backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မီးတွင်းစိတ်ကျရောဂါ (Postpartum depression)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Thin Myat Sandi Cho မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မီးတွင်းစိတ်ကျရောဂါ (Postpartum depression)

မီးတွင်းစိတ်ကျရောဂါ ဆိုတာ ကလေးမွေးပြီးချိန်မှာ ရလာနိုင်တဲ့ စိတ်ကျရောဂါ အမျိုးအစားဖြစ်ပါတယ်။ ကလေးမွေးပြီး တစ်နှစ်အထိဖြစ်နိုင်ပြီး မွေးပြီးပြီးချင်း သုံးပတ်အတွင်းမှာ စဖြစ်တာကတော့ အဖြစ်အများဆုံး ဖြစ်ပါတယ်။

ဒီလိုမျိုးဖြစ်ပြီဆိုရင် ကလေးနဲ့ပတ်သက်ပြီး ကောင်းကောင်းစောင့်ရှောက်မှု မပေးနိုင်ဘူးလို့ ခံစားရတာကြောင့် ဝမ်းနည်းတာ၊ မျှော့်လင့်ချက်မဲ့သွားတာနဲ့ အပြစ်မကင်းသလိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

သားဦးမိခင်တွေမှာတင် မကပါဘူး။ နောက်ထပ်ကလေးတွေ မွေးတဲ့အချိန်မှာတောင် ဖြစ်နိုင်ပါတယ်။

မီးတွင်းစိတ်ကျရောဂါ က ဘယ်လောက်အဖြစ်များသလဲ

CDCအဆိုအရ တစ်နှစ်မှာ ကလေးမွေးထားတဲ့ အမျိုးသမီး ၁၁ကနေ ၂၀ရာခိုင်နှုန်းက မီးဖွားအပြီး စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို ခံစားနေရပါတယ်။ တီဘီ၊ သွေးကင်ဆာ၊ အရေပြားရောဂါ၊ Sclerosis၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ Lupusရောဂါနဲ့ အတက်ရောဂါ ယောက်ျားမိန်းမနှစ်ဦိးပေါင်းဖြစ်နှုန်းထက်တောင် မီးဖွားပြီးချိန် စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးဦးရေက ပိုများပါတယ်။

မီးတွင်းစိတ်ကျရောဂါ ရဲ့လက္ခဏာတွေက ဘာတွေလဲ

ကိုယ်ဝန်ဆောင်ချိန်အတွင်းနဲ့ ကိုယ်ဝန်မဆောင်ရသေးခင်မှာဖြစ်တဲ့ စိတ်ကျရောဂါရဲ့ရောဂါလက္ခဏာတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ အောက်ပါလက္ခဏာများထဲက ငါးခု ဒါမှမဟုတ် ငါးခုထက်ပိုတဲ့လက္ခဏာတွေကို နေ့စဉ်နီးပါး၊ တစ်နေ့လုံးနီးပါး ၊ အနည်းဆုံး နှစ်ပတ်ဆက်တိုက်နီးပါး ခံစားနေရမယ်ဆိုရင် မီးတွင်း စိတ်ကျရောဂါ ရှိနေနိုင်ပါတယ်။

  • အလွန်အမင်းဝမ်းနည်းခြင်း၊ ဘာမှမရှိတော့သလိုခံစားရခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သွားခြင်း
  • တစ်ချိန်လုံးငိုနေခြင်း
  • နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ သင့်ဝါသနာအကျင့်တွေမှာ စိတ်ဝင်စားမှုမရှိခြင်း၊ ပျော်ရွှင်မှုမရှိခြင်း
  • ညဘက်မှာ အိပ်ပျော်ဖို့ခက်ခြင်း၊ နေ့ဘက်မှာ တက်ကြွမှုမရှိခြင်း
  • အစားစားလိုစိတ်မရှိခြင်း သို့ အစားအလွန်အမင်းစားခြင်း
  • ဝိတ်ချခြင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်၊ ကိုယ်အလေးချိန်တက်လာခြင်း
  • အပြစ်မကင်းသလိုခံစားရခြင်း၊ အဖိုးမတန်သည့်လူလိုခံစားရခြင်း
  • ဂဏှာမငြိမ်ဖြစ်ခြင်း
  • အာရုံစူးစိုက်ဖို့ခက်ခြင်း၊ ဆုံးဖြတ်ချက်ချဖို့ခက်ခြင်း
  • နေဖို့ မထိုက်တန်သူတစ်ယောက်လို ခံစားရခြင်း

မီးတွင်း စိတ်ကျရောဂါ (Postpartum depression)

စိတ်ကျရောဂါ ဖြစ်နေပြီလို့ ယူဆနိုင်တဲ့ အခြားလက္ခဏာတွေကတော့-

  • စိတ်ဆတ်ခြင်း၊ ဒေါသထွက်ခြင်း
  • မိသားစုဝင်များနဲ့ သူငယ်ချင်းမိတ်တွေများကို ရှောင်ခြင်း
  • ကလေးအပေါ် စိတ်ဝင်စားမှုမရှိခြင်း၊ ကလေးအပေါ် စောင့်ရှောက်မှုမပေးနိင်ခြင်း
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းကြောင့် အိပ်ရာထဲကနေ နာရီပေါင်းများစွာ မထနိုင်ခြင်း

မီးဖွားပြီးချိန် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးအချို့မှာ ထင်ယောင်ထင်မှားဖြစ်ခြင်းတွေ ခံစားရနိုင်ပြီး ကလေးကို အန္တရာယ်ပြုနိုင်ပါတယ်။ တွေ့ရတော့နည်းပါတယ်။

သင့်ကိုယ်သင် ဒါမှမဟုတ် သင့်ကလေးကို နာကျင်စေလိုတဲ့ အတွေးတွေ ရှိခဲ့မယ်ဆိုရင် ဒါက အရေးပေါ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့ ချက်ချင်းဆက်သွယ်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကလေးမွေးဖွားပြီးချိန်မှာ စိတ်ကျရောဂါ ခံစားနေရမယ်ဆိုရင် ဒါကိုဝန်ခံဖို့ ရှက်နေပါလိမ့်မယ်။ မီးဖွားပြီးချိန် စိတ်ဓာတ်ကျခြင်း ရောဂါလက္ခဏာတွေကို ခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ် ။ ကလေးမီးဖွားအပြီး စိတ်လွတ်သွားမယ်ဆိုရင် ချက်ချင်းပြသသင့်ပါတယ်။

အောက်ပါအချက်တွေထဲက တစ်ခုခုရှိနေမယ်ဆိုရင်လည်း ဆရာဝန်နဲ့ မြန်နိုင်သမျှမြန်မြန် ဆက်သွယ်သင့်ပါတယ်။

  • နှစ်ပတ်ထက်ပိုကြာနေမယ်ဆိုရင်
  • ပိုပိုပြီးဆိုးလာမယ်ဆိုရင်
  • ကလေးကို စောင့်ရှောက်ဖို့အတွက် ခက်ခဲနေမယ်ဆိုရင်
  • နေ့စဉ်တာဝန်တွေကို ပြီးမြောက်ဖို့ အခက်တွေ့နေခဲ့မယ်ဆိုရင်
  • သင်ကိုယ်သင် နာကျင်ထိခိုက်စေလိုတဲ့ အတွေး၊ သင့်ကလေးကို နာကျင်ထိခိုက်စေလိုတဲ့ အတွေးတွေရှိခဲ့မယ်ဆိုရင် အမြန်ဆုံးပြသသင့်ပါတယ်။

မီးတွင်းစိတ်ကျရောဂါ ကို ဘာတွေက ဖြစ်စေသလဲ

မီးတွင်း စိတ်ကျရောဂါ က အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အဓိကကျပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ- ကလေးမွေးပြီးချိန်မှာ သင့်ခန္ဓာကိုယ်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ချက်ချင်းကြီးကျသွားခြင်းက မီးဖွားပြီးချိန် စိတ်ကျရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းကထုတ်တဲ့ ဟော်မုန်းတွေကလည်း ရုတ်တရက်ကျသွားတာကြောင့် မောပန်းနွမ်းနယ်တာနဲ့ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြဿနာများ – သင်ကောင်းကောင်းအိပ်မပျော်တဲ့အခါ သို့မဟုတ် အလွန်အမင်းအိပ်တာတွေက အသေးအမွှား ပြဿနာတွေကိုတောင် စိတ်ဆတ်ပြီး ကိုင်တွယ်နိုင်ဖို့ ခက်ခဲစေပါတယ်။ သင့်မွေးကင်းစကလေးကို စောင့်ရှောက်မှုပေးနိုင်၊ မပေးနိုင်နဲ့ ပတ်သက်ပြီးလည်း စိတ်ပူပန်တွေ ဖြစ်လာနိုင်ပါတယ်။ သင့်ကိုယ်သင် ထိန်းချုပ်ဖို့ ခက်ခဲလာပါလိမ့်မယ်။

မီးတွင်း စိတ်ကျရောဂါ (Postpartum depression)

မီးတွင်း စိတ်ကျရောဂါဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

  • ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒါမှမဟုတ် တစ်ချိန်ချိန်တုန်းက စိတ်ဓာတ်ကျဖူးခြင်း
  • စိတ်ကျစိတ်ကြွရောဂါ ရှိနေခြင်း
  • ပထမကိုယ်ဝန်အပြီးမှာ မီးဖွားပြီးချိန် စိတ်ကျရောဂါ ခံစားဖူးခြင်း
  • မိသားစုထဲတွင် စိတ်ဓာတ်ကျခြင်း သို့ စိတ်မငြိမ်သက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ဖူးခြင်း
  • ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးများ၊ နာမကျန်းဖြစ်ခြင်း၊ အလုပ်မဲ့သွားခြင်း စတဲ့ စိတ်ဖိစီးမှုများစေတဲ့ အဖြစ်အပျက်များကို ကြုံတွေ့ထားခြင်း
  • သင့်ကလေးမှာ ကျန်းမာရေးပြဿနာများ သို့ အခြားသော အထူးဂရုစိုက်စရာလိုသည့် ကျန်းမာရေးအခြေအနေများ
  • နို့ကောင်းကောင်း မတိုက်နိုင်ခြင်း
  • သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် တခြားသင့်အတွက် အရေးပါတဲ့ သူတွေနဲ့ ဆက်ဆံရာမှာ ပြဿနာရှိခြင်း
  • ငွေရေးကြေးရေးပြဿနာများ
  • မရည်ရွယ်ဘဲ ကိုယ်ဝန်ရခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ရခြင်း

မီးတွင်း စိတ်ကျရောဂါကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါဘယ်လောက် ပြင်းထန်သလဲဆိုတာကို သိရှိနိုင်ဖို့ ဆရာဝန်က သင့်ခံစားချက်တွေ၊ အတွေးတွေနဲ့ စိတ်ကျန်းမာရေးအခြေအေနေတွေကို မေးမြန်းပါလိမ့်မယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ သင့်ကို တိကျတဲ့ ကုသမှုပေးနိုင်ဖို့ ခံစားရတဲ့ ဝေဒနာကို သေချာပြောပြဖို့ လိုပါတယ်။

မီးတွင်း စိတ်ကျရောဂါကို ဘယ်လိုကုသပါသလဲ

ကုသမှုက ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ကျရောဂါ ကုသမှုနဲ့ အလားတူဖြစ်ပါတယ်။ လက္ခဏာတွေက မပြင်းထန်ဘူးဆိုရင် လိုအပ်တာတွေ စမ်းသပ်စစ်ဆေးပြီး သင့်အခြေအနေကို ပုံမှန်စောင့်ကြည့်ပါလိမ့်မယ်။ လက္ခဏာတွေက ဆိုးရွားပြင်းထန်နေပြီဆိုရင်တော့ ဆရာဝန်က နှစ်သိမ့်ဆွေးနွေးကုထုံးတွေ၊ ဆေးဝါးတွေ ပေးနိုင်ပါတယ်။

  • နှစ်သိမ့်ဆွေးနွေးခြင်းကုထုံး

စိတ်ဝေဒနာအတွက် ကုထုံးဖြစ်ပြီး ပညာရှင်နဲ့ တစ်ယောက်ချင်း ဆွေးနွေးတာဒါမှမဟုတ် အလားတူခံစားနေရတဲ့ အခြားအမျိုးသမီးတွေနဲ့ အုပ်စုလိုက်ဆွေးနွေးတာမျိုး ဖြစ်ပါတယ်။ မိသားစုကုထုံး သို့ အိမ်ထောင်ဖက်ကုထုံးမှာဆိုရင် ဆရာဝန်က သင်ရယ်၊ သင့်အိမ်ထောင်ဖက် သို့ သင့်ဆွေမျိုးသားချင်းတွေနဲ့ ဆွေးနွေးပါလိမ့်ယ်။

စိတ်ကျရောဂါဆေးတွေက စိတ်ခံစားချက်တွေကို ထိန်းညှိပေးတဲ့ ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေကို ညီမျှစေပါတယ်။ အများစုက ဆေးသောက်ပြီး သုံးပတ်လေးပတ်အကြာမှာ စပြီး နေကောင်းနိုင်ပါတယ်။

ဒီဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးအနည်းငယ် ခံစားရနိုင်ပြီး အများစုက အချိန်တိုအတွင်း သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးက သင့်နေ့စဉ်ဘဝကို ထိခိုက်လာနိုင်မယ်ဆိုရင် သို့ စိတ်ဓာတ်ကျခြင်းက ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းအသိပေးသင့်ပါတယ်။

ဆွေးနွေးခြင်းကုထုံးတွေ၊ စိတ်ကျရောဂါကုဆေးတွေကို မတုံ့ပြန်နိုင်လောက်အောင် အခြေအနေဆိုးရွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီအခါမှာ အီးစီတီကုထုံးလိုပါတယ်။ ဒီကုသမှုမှာ လူနာကို မေ့ဆေးပေးထားပြီး လျှပ်စစ်စီးကြောင်းပမာဏနည်းနည်းကို ဦးနှောက်ကို ဖြတ်စီးစေပါတယ်။ လျှပ်စစ်လှုံ့ဆော်မှုက စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဦးနှောက်အတွင်း ဓာတ်ပစ္စည်းပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

  • ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်ပါ။

သင့်ကလေးနဲ့ လမ်းလျှောက်ထွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကို နေ့စဉ်ပြုလုပ်သင့်ပါတယ်။ လုံလုံလောက်လောက် အနားယူဖို့လည်း ကြိုးစားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်အောင်စားပါ။ အရက်ရှောင်ပါ။

  • အခြေအနေကို အမှန်အတိုင်းသိမြင်အောင် ကြိုးစားပါ။

သင့်ကိုယ်သင် အားလုံးကို လုပ်ဖို့ ဖိအားမပေးပါနဲ့။ ပြည့်စုံတဲ့ အိမ်ထောင်မှုဘဝအတွက် သင့်ရဲ့ မျှော်မှန်းထားတာတွေကို ပြန်လျှော့သင့်ပါတယ်။ သင်တတ်နိုင်သလောက်လုပ်ပြီး ကျန်တာတွေကို ထားလိုက်ပါ။

  • ကိုယ့်ကိုယ်ကို အချိန်ပေးပါ။

သိပ်ပင်ပန်းလာတဲ့အခါမျိုးမှာ သင့်ကိုယ်သင်အတွက် အချိန်ပေးပါ။ ဝတ်စားပြင်ဆင်ပြီး သူငယ်ချင်းနဲ့ လည်ပတ်တာတွေ၊ ခရီးတို သွားတာတွေ ပြုလုပ်ပါ။ ဒါမှမဟုတ်သင့် အမျိုးသားနဲ့ သီးသန့်အချိန်ပေးပါ။

  • တစ်ကိုယ်တည်းမနေပါနဲ့။

သင့်ကြင်ဖော်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သင့်ခံစားချက်ကို ဝေမျှပါ။ တခြားအမေတွေကို သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မေးမြန်းပါ။

  • အကူအညီတောင်းပါ။

သင့်အနားမှာရှိတဲ့လူတွေကို ဖွင့်ပြောပြပြီး အကူအညီလိုနေတာကို အသိပေးပါ။ ကလေးထိန်းပေးဖို့ ပြောဆိုလာတာအခါမှာ သင်အနားရနိုင်တာကြောင့် သင့်ကလေးကို ပေးထိန်းလိုက်ပါ။ အဲ့ဒီအချိန်မှာ သင်အိပ်တာမျိုး ၊ မှေးတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုး၊ သူငယ်ချင်းတွေနဲ့ကော်ဖီသောက်တာမျိုး ပြုလုပ်နိုင်ပါတယ်။

မေမေတို့အတွက် သတင်းစကား

မီးတွင်းစိတ်ကျရောဂါက ကလေးမွေးထားတဲ့ မေမေတိုင်း ခံစားရနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှက်တာ၊ တစ်ကိုယ်တည်း ကြိတ်မှိတ်ခံစားတာမျိုး မလုပ်ပါနဲ့။ မိသားစုတွေကို ရင်ဖွင့်ပါ။ သက်ဆိုင်ရာ ဆရာဝန်နဲ့ ကုသမှု ခံယူပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Thin Myat Sandi Cho မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement