်ပါတယ်။ ဒီတော့ လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

    လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

    လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့ ကတော့

    • ရေဓာတ်ပြည့်ဝအောင်နေပါ

    ရေသောက်တာက ချွဲပါးစေပြီး ချွဲခပ်ထုတ်ရ လွယ်စေပါတယ်။ ဒါကြောင့် လေပြွန်ရောင်နေပြီ ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက်ပဲ သောက်ပေးပါ။ ရေပဲ သောက်လို့ ရသလို ရေကျက်အေး ခပ်နွေးနွေးလေး၊ ရေနွေးကြမ်း၊ စွပ်ပြုတ် စတာတွေကို တိုက်ပေးလို့လည်း ရပါတယ်။ လည်ချောင်းရှင်းစေသလို လေပြွန်လေးတွေကိုလည်း အရောင်ကျစေမှာပါ။

    • အစိုဓာတ်ထိန်းစက် ဖွင့်ပေးပါ 

    လေထုထဲမှာ အစိုဓာတ် ရှိနေတာက ချွဲပျော်စေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ အိပ်ခန်းထဲမှာ ညဘက် အိပ်ချိန်ကို အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားမယ်ဆိုရင် လေပြွန်တွေကို အရောင်ကျစေပြီး အသက်ရှူရ သက်သာစေပါတယ်။

    • ဆားရည်နဲ့ ပလုပ်ကျင်းပါ 

    ဆားရည်နဲ့ ပလုပ်ကျင်းတာကို လည်ချောင်းနာ သက်သာစေတယ်လို့ပဲ အများက သိထားကြပေမယ့် တကယ်ကတော့ ဆားရည်နဲ့ ပလုပ်ကျင်းတာက အရောင်ကျစေပြီး လေပြွန်ရောင်တာကိုပါ သက်သာစေနိုင်ပါတယ်။ ဆား လက်ဖက်ရည်ဇွန်း  တဝက်စာကို ရေနွေး ၈ အောင်စနဲ့ ဖျော်ပြီး စက္ကန့် ၃၀ ကြာ အာလုပ်ကျင်းလို့ ထွေးထုတ်ပါ။

    • ရေနွေးစိမ်ပါ 

    ရေနွေးစိမ်ပြီး ရေချိုးတာက ကြွက်သားတွေကို ပြေလျော့စေသလို လေပြွန်ရောင်နေတာကြောင့် အသက်ရှူရခက်တာကိုလည်း သက်သာစေပါတယ်။ ဒီလို ရေနွေးစိမ်တဲ့အခါ ရေနွေးထဲကို ယူကလစ်ဆီ ဒါမှမဟုတ် ပူဒီနံ အဆီစတာတွေကို ထည့်ပေးလို့ ရပါတယ်။

    • ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပါ

    ရေနွေးထဲကို ချင်း (ဂျင်း) လက်တဆစ်စာလောက်ကို ခပ်ဆတ်ဆတ်လေး ထုထည့်လို့ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထည့်စိမ်ပြီး သောက်ပေးမယ်ဆိုရင်လည်း လေပြွန်ရောင်တာကို သက်သာစေမှာပါ။ အရသာ ရှိရှိလေး သုံးဆောင်ချင်တယ် ဆိုရင်တော့ သံပရာရည်လေး ညှစ်ထည့်လို့ ရပါတယ်။

    • ဆေးပူလိမ်းပါ 

    ရင်ဘတ်နဲ့ လည်ပင်းတဝိုက်ကို ဆေးပူလေး ခပ်ဖွဖွ လိမ်းပေးတာကလည်း ချောင်းဆိုးတာ ချွဲကြပ်တာကို သက်သာစေမှာဖြစ်သလို အသက်ရှူရလည်း လွယ်စေမှာပါ။ ဒါကြောင့် ညဘက် အိပ်ရာမဝင်ခင်မှာ ရင်ဘတ်နဲ့ လည်ပင်း၊ ကျောကုန်းစတဲ့နေရာတွေကို ပရုပ်ဆီလေး ခပ်ပါးပါး လိမ်းပေးပါ။

    • ပြည့်ပြည့်ဝဝ အနားယူပါ

    ပြည့်ပြည့်ဝဝ အနားယူခြင်းက ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ ဒါကြောင့် လေပြွန်ရောင်နေပြီဆိုရင် အိပ်ရေးဝဝအိပ်တာကစလို့ ပြည့်ပြည့်ဝဝ အနားယူဖြစ်အောင် သေချာလေး ဂရုစိုက်လို့ နားပေးပါ။

    • ဗီတာမင် C စားပေးပါ

    ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အရောင်ကျစေနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ကြွယ်ဝတဲ့ သံပရိုသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး စတာတွေကို စားပေးလို့ ရသလို ပန်းဂေါ်ဖီစိမ်းလိုမျိုး ဗီတာမင် C ပါတဲ့ အသီးအရွက်ကို စားပေးလို့လည်း ရပါတယ်။

    • ဆေးသောက်ပါ 

    လေပြွန်ရောင်လို့ ‌ချောင်းတွေဆိုးနေရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထတယ်ဆိုရင် ချွဲပျော်ဆေး စသဖြင့် ဆရာဝန် ဆေးစာမလိုဘဲ ဝယ်သောက်လို့ရတဲ့ ဆေးတွေနဲ့လည်း သက်သာအောင် နေလို့ရပါတယ်။

    ဘယ်လိုအခြေအနေဆိုရင် ဆရာဝန် ပြဖို့ လိုမလဲ!

    လေပြွန်ရောင်တာကို အပေါ်က နည်းလမ်းတွေနဲ့ လုပ်ကြည့်ပေမယ့် မသက်သာလာဘူး။ ဒီလိုလက္ခဏာတွေလည်း ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

    • အရမ်းကို ရက်ရှည်နေပြီး ရက်သတ္တပတ် အတော်ကြာတဲ့အထိ မသက်သာဘူး
    • အဖျားက ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အထိ ရှိပြီး အဖျားတာရှည်နေမယ်
    • ချောင်းဆိုးတာ ရက်သတ္တပတ် အတော်ကြာနေပြီဖြစ်မယ်
    • ချောင်းဆိုးရင် နာကျင်တာ
    • သလိပ်မှာ သွေးပါတာ
    • အသက်ရှူရ ခက်နေတာ
    • ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာ
    • လေပြွန် ခဏခဏ ပြန်ရောင်နေတာ
    • ရင်ဘတ်အောင့်တာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပေးပါ။

    # အမှာစကား

    လေပြွန်ရောင်တာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး တစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ သက်သာစေဖို့ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ တကယ်လို့ ရက်သတ္တပတ် အတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ။ လေပြွန်ရောင်နေချိန်မှာ ပြည့်ဝအောင် အနားယူပြီး အာဟာရမျှတအောင် စားသုံးဖို့ လိုပါမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးလည်း လုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement