backup og meta

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!

    ကိုယ်ဝန်ဆောင် ဆီးချိုဆိုတာက ဆီးချို အမျိုးအစား တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာကြောင့် ကိုယ်ဝန်ဆောင် ဆီးချိုလို့ ခေါ်တာပါ။ ကိုယ်ဝန်ဆောင် ဆီးချိုက မိခင်နဲ့ ကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း မိခင်မှာ အမျိုးအစား – ၂ ဆီးချို ခံစားရနိုင်ခြေကို များစေပါတယ်။ ဒီတော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်စေဖို့နဲ့ မိခင်ရော ကလေးမှာပါ ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ ဘာလဲ

    ကိုယ်ဝန်ဆောင် ဆီးချို ဆိုတာက ကိုယ်ဝန်မဆောင်ခင်တုန်းက ဆီးချိုမရှိဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။

    ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲက ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာပါ။

    နောက်တစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အမျိုးအစား (၂) ဆီးချို မဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။

    ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

    ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခု မကပါဘူး။ အဓိကကတော့ ကိုယ်တွင်းမှာ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။

    ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ကယ်လိုရီအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။ ဒီအချက်အပြင်

    • အရှေ့ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးတာ
    • ခန္ဓာကိုယ်ရဲ့ BMI က 30 နဲ့ အထက် ဖြစ်နေတာ
    • အစောပိုင်း မွေးထားတဲ့ ကလေးရဲ့ ကိုယ်အလေးချိန်က ၄.၅ ကီလိုဂရမ် (၁၀ ပေါင်ကျော်) ဖြစ်နေတာ
    • ကလေးအသေမွေးဖွားဖူးတာ
    • မိသားစုဝင်တွေထဲမှာ အမျိုးအစား – ၂ ဆီးချို ခံစားနေရသူ ရှိတာ
    • ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အသက် ၂၅ နှစ် အထက်ဖြစ်နေတာတွေပါ။

    နောက်ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ပြောင်းလဲတာတွေကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ Human placental lactogen လို့ခေါ်တဲ့ (hPL) ဟော်မုန်း၊ human placental growth hormone လို့ခေါ်တဲ့ (hPGH) ဟော်မုန်း၊ Oestrogen နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ များစွာ ထွက်ရှိပါတယ်။ ဒီဟော်မုန်းတွေထဲက HPL ဟော်မုန်းက အင်ဆူလင် ထိရောက်မှုကို လျော့နည်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ဆီးချိုက ဘယ်လောက်အထိ ပြင်းထန်သလဲ

    ကိုယ်ဝန်ဆောင် ဆီးချိုက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ

    • ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ
    • လမစေ့ဘဲ မွေးဖွားတာ
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားရတာ
    • မွေးကာစ ဘေဘီလေးမှာ သွေးတွင်းသကြားဓာတ် ကျဆင်းတာ
    • မေမေ့မှာ နောက်ပိုင်းကျရင် အမျိုးအစား -၂ ဆီးချို ခံစားရနိုင်တာ
    • ကလေး အသေမွေးတာ
    • မွေးကင်းစအရွယ်မှာ သေဆုံးတာတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ

    ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ ဆိုတော့

    • ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ

    ကိုယ်ဝန်ဆောင်ဖို့ စတင်ပြင်ဆင်ချိန်က စလို့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းပေးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာရော ကလေးမွေးဖွားပြီးချိန် အထိပါ ကိုယ်အလေးချိန်ကို ထိန်းထားတာက ကိုယ်ဝန်ဆောင်ဆီးချို ကင်းဝေးစွာနဲ့ ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်း တစ်ခုပါ။

    ကိုယ်အလေးချိန် အရမ်းများနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျှော့ချပါ။ ကိုယ်အလေးချိန် များလေလေ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နိုင်ခြေ များလေလေပါ။

    • ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ

    အချိန်ရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ချိန်ကနေစလို့ ကိုယ်ဝန်ဆောင်နေစဉ်မှာရော ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

    • သွေးတွင်းသကြားဓာတ် စစ်ဆေးပါ

    ကိုယ်ဝန်အပ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပေးပါလိမ့်မယ်။ ရက်ချိန်းပြတဲ့အခါမှာလည်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ ပုံမှန်စစ်လို့ သံသယရှိရင် သကြားရည်သောက်ပြီး စစ်တာတွေ လုပ်ဖို့ လိုပါတယ်။ ဆီးချိုရှိမှန်း စောစောသိတာကလည်း ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါအောင် စားသုံးပေးပါ

    နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်စေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားပေးဖို့ လိုပါမယ်။

    • အချိုလျှော့စားပါ

    အထူးသဖြင့် သကြား၊ အချိုရည်တွေ၊ အချိုပွဲမုန့်တွေကို လျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို လျှော့စားတာကလည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။

    စကားလက်ဆောင်

    ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ မဖြစ်ခင်ကာကွယ်တာ အကောင်းဆုံးဖြစ်မယ့် ကျန်းမာရေးပြဿနာ ဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ သွေးတွင်းသကြားဓာတ်တွေကို ပုံမှန် စစ်ဆေးတာတွေ လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု ရှိနေခြင်းက ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေကို ထိရောက်တဲ့ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement