backup og meta

ဆယ်ကျော်သက် ကိုယ်ဝန်ကြောင့် ထိခိုက်သွားမယ့် ဘဝလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက် ကိုယ်ဝန်ကြောင့် ထိခိုက်သွားမယ့် ဘဝလေးများ

    ဆယ်ကျော်သက် အရွယ်ဆိုတာ ပျော်လို့ကောင်းတုန်း ၊ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားလို့ကောင်းတုန်း အရွယ်ပဲရှိရမှာပါ။ ဒါပေမယ့်လည်း ထိန်းရအခက်ဆုံး၊ စူးစမ်းလေ့လာချင်စိတ်အများဆုံး၊ အပျိုဖော် လူပျိုဖော် ဝင်ခါစလေးဆိုတော့ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်တွေ တိမ်းညွတ်တာဟာလည်း ဒီအရွယ်မှာပဲ စတာဖြစ်တဲ့အတွက်ကြောင့် သေချာမှ မထိန်းသိမ်းရင် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမိဘအဖြစ်ခံယူရတာမျိုးတွေရှိတတ်ပါတယ်။

    ငယ်တုန်းအချိန် အိမ်ထောင်ပြုတာ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်စွန်းစွန်း ၁၅ နှစ် ၁၆ နှစ်လောက်နဲ့ အိမ်ထောင်ပြု ကလေးယူတဲ့အခါ မွေးလာမယ့်ကလေးအတွက်ရော ငယ်ငယ်လေးနဲ့ဖြစ်မယ့်မိဘတွေ အပေါ်မှာရော ဆိုးကျိုးတွေ အများကြီးသက်ရောက်စေပါတယ်။ ဘယ်လိုတွေ သက်ရောက်စေတတ်လဲ ကြည့်ရအောင် ။ ။

    ဆယ်ကျော်သက် မိဘတွေကြောင့် ကလေးအပေါ်သက်ရောက်မှု ။ ။

  • ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ရဲ့ အသက်ကလည်း ငယ်သေးတဲ့အတွက်ကြောင့် မိခင်လောင်းတစ်ယောက်ရဲ့ တာဝန်တွေကို သေသေချာချာမသိသေးတာကတစ်ကြောင်း၊ ဆယ်ကျော်သက် အရွယ်လေးပဲရှိသေးတော့ ကိုယ်အလေးချိန် အတက်အကျကလည်း တသတ်မတ်တည်းမရှိဘဲ ပိန်တဲ့ဘက်ကိုပဲ ဦးတည်နေတာကြောင့် ပေါင်မပြည့် ၊ နေ့မစေ့ လမစေ့ ကလေးတွေ မွေးဖို့ အခွင့်အလမ်းများပါတယ်။
  • ပေါင်မပြည့်ဘဲနဲ့ ထွက်လာတဲ့ကလေးတွေမှာ ကိုယ်တွင်းကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်သေးတာတစ်ကြောင်း၊ ကလေးကို ဘယ်လိုဂရုစိုက်ရမလဲဆို ကောင်းကောင်းမသိသေးတဲ့တာကတစ်ကြောင်းနဲ့ အသက်တစ်နှစ်အောက် ကလေးလေးတွေ အသက်ဆုံးရှုံးခြင်း ဖြစ်သွားနိုင်ပါတယ်။
  • ဒါ့အပြင် ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရသွားတော့ ကိုယ်ဝန်ကို ချစ်တဲ့စိတ်သိပ်မရှိဘဲ မလိုချင်တဲ့ စိတ်က ကြီးစိုးနေတဲ့အတွက် ကိုယ်ဝန်ဆောင်အားဆေးတွေကို သောက်ဖို့အတွက်လည်း ဝန်လေးနေတာကြောင့် မွေးလာတဲ့ကလေးတွေမှာ ချို့ယွင်းချက်တွေ အများကြီးရှိတတ်ပါတယ်။
  • ဒါ့အပြင် ဆယ်ကျော်သက်လေးတွေဆိုတော့ အရက်တို့ စီးကရက်တို့ သောက်တတ်ခါစလည်းဖြစ်နေတယ်ဆိုရင် ဒီ အရက်တို့ ဆေးလိပ်တို့က ဗိုက်ထဲက ကလေးကို ထိခိုက်စေတော့မှာပါ။
  • မွေးကတည်းက ပေါင်မပြည့်ဘဲ မွေးလာတဲ့အတွက် အာဟာရအပိုင်းမှာလည်း သူများထက်အားနည်းနေတတ်ပြီး အခြားသူတွေနဲ့ယှဉ်လိုက်ရင် ညှက်နေတတ်ပါတယ်။
  • ဆယ်ကျော်သက်မိဘတွေအပေါ် ကိုယ်ဝန်ရဲ့ သက်ရောက်မှု ။ ။

  • ဆယ်ကျော်သက်အရွယ်လေးနဲ့ ကိုယ်ဝန်ဆောင်လိုက်ရတာကြောင် သွေးအားနည်းတာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ အချင်းရှေ့ရောက်တာနဲ့ နေ့မစေ့ လမစေ့ဘဲမွေးတဲ့ ကိုယ်ဝန်ပြဿနာတွေပိုဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ကြောင့် ကလေးအပေါ်ကို ဦးစားပေးနေရလို့ ကိုယ့်ဘဝရဲ့ တက်လမ်းတွေလည်း ပိတ်မိသလိုဖြစ်သွားတတ်ပါတယ်။
  • ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေကိုလဲ အလူးအလဲခံရဦးမှာပါ။
  • ဆယ်ကျော်သက်အရွယ် တက္ကသိုလ်တက် ပညာတွေသင်နေရမယ့်အချိန်မှာ ကလေးအတွက်ပဲ အချိန်ပေးလိုက်ရတာကြောင့် ပညာရေးနှောင့်နှေးသွားတတ်ပါတယ်။
  • ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်အတက်အကျ အပြောင်းအလဲမြန်တဲ့ အချိန် ၊ စိတ်ခံစားလွယ်တဲ့အချိန် ဖြစ်တာကြောင့် မီးဖွားပြီးနောက်ပိုင်းဖြစ်တဲ့ စိတ်ဓါတ်ကျတဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့လည်း မလွယ်ပြန်ပါဘူး။
  • ကလေးကို ဘယ်လိုပြုစုရမလဲဆိုတာကို ရေရေရာရာ မသိသေးတဲ့အပြင် ကလေးကို ချစ်ရမှာထက် ရသွားလို့ယူလိုက်ရတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ကလေးထိန်းကျောင်းဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။
  • ဒါ့အပြင် ခုလို ကုန်ဈေးနှုန်းတွေ ကြီးမားနေတဲ့ခေတ်ကြီးမှာ မုန့်ဖိုးတောင်းနေရတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေက ကိုယ့်ကလေးအတွက်စရိတ်တွေကို ကိုယ်တိုင်ရှာဖို့ဆိုတာ မဖြစ်နိုင်သေးတာကြောင့် အိမ်ရဲ့ ငွေရေးကြေးရေး အခြေအနေ မပြေလည်မှုတွေလည်း ကြုံတွေ့ရနိုင်ပါတယ် ။ ။
  • ဒါတွေကတော့ ဆယ်ကျော်သက် အရွယ်လေးနဲ့ မိဘအဖြစ် ခံယူလိုက်ရတဲ့အခါ မွေးလာမယ့် ကလေးအတွက်ရော၊ မိဘတွေဖြစ်လာမယ့် ဆယ်ကျော်သက် ကလေးတွေ အတွက်ရော ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများပါလိမ့်မယ်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement