backup og meta

ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 11/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား!

    သွေးတိုးရောဂါဆိုတာက စိုးရိမ်စရာကောင်းတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။ လူတော်တော်များများက သွေးတိုးတာကို ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုလို့ မယူဆဘဲ အမှုမဲ့ အမှတ်မဲ့နေကြပေမယ့် သွေးတိုးရောဂါက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း သွေးတိုးရောဂါကို ခံစားရနိုင်သလို ကိုယ်ဝန်ဆောင်သွေးတိုးက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်သွေးတိုး ဆိုတာ

    ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေ တစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။

    ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။

    ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်နိုင်ခြေ များတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ

    အခုလို အခြေအနေရှိသူတွေမှာ အခြားသူတွေထက် ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။

    • ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ
    • မိခင်နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ
    • အမြွှာကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေ
    • အသက် ၃၅ နှစ်အထက် မေမေတွေ
    • အရင်ကိုယ်ဝန်တုန်းက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရဖူးတာ
    • အမျိုးအစား ၁ ဆီးချို ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချို ရှိနေတာ
    • အရင်ကိုယ်ဝန်နဲ့ ၁၀ နှစ်ကျော် ကွာပြီးမှ ကိုယ်ဝန်ဆောင်တာ
    • သွေးတိုးရောဂါအခံရှိတဲ့ မေမေတွေ
    • ကျောက်ကပ်ရောဂါရှိတဲ့ မေမေတွေ
    • အဝလွန်နေတဲ့ မေမေတွေ
    • အခြားကိုယ်ဝန်ဆောင်မေမေတွေထက် ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေကို ပိုများစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား

    ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရလား ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်ရတဲ့ အကြောင်းအရင်း တိတိကျကျကို အဖြေမထုတ်နိုင်သေးတာကြောင့် လုံးဝမဖြစ်အောင်  ကာကွယ်ဖို့က အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်နိုင်ခြေကို လျှောချနိုင်ဖို့ လုပ်ဆောင်ပေးလို့ ရမယ့် အကောင်းဆုံးသော နည်းလမ်းတွေက

    • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်ဝန်ဆောင်သွေးတိုးကိုရော ကိုယ်ဝန်ဆောင်ဆီးချိုကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ စတင် စီစဉ်ချိန်ကတည်းက ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိအောင် ထိန်းပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
  • နေ့စဉ် စားသုံးမှုမှာ အသီးအနှံတွေ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးပါ။ နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါဝင်အောင် စားသုံးပေးပါ။ ဆားကို လျှော့စားပါ။ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကို မစားပါနဲ့။

    • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေချိန်မှာရော ကိုယ်ဝန်ဆောင်ချိန်မှာပါ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာလိုမျိုး ကျန်းမာရေးတွေကို လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ ရက် ကနေ ၅ ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်ဝန်ဆောင်သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • ဆေးလိပ် နဲ့ အရက်ဖြတ်ပါ

    ဆေးလိပ်နဲ့ အရက်ပါတဲ့ သောက်စရာတွေက သွေးတိုးစေနိုင်ပါတယ်။ ဒါ့ပြင် မွေးလာမယ့်ကလေးကိုလည်း အင်္ဂါမစုံတာ၊ ကလေးအသေမွေးတာ၊ လမစေ့ ပေါင်မပြည့်မွေးတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မှ မဟုတ်ဘဲ ကိုယ်ဝန်ယူမယ်လို့ စပြီး စီစဉ်တည်းက ဆေးလိပ်၊ အရက် လုံးဝဖြတ်လိုက်ပါ။

    • အငန်လျှော့စားပါ

    အငန်ကဲတဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာရော ပုံမှန်အချိန်တွေမှာပါ ရှောင်ဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ ဆား အပါအဝင် အငန်ဓာတ်ပါတဲ့ စားစရာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။ ဒီလို စားတာက ကိုယ်ဝန်ဆောင် သွေးတိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • ရေများများ သောက်ပါ
  • ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ရေ ၈ ခွက် အနည်းဆုံး သောက်သုံးပေးပါ။ ဒီလိုမျိုး ရေများများ သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန် ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်သလို ကိုယ်ဝန်ဆောင်သွေးတိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။

    • ပြည့်ပြည့်ဝဝ အနားယူပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးဝဝအိပ်တာ၊ သက်တောင့်သက်သာ အနားယူတာတွေက ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို လျှော့ချဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ရင်း ပြည့်ဝတဲ့ အနားယူချိန် ရှိအောင် လုပ်ဆောင်ပေးပါ။

    စကားလက်ဆောင်

    ကိုယ်ဝန်ဆောင်သွေးတိုးကို မဖြစ်ခင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒါကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးတာတွေ လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ ရက်လောက် ကိုယ်လက်လှုပ်ရှားမှု ရှိနေခြင်းက ကိုယ်ဝန်ဆောင်သွေးတိုးဖြစ်နိုင်ခြေကို ထိရောက်တဲ့ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 11/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement