backup og meta

လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ

    လည်ချောင်းနာတယ်ဆိုတာ ရာသီဥတု၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းကြီးစိုးရိမ်စရာမဟုတ်ဘူးဆိုပေမဲ့ ဝေဒနာခံစားရတဲ့သူအတွက်တော့ တော်တော်လေးကို စိတ်ကသိကအောက်နိုင်စရာကိစ္စပါပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ လည်ချောင်းနာနေပါစေ၊ ဒီဝေဒနာကို အမြန်ဆုံးသက်သာသွားစေနိုင်မယ့် နည်းလမ်းကတော့ ငုံဆေးသကြားလုံးပါပဲ။

    ငုံဆေးသကြားလုံးဆိုလို့ ပုံမှန်အချိုကဲတဲ့ ချောင်းဆိုးစေလောက်တဲ့ သကြားလုံးတော့ မဟုတ်ပါဘူးနော်။ အရသာအမျိုးမျိုးနဲ့ ကိုယ့်ရဲ့လည်ချောင်းမှာ နီရဲရောင်ရမ်းနေတာကို အရောင်ကျသွားစေတယ်။ လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ကျစေတယ်။ ဘက်တီးရီးယားပိုးတွေကို ရှင်းပေးလို့ ခံတွင်းအနံ့ဆိုးဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်ကတော့ တခြားအိမ်တွင်းနည်းလမ်းတွေလိုမဟုတ်ဘဲ ဘယ်သွားသွား ငုံဆေးသကြားလုံးထုပ်လေး ဆောင်ထားလို့ရပြီး လည်ချောင်းနာတာနဲ့ သောက်လိုက်ရုံပဲဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။

    ငုံဆေးသကြားလုံးမှာ ဘယ်လိုအရသာတွေ ရှိလဲ။

    များသောအားဖြင့် လူတိုင်းကြိုက်နှစ်သက်ပြီး ခံတွင်းအေးစေလောက်မယ့် အရသာမျိုးနဲ့သာ ငုံဆေးသကြားလုံးကို ထုတ်လုပ်တတ်ကြပါတယ်။ ဒီအရသာတွေထဲမှာ ဘာတွေပါတတ်လဲဆိုရင်

    ၁။ ယူကလစ်ဆီ (Eucalyptus Oil)

    လည်ချောင်းနာတဲ့ အချိန်တွေတင်မကဘဲ ချောင်းဆိုးတာ၊ ချွဲကျပ်ပြီး အသံဝင်တာ၊ အအေးမိဖျားနာတာတွေအတွက်ပါ ပိုးသေစေတဲ့ ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ အသက်ရှူလမ်းကြောင်းအတွက်လည်း ဆေးဘက်ဆိုင်ရာ အကျိုးများစွာ ပေးစွမ်းနိုင်လို့ ငုံဆေးသကြားလုံးလို့ဆိုတာနဲ့ ဒီပစ္စည်းကို မဖြစ်မနေ ထည့်သွင်းတတ်ကြပါတယ်။

    ၂။ ပျားရည် (Honey)

    ပျားရည်ကို လည်ချောင်းနာတာ အမြန်သက်သာစေဖို့ အိမ်တွင်းနည်းလမ်းအနေနဲ့ အလွယ်တကူ အသုံးပြုကြတာ သိထားကြမယ်ထင်ပါတယ်။ အဲ့လို အရောင်ကျစေပြီး လည်ချောင်းတွင်း ဘက်တီးရီးယားပိုးမွှားတွေ သေစေဖို့ အကျိုးရှိတဲ့ ပျားရည်ကို ငုံဆေးသကြားလုံးထဲ ထည့်သွင်းလိုက်တဲ့အခါ အေးမြပြီး ပူရှိန်းတဲ့ ခံစားချက်နဲ့ ကိုယ့်ရဲ့ လည်ချောင်းနာဝေဒနာကို အမြန်ဆုံး သက်သာသွားစေနိုင်ပါတယ်။

    ၃။ ပူရှိန်းပရုပ်အေး (Menthol)

    ပီကေဝါးတတ်တဲ့သူတွေဆိုရင် ပရုပ်အေးရဲ့ အရသာကို ရင်းနှီးပြီးသားဖြစ်ပါတယ်။ ခံတွင်းထဲ ရောက်သွားတာနဲ့ လည်ချောင်းတစ်ခုလုံးကို အေးမြသွားစေတယ်။ ပူရှိန်းရှိန်းဖြစ်သွားစေတယ်။ အဲ့လိုခံစားချက်မျိုးက လည်ချောင်းအတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် တစ်ရှူးတွေရောင်ရမ်းတာကို သက်သာသွားစေနိုင်ပါတယ်။

    ၄။ သံပရာ (Lemon/ Lime)

    လည်ချောင်းနာသက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းတစ်ခုကတော့ သံပရာရည်နဲ့ ပျားရည်ကို ရောပြီးသောက်ပေးတာပါပဲ။ ဒီနည်းလမ်းက လည်ချောင်းနာတာအပြင် ချောင်းဆိုးတာ၊ ချွဲသလိပ်ထတာအတွက်ပါ အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

    ဒါဆိုရင် ရာသီအကူးအပြောင်းကာလကြောင့် မကြာခဏ လည်ချောင်းနာတတ်သူတွေအတွက် ကိုယ်ကြိုက်တဲ့အရသာအလိုက် အဆင်ပြေတဲ့ ငုံဆေးသကြားလုံးတွေကို ရွေးဝယ်လို့ရတယ်နော်။ ငုံဆေးသကြားလုံးကို ဆေးဆိုင်၊ စတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။

    လည်ချောင်းနာတာမဟုတ်ဘဲ အစာစားပြီး ခံတွင်းနံ့ နံနေတဲ့အခါမျိုး၊ ချောင်းဆိုးနေတာ၊ ချွဲသလိပ်ထနေတာ၊ အအေးမိဖျားနာနေတဲ့အချိန်မှာလည်း ငုံပေးလို့ရပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ သကြားတုပါဝင်ခြင်းမရှိဘဲ သဘာဝမီးဖိုးချောင်သုံးပစ္စည်းအရသာကိုသာ အဓိကထည့်သွင်းထားတာဖြစ်လို့ ကလေး၊ လူကြီးမရွေး ငုံဆေးသကြားလုံး ငုံလို့အဆင်ပြေစေမှာပါ။ သကြားလုံးကို လုံးဝအရည်ပျော်သွားတဲ့အထိ ငုံဖို့၊ ချက်ချင်းမမျိုချလိုက်ဖို့ သတိထားပေးပါနော်။

    လည်ချောင်းနာသက်သာစေဖို့ ငုံဆေးအပြင် တခြားအိမ်တွင်းနည်းလမ်းတွေဖြစ်တဲ့

    • တစ်နေ့ ၂ကြိမ် သွားပုံမှန်တိုက်ပြီး ခံတွင်းသန့်ရှင်းအောင်ထားခြင်း
    • သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပေးခြင်း
    • လည်ချောင်းကို ခြောက်မနေစေဖို့ ရေများများသောက်ပေးခြင်း
    • ရေအေးထက် ရေကျက်နွေးတွေကို ပိုသောက်ပေးဖို့
    • အဆီ၊ အပူ၊ အစပ်တွေကို ရှောင်ဖို့
    • သံပရာရည်နဲ့ ပျားရည်ကို အချိုးကျရောစပ်ပြီး သောက်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement