backup og meta

မိမိ ကိုယ်အလေးချိန် က ကလေးရဖို့ ခက်စေနိုင်သလား၊၊

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိ ကိုယ်အလေးချိန် က ကလေးရဖို့ ခက်စေနိုင်သလား၊၊

    ကိုယ်အလေးချိန် များခြင်း၊ နည်းခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားကြမှာပါ၊၊ နောက်ထပ်သိထားသင့်တာက အစွန်းရောက်တဲ့ ကိုယ်အလေးချိန် (ဝလွန်းခြင်း၊ ပိန်လွန်းခြင်း) က မျိုးအောင်နိုင်စွမ်းပေါ်မှာလည်း သက်ရောက်မှု ရှိတယ်ဆိုတာပါပဲ၊၊ ဒါ့ပြင်  ဒီအချက်က အမျိုးသားရော၊ အမျိုးသမီးမှာပါ သက်ရောက်နေတဲ့ အချက်ဖြစ်တာကြောင့် ကလေးယူဖို့ ကြိုးစားနေတဲ့ စုံတွဲတိုင်း မိမိကိုယ်အလေးချိန်က ကလေးရဖို့ ခက်နိုင်သလားဆိုတာကို သိထားသင့်ပါတယ်၊၊

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ဆိုတာ

    ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်နည်းအားဖြင့် စုံတွဲတွေအတွက် ကလေးရဖို့ လွယ်ကူစေတဲ့ ကိုယ်အလေးချိန်ကို BMIနဲ့ အလွယ်ဆုံး စစ်ဆေးနိုင်ပါတယ်၊၊

    ပိန်လွန်းတဲ့ ကိုယ်အလေးချိန် – BMI 18.5 အောက်

    ကျန်းမာတဲ့ ကိုယ်အလေးချိန်- BMI 18.5-24.9

    ကိုယ်အလေးချိန်များ- BMI 25-29.9

    အဝလွန်တဲ့ ကိုယ်အလေးချိန်- BMI 30နဲ့ အထက်

    ချွင်းချက်တချို့ ရှိပေမယ့် BMIက တွက်ရအလွယ်ဆုံးနဲ့ ကိုယ်အလေးချိန်ကို ခန့်မှန်းရအလွယ်ဆုံးပဲ ဖြစ်ပါတယ်၊၊

    အမျိုးသမီးများ ကိုယ်အလေးချိန်နဲ့ ကလေးရနိုင်ခြေ

    အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်က ကိုယ်တွင်းက မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းတွေရဲ့ ပမာဏနဲ့ လုပ်ငန်းစဉ်အပေါ်မှာ အများကြီးသက်ရောက်မှု ရှိနေပါတယ်၊၊ လေ့လာချက်တွေအရ အစွန်းရောက်တဲ့ ကိုယ်အလေးချိန်တွေက သဘာဝအတိုင်း ကလေးရဖို့ ခက်စေသလို ဖန်ပြွန်သန္ဓေသားယူမယ်ဆိုရင်တောင် အောင်မြင်ဖို့ ခက်စေပါတယ်တဲ့၊၊

    • ပိန်လွန်းခြင်းနဲ့ ကလေးရနိုင်ခြေ

    အဝလွန်ရင် ကလေးရဖို့ ခက်တယ်လို့ ပြောကြပေမယ့် ပိန်လွန်းပြန်တော့လည်း အီစထရိုဂျင်နဲ့ တခြားဟော်မုန်းတွေ နည်းသွားတာ၊ ကျန်းမာရေးပြဿနာတွေ ခံစားရတာကြောင့် ကလေးရဖို့ ခက်ပါတယ်၊၊

    ဝလွန်းတဲ့ အခါကျတော့လည်း ကိုယ်တွင်းက အန်ဒရိုဂျင်၊ အမျိုးသားဟော်မုန်းတွေ များလာပြီး ကလေးရဖို့ ခက်လာပြန်ပါတယ်၊၊

    ဥပမာ PCOS (Polycystic ovary syndrome) လို့ခေါ်တဲ့ သားဥအိမ် အရည်အိတ်တည်တဲ့ ရောဂါစုမှာဆိုရင် အမျိုးသမီးတွေက ဟော်မုန်းမမျှတတာကြောင့် အဝလွန်လာပါတယ်၊၊ တစ်ခါ ဒီလိုအဝလွန်လာတာကြောင့် ဟော်မုန်းမမျှတမှု ပိုဆိုးပြီး သံသရာ လည်နေတတ်ပါတယ်၊၊ ဒီလို လူနာတွေမှာ သားဥကြွေဖို့ ခက်တာကြောင့် ကိုယ်ဝန်ရဖို့ တော်တော်ကြိုးစားရပါတယ်၊၊ ရောဂါပိုမဆိုးလာအောင်၊ ကလေးရဖို့ လွယ်လာအောင် ကိုယ်အလေးချိန် လျော့ခိုင်းရပါတယ်၊၊

    အစွန်းရောက် ကိုယ်အလေးချိန်များနဲ့ သားဥကြွေခြင်း

    ကလေးရဖို့ဆိုရင် သားဥကြွေဖို့က အဓိက ကျပါတယ်၊၊ အစွန်းရောက်တဲ့ ကိုယ်အလေးချိန်တွေ ( ဝလွန်း၊ ပိန်လွန်း)က ဟော်မုန်းတွေကို မမျှတစေတာကြောင့် ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး သားဥကြွေတာနဲ့ ရာသီလာတာကို ထိခိုက်စေပါတယ်၊၊ အစွန်းရောက် ကိုယ်အလေးချိန်တွေက

    • ရာသီမမှန်စေဘူး၊၊

    ရာသီစက်ဝန်းဆိုတာက ဟော်မုန်းတွေ အများကြီးနဲ့ ထိန်းချုပ်ထားပြီး အဆင့်ဆင့် လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ၊၊ ဦးနှောက်ထဲက ဟိုက်ပိုသလမတ်စ်၊ ပီကျူထရီ ဒီကနေထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကို ထွက်စေပြီး သားဥကြွေစေ၊ ရာသီလာစေတာပဲ ဖြစ်ပါတယ်၊၊

    ဒီလို ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်မှာ တစ်နေရာရာက ချို့ယွင်းသွားရင် အကုန်ကမောက်ကမဖြစ်ကုန်ပြီး ရာသီလည်း မမှန်တော့ပါဘူး၊၊

    ရာသီမမှန်ဘူးဆိုရင် အဓိက အကြောင်းရင်းက သားဥမကြွေတာကြောင့် ဖြစ်နိုင်ပါတယ်၊၊ သားဥမကြွေရင် ကိုယ်ဝန်ရဖို့လည်း ခက်လာမှာပါ၊၊ ရာသီမမှန်ဘူးဆိုတဲ့ နေရာမှာ ရာသီထိမ်သွားတာအပြင် ရုတ်တရက် သွေးဆင်းများတာ၊ နည်းတာ၊ ရက်ရှည်တာ၊ ကြားဖောက်သွေးဆင်းတာ စတာတွေပါ အကျုံးဝင်ပါတယ်၊၊ ပြောရရင်တော့ လာချင်တဲ့ ပုံစံနဲ့ လာချင်သလို လာနေတာပဲ ဖြစ်ပါတယ်၊၊

    ဒီလိုပဲ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားသူ၊ နဂိုတည်းက ပိန်လွန်းတဲ့ သူတွေမှာဆိုရင် ရာသီလုံးဝပျောက်သွားတာမျိုး တစ်နည်း သားဥလုံးဝမကြွေတာမျိုး ဖြစ်တတ်ပါတယ်၊၊

    • အီစထရိုဂျင် ပမာဏကို များစေတယ်၊၊

    သွေးထဲမှာ အီစထရိုဂျင်ဟော်မုန်း ပုံမှန်အတိုင်း ရှိနေပါမှ သားဥအိမ်ကနေ လစဉ် သားဥကြွေမှာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် အဝလွန်လာရင် သွေးထဲမှာ အီစထရိုဂျင်တွေ များလာပြီး သားဥကြွေမှာ မဟုတ်ပါဘူး၊၊

    • အင်ဆူလင် မတိုးတော့ဘူး၊၊

    အဝလွန်တာရဲ့ နောက်ထပ် ပြဿနာတစ်ခုက အင်ဆူလင် မတိုးတော့တာပါ၊၊ သွေးထဲမှာ အင်ဆူလင် ရှိနေပေမယ့် ဆဲလ်တွေက မတုံ့ပြန်တာကြောင့် သွေးတွင်းသကြားဓာတ်တွေများလာပါတယ်၊၊ ပိုလျှံတဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းတဲ့အခါ် ထပ်ပြီး အဝလွန်စေတာကြောင့် ပိုဆိုးလာပါတယ်၊၊ အင်ဆူလင် မတိုးတာက သားဥမကြွေတာ၊ ရာသီမမှန်တာတွေအပြင် ဆီးချိုရောဂါကိုပါ ဖြစ်စေနိုင်ပါတယ်၊၊

    အမျိုးသားများ ကိုယ်အလေးချိန် နဲ့ ကလေးရနိုင်ခြေ

    ကလေးမရဘူးဆိုရင် အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်သလို ကိုယ်အလေးချိန်ကြောင့် မရဘူးဆိုရင်လည်း အမျိုးသမီးတွေပဲလို့ ထင်တတ်ကြပါတယ်၊၊ တကယ်က အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်ကလည်း အမျိုးသမီးတွေနည်းတူ ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်၊၊ အဝလွန်တဲ့ ဒါမှမဟုတ် ပိန်လွန်းတဲ့ အမျိုးသားတွေမှာ ဟော်မုန်းမမျှတမှုတွေ ဖြစ်လာတာကြောင့် ကလေးရနိုင်ခြေ ထိခိုက်နိုင်ပါတယ်၊၊

    ၂၀၀၆ ခုနှစ်မှာ အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်က မျိုးအောင်နိုင်စွမ်းကို ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုပြီး လေ့လာခဲ့ကြပါတယ်၊၊ ဒီလေ့လာချက်မှာ အမျိုးသားတွေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပေါင်  ၂၀တက်တိုင်းမှာ ကလေးရဖို့ ၁၀%လောက် ပိုခက်လာပါတယ်တဲ့၊၊ ဒါ့ပြင် ဇနီးရဲ့ ကိုယ်အလေးချိန်က ဘယ်လိုပဲ ရှိနေပါစေ၊၊ ဆိုလိုတာက အမျိုးသမီးမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိနေမယ်ဆိုရင်တောင် အမျိုးသားက အဝလွန်နေမယ်ဆိုရင် ကလေးရဖို့ အချိန်ကြာပါလိမ့်မယ်တဲ့၊၊

    အစွန်းရောက် ကိုယ်အလေးချိန်များနဲ့ သုက်ကောင်ကျန်းမာရေး

    အဝလွန်တာရော၊ ပိန်လွန်းတာရောက အမျိုးသားတွေရဲ့ ဟော်မုန်းမမျှတမှုကို ဖြစ်စေပြီး ဒါကတဆင့် သုက်ကောင်လေးတွေရဲ့ အရေအတွက်ကိုရော အရည်အသွေးကိုပါ ထိခိုက်စေပါတယ်၊၊ အစွန်းရောက် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသားတွေမှာ

    • သုက်ကောင်အရေအတွက် နည်းသွားတာ
    • သုက်ကောင် လှုပ်ရှားမှု နှေးသွားတာ
    • သုက်ကောင်လေးတွေ ပျက်စီးလွယ်တာ

    ဒါကြောင့် မိန်းမကိုယ်ထဲမှာ ကြာကြာမရှင်နိုင်တာ၊ မမျိုးဥနဲ့ ပေါင်းစပ်ဖို့ ခက်တာတွေကြောင့် ကလေးရဖို့ ခက်ခဲတတ်ပါတယ်၊၊

    ကိုယ်အလေးချိန်နဲ့ မျိုးအောင်နိုင်စွမ်း

    စုံတွဲတွေမှာ နှစ်ယောက်လုံးရဲ့ ကိုယ်အလေးချိန်က ကလေးရဖို့အတွက် အရေးကြီးပါတယ်၊၊ တကယ်လို့ မိမိမှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ် ဒါမှမဟုတ် များနေတယ်လို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရအောင် ကြိုးစားသင့်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement