backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

32 ပတ်

32 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

32 ပတ် အရွယ် ကလေးလေးက သားအိမ်ကို ပိုပြီးနေရာယူလာပါပြီ။ ၁.၇ကီလို ၄၂.၅စင်တီမီတာ လောက်ရှိနေပါပြီ။ အခုချိန် မွေးရင် ရှင်နိုင်ခြေများနေပါပြီ။

32 ပတ်

သူလေးရဲ့ ကိုယ်ကို နောက်ဆုံး ပြုပြင်မှုတွေ လုပ်ပါတော့မယ်။ မျက်တောင်၊ မျက်ခုံး၊ ဆံပင်တွေ ထင်ရှားလာပါပြီ။ ၆လလောက်ကတည်းက ပေါက်နေတဲ့ မွေးညှင်းတွေက ကျွတ်ကျပြီး မွေးလာတဲ့ အချိန်ကျရင်တော့ ပုခုံးနဲ့ ကျောမှာ နည်းနည်းကျန်ပါတယ်။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကလေးဖွံ့ဖြိုးလာတဲ့အခါမှာ လိုက်လျာညီထွေရှိအောင် မိခင်ရဲ့ သွေးပေါင်ချိန်က နဂိုထက် ၄၀-၅၀%ထိ တက်လာပါတယ်။ ဗိုက်မှာ နေရာပြည့်ပြီး ရင်ဘတ်နဲ့ဝမ်းဗိုက် ခွဲထားတဲ့အကန့်ကို သွားဖိတော့ အသက်ရှူခက်ပြီး ရင်ပူရင်ဆာဖြစ်ပါတယ်။ သက်သာအောင်လို့ အိပ်ရင် ခေါင်းအုံးခွ အိပ်တာ၊ အစားကို နည်းနည်းနဲ့အကြိမ်ရေများများ စားပေးကြနော်။

ကိုယ်ဝန်ရင့်လာလေ ခါးအောက်ပိုင်းတွေ နာလာလေပါပဲ။ အရင်ကလတွေတုန်းက မနာဘဲ အခုမှနာလာတာဆို ဆရာဝန်ဆီ ချက်ချင်းသွားပြပါ။ စောမွေးဖို့ဖြစ်နိုင်ချေရှိလို့ပါ။ စောမွေးတာမဟုတ်ဘူးဆိုရင် သားအိမ်ကြီးလာလို့၊ ဟော်မုန်းအပြောင်းအလဲဖြစ်လို့လည်း နာတတ်ပါတယ်။

ပြန့်ကားလာတဲ့ သားအိမ်က ဗဟိုချက်ကို ပြောင်းစေပြီး ဗိုက်ကြွက်သားကို ဆန့်ထားတာကြောင့် အားနည်းစေပါတယ်။ ကိုယ်အနေအထားကိုလည်း ပြောင်းစေပြီး ကျောကို ဆွဲထားသလို ဖြစ်စေပါတယ်။

ဟော်မုန်းအပြောင်းအလဲက အဆစ်တွေကိုလျော့ရဲစေပြီး တင်ပါးဆုံရိုးနဲ့ မြီးညှောင့်ရိုးကို ဆက်ထားတဲ့ အရွတ်ကိုလည်း လျော့ရဲစေပါတယ်။ ဒါက လမ်းလျှောက်တာ၊ ရပ်တာ၊ အကြာကြီးထိုင်တာ၊ အိပ်နေရင်း ဟိုဘက်ဒီဘက်လှိမ့်တာ၊ အကုန်းအကွလုပ်တာတွေ၊ တစ်ခုခု မတဲ့အခါမျိုးတွေဆို ဟန်ချက်မညီတော့ဘဲ နာလာပါတယ်။

32 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

အခုချိန်မှာ စောမွေးတာ ဖြစ်နိုင်ပါပြီ။ လက္ခဏာတွေကတော့

  • သားအိမ်ကျုံ့တာ မနာပေမယ့် ဗိုက်ကိုညှစ်ထားသလို ခံစားရတတ်ပါတယ်။
  • ကျုံ့တာနဲ့အတူ ခါးနားတာ၊ တင်ပါးဆုံမှာ၊ ပေါင်မှာ ဖိထားသလို ခံစားရပါတယ်။
  • မိန်းမကိုယ်က ဆင်းတဲ့အရည်မှာ သွေးစတွေ၊ သွေးတွေ ပါလာမယ်။ အရည်ပိုချွဲလာပြီး သွေးတွေပါရောပါလာမယ်။

ကျုံ့တာက တစ်နာရီကို ၆ခါထက် များလာရင်၊ တစ်ခါကျုံ့ရင် ၄၅ စက္ကန့်လောက် အနည်းဆုံးကြာရင် ဗိုက်မနာတာတောင် ဆေးရုံချက်ချင်းသွားတာ ကောင်းပါတယ်။ မိန်းမကိုယ်သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေက အရေးကြီးပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဒီလတွေမှာ အသက်နည်းနည်းလေး ရှူရခက်တတ်ပါတယ်။ ကလေးကြီးတာကစလို့ သံဓာတ်အားနည်းတဲ့ လက္ခဏာလည်း ဖြစ်နိုင်လို့ ဂရုတစိုက်နဲ့ ဆရာဝန်ဆီမှာ သေချာပြပါ။

ဘယ်လိုစစ်ဆေးမှုတွေထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

တတိယ ၃လပတ်မြောက်တွေမှာ ၂ ပတ်တစ်ကြိမ် လာပြရတော့မှာပါ။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။

  • ကိုယ်အလေးချိန်နဲ့ သွေးပေါင်တိုင်းခြင်း
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
  • မွေးမယ့်အချိန်တွက်ဖို့ သားအိမ်အခြေအနေကို အပြင်ဘက်ကနေစစ်ဆေးခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းလားစစ်ခြင်း
  • သွေးတွင်းဂလူးကိုးစ်စစ်ခြင်း
  • သွေးအားနည်းနေလားသိအောင် သွေးစစ်ခြင်း
  • လိုအပ်တဲ့ ကာကွယ်ဆေးထိုးခြင်း

တခြားမူမမှန်တဲ့ လက္ခဏာတွေ၊ မေးခွန်းတွေ၊ သိချင်တဲ့အကြောင်းတွေကို စာရင်းနဲ့မှတ်ပြီးဆရာဝန်ကို မေးနိုင်ပါတယ်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂကျင့်မယ်ဆို ကြိုကာကွယ်မှုလေးတွေလုပ်ထားရင် ကျင့်လို့ရပါတယ်နော်။ ယောဂက အသက်ပြင်းပြင်းရှူပြီး ဘယ်လိုသက်သောင့်သက်သာရှိအောင် နေရမလဲဆိုတာပါ သင်ပေးပါတယ်။ ဒါတွေက မီးဖွားတဲ့အခါ၊ မေမေဖြစ်လာတဲ့အခါမှာ အသုံးဝင်လာမှာပါ။ ယောဂက စိတ်ရောကိုယ်ပါ ဖြေလျှော့ပေးပါတယ်။ ပြီးတော့ ယောဂသင်တန်းမှာ ကိုယ်ဝန်ဆောင်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးနိုင်မှာပါ။

ခြေသည်းတွေ ဝါလာတာက မှိုစွဲတာကြောင့်လည်း ဖြစ်နိုင်သလို တခြးအကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ ဆေးတွေ အသုံးပြုမယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစေချင်ပါတယ်။

၃၃ပတ်မြောက်ရောက်ရင်ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week 32. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week32.html.
Accessed March 30, 2015.

Your pregnancy: 32 weeks. http://www.babycenter.com/6_your-pregnancy- 32-weeks_1121.bc. Accessed March 30 2015.

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

33 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ