backup og meta

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

အရင်ဆုံးပြောချင်တာက ‘ဂုဏ်ပြုပါတယ်’။ ၁၀လလောက်တောင့်ခံပြီးတဲ့နောက်မှာ သင်ဟာမိခင်တစ်ဦးဖြစ်သွားခဲ့ပါပြီ။ ကလေးမွေးပြီးတဲ့နောက်မှာ ဆရာမက မိခင်ရော ကလေးပါကျန်းမာပါတယ်လို့ပြောတဲ့အချိန်က အမေတွေအတွက်အပျော်ဆုံးအချိန်ပါပဲ။ ကိုယ်ဝန်ဆောင်တုန်းက အပြောင်းအလဲတွေတွေ့ခဲ့ရသလိုမျိုး ခု မီးနေသည် ဘဝမှာလည်း အပြောင်းအလဲတွေတွေ့ရဦးမှာပါ။ မီးနေသည် ဆိုတာ ကလေးမွေးပြီး နာလန်ပြန်ထူတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နည်းတူစောင့်ရှောက်ဖို့လိုပါတယ်။ ဘယ်လိုအပြောင်းအလဲတွေတွေ့မှာလဲ။ ဘယ်လိုပြုစုစောင့်ရှောက်မှာလဲဆိုတာ  ဆက်ကြည့်ရအောင်။

မီးနေသည် ကာလက ဘယ်လောက်ကြာမှာလဲ။

ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မွေးပြီး၄၅ရက် (၆ပတ်)က မီးတွင်းပါ။ မွေးဖွားရလွယ်ကူရင်တောင် သင့်သားအိမ်က အဆုံးစွန်ထိချဲ့ထားတဲ့အတွက် နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရမှာပါ။ မီးတွင်းဒုက္ခတွေကိုခံစားရတာ မီးနေသည် တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ တချို့ကတစ်ပတ်လောက်နဲ့ နေသားကျသွားသလို တချို့ကကလေးတော်တော်ကြီးတဲ့အထိ မသက်သာပါဘူး။

ရိုးရိုးမွေးထားတဲ့သူတွေက ဘယ်လောက်ကြာမှ မွေးလမ်းကြောင်းပုံမှန်အတိုင်းပြန်ဖြစ်မလဲဆိုတော့ မွေးလမ်းကြောင်းမချဲ့ရရင် ၃ပတ်၊ မွေးလမ်းကြောင်းချဲ့ရင် ၆ပတ်လောက်ကြာတတ်ပါတယ်။ မွေးပြီးရင် မွေးလမ်းကြောင်းက အရင်လိုမဟုတ်တာတော့ သေချာပါတယ်။ ခွဲမွေးထားတယ်ဆိုရင်တော့ ဆေးရုံမှာ ၃ ၄ရက်လောက် နေရမှာပါ။ ပုံ၊ ဘယ်လိုမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် ၁လ ၁လခွဲလောက်စောင့်ရမှာပါ။ မမွေးခင် ညှစ်ထားဦးမယ်ဆိုရင်တော့ မိန်းမကိုယ်ကပါ နည်းနည်းနာနေမှာပါ။

ကဲ မီးနေသည် တွေ ဘာတွေကြုံတွေ့ရမလဲ၊ ဘယ်လိုစောင့်ရှာက်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်

  • ကလေးမွေးပြီးရင် သွေးဆင်းခြင်း

ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး ၄၅ရက်လောက်ထိ မီးနေသွေးဆင်းတတ်ပါတယ်။ ရာသီသွေးဆင်းတာနဲ့ တူပါတယ်။ တဖြည်းဖြည်းအရောင်ဖျော့သွားပါတယ်။ မွေးပြီး ၃ရက်ကနေ ၁၀ရက်အထိ သွေးဆင်းများတတ်ပါတယ်။ သွေးဆင်းတာအရမ်းများရင်၊ ၁နာရီကို pad၁ခုလောက်လဲနေရရင် ဆရာဝန်ကို ပြောပြပါ။ မွေးပြီးသွေးသွန်တာများတာလည်းဖြစ်နိုင်ပါတယ်။ မီးနေသွေးဆင်းတဲ့ အချိန်မှာ padပဲသုံးသင့်ပါတယ်။ Tamponမသုံးသင့်ပါဘူး။

  • မွေးလမ်းကြောင်းအနာသက်သာဖို့

ရိုးရိုးမွေးတဲ့သူတွေက မွေးလမ်းကြောင်းချဲ့သည်ဖြစ်စေ၊ မချဲ့သည်ဖြစ်စေ ကလေးတစ်ယောက်လုံးထွက်ထားတဲ့အတွက် မွေးလမ်းကြောင်းစုတ်ပြဲတာ အနည်းနဲ့ အများတော့ရှိပါတယ်။ဒါတွေသက်သာဖို့ အောက်က အခင်းထူထူခင်းထိုင်ပါ။ Padခံထားပြီ အပေါ်ကနေ ရေခဲလေးအုံပေးပါ။ ဆီးသွားပြီးတိုင်း ရေကြက်သီးနွေးနဲ့ ဆေးပေးပါ။ အနာသက်သာအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဝမ်းချုပ်မခံပါနဲ့။

  • ခွဲကြောင်းသက်သာဖို့

ခွဲမွေးထားရင်တော့ ချုပ်ရိုးကို သေချာသန့်ရှင်းရေးလုပ်ပါ။ အနာကို ပြည်မတည်ပါစေနဲ့။ အနာကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းပါ။ အနာကောင်းကောင်းမကျက်ခင် အလေးအပင်မတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

မွေးပြီးပြီးချင်းမှာ ဝမ်းပြန်သွားဖို့အခက်အခဲရှိမှာပါ။ ဒါပေမယ့် ဝမ်းသွားဖို့အတင်းမကြိုးစားပါနဲ့။ ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ လမ်းလျှောက်ပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝမ်းပျော့ဆေးသောက်ပါ။ ဝမ်းမညစ်ပါနဲ့။ ဒါက မွေးလမ်းကြောင်းချဲ့ထားတဲ့အနာအတွက်ရော၊ ခွဲမွေးထားတဲ့သူအတွက်ရောမကောင်းပါဘူး။

  • မိန်းမကိုယ်ပုံမှန်ပြန်ဖြစ်စေဖို့

မိန်းမကိုယ်ပုံမှန်ပြန်ဖြစ်အောင်၊ အမျိုးသားနဲ့ အတူနေတဲ့အခါ အဆင်ပြေအောင်၊ မွေးပြီးဆီးမထိန်းနိုင်တာမဖြစ်အောင် ‘Kegel လေ့ကျင့်ခန်း’ကို လုပ်ပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲမွေးမွေး ဒီလေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။ ကိုယ်သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရတာနဲ့ ဒီလေ့ကျင့်ခန်းကို စလုပ်နိုင်ပါပြီ။

  • ရင်သားနာတာ သက်သာဖို့

မွေးပြီး သိပ်မကြာခင်မှာ ရင်သားတွေက တင်းပြီး နာလာတတ်ပါတယ်။ ဒါသက်သာအောင် ကလေးကို နို့မကြာခဏ တိုက်ပေးလို့ရပါတယ်။ ဒါ့ပြင် နို့မတိုက်ခင်မှာ ရင်သားကို ရေနွေးဝတ်ကပ်ပေးတာ၊ ရေနွေးနဲ့ ရေချိုးတာကည်း နို့ကို ပိုထွက်စေသလို ရင်သားနာတာကိုလည်း ပိုသက်သာစေပါတယ်။

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

နို့တိုက်ပြီးရင်လည်း ရေနွေးဝတ်လေး ပြန်ကပ်ပေးပါ။ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးလေးတွေ သောက်လို့ရပါတယ်။ နို့မတိုက်တဲ့ အချိန်ဆို ဘရာဇီယာဝတ်ပါ။ နို့တွေကို မညှစ်ထုတ်ပါနဲ့။ ဒါက နို့ပိုထွက်စေပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး နို့ခမ်းဆေးသောက်လို့ရပါတယ်။

  • အာဟာရပြည့်စေဖို့

ကိုယ်ဝန်ဆောင်တုန်းကလိုပဲ တစ်နေ့သုံးနပ် အဝစားမယ့်အစား နည်းနည်းနဲ့ ၅ခါလောက်စားရပါမယ်။ စားတဲ့အခါမှာလည်း စုံလင်အောင် စားရမှာပါ။ ထမင်းနဲ့ ငါးခြောက်၊ ဟင်းခါးလောက်နဲ့တင် မရပါဘူး။ အမေအစားရှောင်ရင် ကလေးမှာ သူငယ်နာရောဂါ ဖြစ်တတ်ပါတယ်။ အမေမှာ ဗီတာမင်ချို့တဲ့ပြီး ခြေထုံ၊ လက်ထုံ၊ ပါးစပ်အနာတွေ ပေါက်တတ်ပါတယ်။ ထမင်းအပြင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စုံလင်အောင်စားပါ။ ရေများများသောက်ပါ။ အရက်၊ ကော်ဖီရှောင်ပါ။

  • လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်

ဘယ်လိုပဲမွေးမွေး လေ့ကျင့်ခန်းပြန်လုပ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သေချာတာတော့ မီးနေသည်တွေက လမ်းတော့လျှောက်ပေးရပါမယ်။ မီးတွင်းတစ်တွင်းလုံး အိမ်တွင်းအောင်းနေစရာ မလိုပါဘူး။ နည်းနည်းသက်သာလာတာနဲ့ လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါးအလုပ်တွေ စလုပ်လို့ရပါပြီ။ ဒါက သွေးလှည့်ပတ်မှု ကောင်းစေသလို ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း

  • မီးနေသည် စိတ်ကျခြင်း

မွေးပြီးပြီးချင်းမှာ အမေတွေက ဟော်မုန်းအပြောင်းအလဲ၊ အိပ်ရေးပျက်တာ၊ ကလေးလေးကို ပြုစုရလို့ပင်ပန်းတာတွေပေါင်းပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မီးနေသည် ၄ယောက်မှာ ၁ယောက်က ဖြစ်တတ်ပါတယ်။ အသားကျသွားရင် ပြန်ကောင်းသွားမှာပါ။ ၂ပတ်ထက်ကြာအောင် ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသပါ။

Takeaways

ကလေးမွေးတယ်ဆိုတာ မိခင်တွေအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုအချိန်မှာ မိခင်တွေ အခက်အခဲမရှိဘဲ ဖြတ်သန်းနိုင်အောင် အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ မိသားစုရဲ့ ဖေးမစောင့်ရှောက်မှုကလည်း မိခင်ကို အားဖြစ်စေမှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.whattoexpect.com/pregnancy/pregnancy-health/postpartum-recovery/

https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/postpartum-care/art-20047233

ယခုပုံစံ

11/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်ခွဲကလေးမွေးထားတဲ့ မေမေတို့ ဒါလေးတွေ ရှောင်၊ ဒါလေးတွေ ဆောင်သင့်တယ်နော် ။ ။

ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement