ကလေးမွေးမယ် ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။
ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ
ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။
( ၁ ) ကလေးမီးဖွားတဲ့ အကြိုသင်တန်းတွေ တက်ကြည့်ပါ။
မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း မွေးခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် ဘယ်လိုပုံစံမျိုးနဲ့နေရင် ကလေးထွက်ဖို့ ပိုမြန်တယ်ဆိုတာတွေကို သိပြီးသားဖြစ်နေမှာပါ။
( ၂ ) ကလေးမွေးမယ် ဆိုပြီး မလိုအပ်ဘဲ ဆေးရုံမှာ မနေပါနဲ့။
တချို့ရှိပါတယ်။ ဗိုက်နာတယ်၊ မီးဖွားချင်သလိုလိုဖြစ်နေတယ်ဆိုပြီး ဆေးရုံသွား ဟိုရောက်တော့မှ မီးဖွားချင်တာမဟုတ်မှန်း သိရတဲ့ အခိုက်အတန့်တွေပါ။ ရောက်လက်စနဲ့ ဆက်ပြီးနေသွားမယ်ဆိုပြီး ဆရာဝန်လည်း မညွှန်ကြားဘဲ ဆေးရုံမှာ မနေပါနဲ့ ။ ဆေးရုံဆိုတာ ရောဂါပိုးပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။
( ၃ ) ကိုယ်တကယ်ရိုးရိုးမွေးချင်တာ သေချာပါစေ။
ရိုးရိုးမွေးတယ်ဆိုမှတော့ ဗိုက်နာတာကို ခံနိုင်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။ တော်ကြာ ရိုးရိုးမွေးမယ်လုပ်ပြီး ဗိုက်နာတာကို မခံနိုင်တော့လို့ ခွဲမွေးမယ်ဆိုတာမျိုး မဖြစ်တာအကောင်းဆုံးပါ။ မဟုတ်ရင် နှစ်ခါခံရတယ်လေနော်။ ကလေးမွေးချင်လို့ နာတာကတစ်ခါ၊ ဗိုက်ခွဲပြီး နာကျန်ခဲ့တာက တစ်ခါ။
( ၄ ) ကိုယ်ဝန်အပ်တဲ့အခါမှာလည်း သေချာပြောဖို့လိုပါတယ်။
ကိုယ်က တကယ် ရိုရိုးမွေးချင်တယ်ဆိုရင် ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလို့ ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့အခြေအနေတွေမှာ ကိုယ်က ရိုးရိုးမွေးချင်ပေမယ့် အခြေအနေမပေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ ကလေးကန့်လန့်ဖြစ်နေတာ၊ အချင်းရှေ့မှာ ပိတ်နေတာ။
( ၅ ) ကျန်းမာရေးအတွက် ညီညွတ်တဲ့ စားသောက်မှုပုံစံကို အကျင့်လုပ်ပါ။
ကျန်းမာရေးအတွက်ကောင်းတဲ့ စားသောက်မှုပုံစံဟာ သင့်ကိုယ်ခန္ဓာအတွက်သာမက ဗိုက်ထဲက ရင်သွေးလေးကိုပါ အကျိုးရှိစေမှာ အသေအချာပါ။ ပြည့်ဝတဲ့ အာဟာရတွေရှိနေမှလည်း ကလေးကို ညှစ်ထုတ်ဖို့ အားရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝမ်းမချုပ်အောင် အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။ မီးဖွားပြီးနောက်ပိုင်း သွေးအားနည်းတာမျိုး မဖြစ်အောင်လို့ သံဓာတ်နဲ့ Folic acid ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေးစားပါ။
( ၆ ) ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှားမှု ရှိတဲ့အခါ သက်လုံကောင်းစေပြီး ကလေးမွေးမယ် ဆို ကောင်းကောင်းညှစ်နိုင်မယ့်အပြင် ဗိုက်နာတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ မီးဖွားရတာလည်း လွယ်ကူစေမှာပါ။
( ၇ ) ကလေးထွက်ရမယ့်ရက်ကို ကလေးကိုယ်တိုင် ရွေးချယ်ပါစေ ။
ခုနောက်ပိုင်း ခွဲမွေးတဲ့ ကိစ္စမှာ နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ကလေးကို မိဘတွေ လိုချင်တဲ့ရက်အတိုင်းရအောင် မွေးတာပဲ ဖြစ်ပါတယ်။ ရိုးရိုးမွေးရင်တော့ ဒီလိုရက်ရွေးလို့ ရမှာမဟုတ်ပါဘူး။
( ၈ ) သူများတွေ ပြောနေတဲ့ မီးဖွားရတာ ဘယ်လို ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ပုံပြင်တွေကို နားမထောင်ပါနဲ့။ ။
ကလေးမွေးမယ် ဆို ရိုးရိုးကလေးမွေးတာ ဘယ်လောက်တောင် ဆိုးသလဲဆိုတဲ့ negative ပုံပြင်တွေကို နားမယောင်မိပါစေနဲ့။ သွားနားထောင်မိလေလေ ရိုးရိုးမွေးရမှာကို ကြောက်လာလေလေဖြစ်တတ်ပါတယ်။
( ၁၀ ) အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးဝဝ အိပ်ခြင်းဟာ ဗိုက်ထဲက ကလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင့်စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်တဲ့အကောင်းဆုံး အရာတစ်ခုပါ။
အချုပ်ပြောရမယ်ဆိုရင် ကလေးမွေးမယ် ဆို ရိုးရိုးပဲမွေးမွေး၊ ခွဲပဲ မွေးမွေး အတတ်နိုင်ဆုံး စိတ်ဖိစီးမှု မရှိအောင် နေပြီး ကိုယ့်ကိုကိုယ်လည်း သေချာဂရုစိုက်ကာ အရာရာကို အကောင်းဘက်ကပဲ တွေးထားသင့်ပါတယ်နော်။
ရေးသားသူ- Dr Thin Yadanar@ Frances
[embed-health-tool-due-date]