backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစုကို ဆေးပညာလို Polycystic ovary syndrome (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းရောဂါတစ်မျိုးပါပဲ။ ရောဂါစုလို့ ပြောတဲ့အတွက် သားဥအိမ်မှာ ရေအိတ်တည်တာအပြင် တခြားရောဂါတွေနဲ့ပါ တွဲတတ်ပါသေးတယ်။ ရာသီမမှန်တာ၊ အမွေးအမျှင်တွေ များတာ၊ ကိုယ်ဝန်မရတာ၊ ဝက်ခြံတွေထွက်တာ စတဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် တခြားသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်အမျိုးသမီးမှာမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ဘယ်လိုရောဂါလဲ။ ကုသလို့ရလား။ အန္တရာယ်ရှိလားဆိုတာ ဆက်ကြည့်ရအောင်။

ဘာကြောင့် PCOS ဖြစ်ရတာလဲ။

ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သေချာမသိရသေးနိုင်ဘူး။ ပြောကြတာတော့

  • အင်ဆူလင်များလို့
  • အင်ဆူလင်ဆိုတာ ပန်ကရိယက ထုတ်ပြီး ခန္ဓာကိုယ်က သကြားတွေကို ယူသုံးစေချင်တာကြောင့် စွမ်းအင်ရအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ ဆဲလ်တွေက အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတဲ့အခါ သွေးထဲမှာ သကြားပိုများလာပြီး အင်ဆူလင် ပိုထွက်ပါတယ်။ အင်ဆူလင် ထွက်လာရင် အင်ဒရိုဂျင် (Androgen) တွေ ပိုထွက်လာပြီး သားဥကြွေဖို့ အခက်အခဲ ဖြစ်လာပါတယ်။

    • ရောင်ရမ်းခြင်း (low grade inflammation)

    PCOS မှာ low grade inflammation ဖြစ်တဲ့ အတွက် ရေအိတ်တည်တဲ့ သားဥအိမ်ကနေ အင်ဒရိုဂျင် ထွက်တာကြောင့် နှလုံးနဲ့ သွေးကြော ရောဂါတွေ ဖြစ်လာတာပါ။

    • မျိုးရိုးဗီဇ

    တချို့ ပညာရှင်တွေက PCOS ဖြစ်ရတာ မျိုးရိုးဗီဇကြောင့်လို့ ဆိုပါတယ်။

    • အင်ဒရိုဂျင် (Androgen)

    သားဥအိမ်ကနေ အင်ဒရိုဂျင် (Androgen)  တွေ အများကြီးထွက်တာကြောင့် အမွေးထူတာ၊ ဝက်ခြံပေါက်တာ ဖြစ်လာတာပါ။

    PCOS ရဲ့ လက္ခဏာတွေက ဘာလဲ။

    လက္ခဏာတွေက ပျိုဖော်ဝင်စ ပထမဆုံး ရာသီစလာတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ နောက်ကျမှ လက္ခဏာ ပြတာလည်း ရှိပါတယ်။ ဥပမာ ဝလာတဲ့ အချိန်မှာပေါ့။

    လက္ခဏာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ပါဘူး။ ဒါပေမယ့် PCOS မှာ အောက်က လက္ခဏာတွေကတော့ အတွေ့ရများပါတယ်။

    • ရာသီမမှန်တာ

    ရာသီမမှန်တာ၊ ထိန်တာ၊ ရက်ကြာတာ စတာတွေက PCOS ရဲ့ အဓိက လက္ခဏာတွေပါပဲ။ ဥပမာပြောရရင် တစ်နှစ်ကို ရာသီ ၉ခါလောက်ပဲ လာမယ်။ ရာသီတစ်ခုနဲ့ တစ်ခုကြားလဲ ၃၅ရက်လောက် ခြားတယ်။ ရာသီလာတာလည်း များတယ်ပေါ့။

    • အင်ဒရိုဂျင် (Androgen) များတာ

    အင်ဒရိုဂျင် (Androgen) ဆိုတာ အမျိုးသား ဟော်မုန်းပါ။ သူများလာတဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးထူတာ၊ ဝက်ခြံတွေ  အများကြီးထွက်တာ၊ အမျိုးသားတွေလိုမျိုး ထိပ်ပြောင်တာ ဖြစ်တတ်ပါတယ်။

    •   သားဥအိမ်မှာ ရေအိတ်တည်တာ

    သားဥအိမ်တွေက ကြီးလာပြီး မျိုးဥ ပတ်ပတ်လည်မှာ ရေအိတ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် သားဥအိမ်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး။

    တခြား လက္ခဏာတွေကတော့

    • အဝလွန်တာ
    • အသားမည်းလာတာ (အထူးသဖြင့် လည်ပင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်)
    • ဟော်မုန်း အပြောင်းအလဲကြောင့် ခေါင်းကိုက်တာ
    • ဆီးစပ်ကိုက်တာ
    • စိတ်အပြောင်းအလဲ မြန်တာတွေပဲ ဖြစ်ပါတယ်။

    နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ။

  • PCOS ကြောင့် မျိုးဥကြွေတာ အခက်အခဲ ရှိတဲ့ အတွက် ကလေးရဖို့ ခက်ပါတယ်။
  • (သားဥကြွေခြင်းကို ဤနေရာ တွင် တွက်ချက်နိုင်သည်။)

    • ရခဲ့ရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင် ဆီးချိုတို့ သွေးတိုးတာတို့
    • ကိုယ်ဝန်ပျက်တာ၊ လမစေ့ကလေး မွေးတာ
    • အသည်းရောင်တာ
    • Metabolic syndrome လို့ ခေါ်တဲ့ သွေးတိုးတာ၊ သွေးတွင်း သကြားဓာတ်များတာ၊ သွေးတွင်း မကောင်းတဲ့ အဆီဓာတ်တွေ များတာ။ ဒါတွေကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ချေ များတာ
    • အမျိုးအစား ၂ ဆီးချိုရောဂါ ဒါမှမဟုတ် ဆီးချို အကြိုအဆင့် ဖြစ်တာ
    • အိပ်ဟောက်ရှူရပ်ရောဂါ ဖြစ်တာ
    • စိတ်ကျတာ၊ စိတ်ရှုပ်တာ၊ အစားအသောက်မမှန်တာ
    • သွေးဆင်းမမှန်တာ
    • သားအိမ်ကင်ဆာဖြစ်နိုင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

    လူဝလေလေ နောက်ဆက်တွဲ ပိုဆိုးလေလေပါပဲ။

    ကုသနည်းများ

    ကုသနည်းတွေကတော့

    • သောက်ဆေးတွေပေးတာ

    ဟော်မုန်းညီမျှအောင်လို့ ဟော်မုန်းဆေးတွေ ပေးတာ၊ အင်ဆူလင် ပမာဏ ထိန်းနိုင်အောင် Metformin ပေးတာ၊ သားဥကြွေဆေးတွေ ပေးတာမျိုး လုပ်လို့ရပါတယ်။

    • အမွေးအမျှင်များတာ

    လိမ်းဆေးတွေ လိမ်းတာ၊ လေဆာနဲ့ ဖယ်တာတွေ လုပ်လို့ ရပါတယ်။

    • ခွဲစိတ်ကုတာ

    အပေါ်က နည်းလမ်းတွေနဲ့ အဆင်မပြေဘူး ဆိုရင်တော့ သားဥပြန်ကြွေဖို့အတွက်  သားဥအိမ်ကို ခွဲစိတ်တာမျိုး လုပ်ရပါမယ်။

    လူနာအနေနဲ့ လုပ်နိုင်တာကတော့ ဝိတ်ချတာပါပဲ။ အစားအသောက် ဆင်ခြင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်တာက ရောဂါရဲ့ လက္ခဏာတွေကို ပိုဆိုးစေပါတယ်။

    PCOS ရောဂါက အမျိုးသမီးတွေကို တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ရာသီမမှန်တာ၊ ကလေးမရတာတွေကြောင့် စိတ်ရှုပ်ရသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အမွေးအမျှင်များတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့ မမေ့ပါနဲ့။ ဆေးကုတာအပြင် ကိုယ်တိုင်ကြိုးစားပြီး ကိုယ်အလေးချိန် ထိန်းတာကလည်း ရောဂါကုသရာမှာ အထောက်အကူဖြစ်တယ်ဆိုတာကို သတိရပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement