backup og meta

မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

    ကလေးလိုချင်တဲ့ စုံတွဲတွေအတွက် ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် မရည်ရွယ်ဘဲ၊ မလိုချင်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ စိတ်သောကတွေ ရောက်ရပါတယ်။ ဒီနိုင်ငံမှာဆိုရင်တော့ သမီးရည်းစားဘဝမှာတင် ကိုယ်ဝန်ရသွားတဲ့အခါ ပတ်ဝန်းကျင်အမြင်၊ ဘဝတက်လမ်း စတာတွေကို စဉ်းစားရတာလည်း ပါတာပေါ့။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် ကို သိထားဖို့ လိုကို လိုလာပါပြီ။

    မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

    တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ ကိုယ်သိချင်တာတွေကို အင်တာနက်မှာ ချက်ချင်းတင်မေးလို့ရပြီး အဖြေ ချက်ချင်းသိရတဲ့ ခေတ်ဖြစ်နေပါပြီ။ အောက်က မေးခွန်းတွေကလည်း မတော်တဆ ကိုယ်ဝန်ရ သွားမှာ ကြောက်လို့ မေးလာကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

    Q ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရ တတ်လား။ 

    သုက်ပိုးကောင်လေးတွေဟာ မိန်းမကိုယ်ထဲမှာ ၃-၅ရက်လောက်နေနိုင်ပါတယ်။ ကိုယ်ကလည်း ရာသီတစ်ခါလာရင် ၈ရက်လောက်လာတတ်တဲ့သူဖြစ်မယ်။ ရာသီစက်ဝန်းကလည်း ၂၄ရက်လောက်နဲ့ လာတတ်တယ်။ တစ်နည်းအားဖြင့် စက်ဝန်းတိုတယ်ဆိုရင် သတိထားပါ။

    ၂၄ရက်တစ်ခါလောက် လာတတ်သူဆိုရင် သားဥကြွေချိန်က ရာသီစလာတဲ့ရက်ကနေ ၁၀ရက်မြောက်နေ့ပါ။ ရာသီပြီးခါနီးပြီဆိုပြီး နေလိုက်ကာမှ အဲ့နေ့က သားဥကြွေတဲ့ရက် ဒါမှမဟုတ် သားဥကြွေတဲ့ရက်နား ဖြစ်နေတယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

    ရာသီလာချိန်မှာ အတူနေတာက များသောအားဖြင့် ကိုယ်ဝန်မရတတ်ဘူးဆိုပေမယ့် ကိုယ်က ရာသီရက်ရှည်ပြီး ရာသီစက်ဝန်းတိုတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။

    Q သုက်ရည်ကို အထဲမှာ မထုတ်ဘဲ အပြင်မှာထုတ်ရင်ရော ကိုယ်ဝန်ရ နိုင်သလား။ 

    တော်တော်များများထင်ကြတာက လိင်ကိစ္စပြီးမြောက်ခါနီး သုက်ရည်တွေကို မိန်းမကိုယ်ထဲ မဟုတ်ဘဲ အပြင်မှာ ထုတ်လိုက်ရင် ကလေးမရနိုင်ဘူလို့ထင်ကြပါတယ်။ ဒါက အလွန်မှားနေတဲ့ ကိစ္စတစ်ခုပါ။

    ပြီးခါနီးထွက်လာတဲ့ သုက်ရည်တွေမှာပဲ သုက်ကောင်လေးတွေ ပါတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့ အချိန်ချောမွေ့စေဖို့ အစပိုင်းမှာ ထွက်လာတဲ့ ချောဆီလေးတွေမှာလည်း သုက်ပိုးလေးတွေ နည်းနည်းပါးပါး ပါနိုင်ပါတယ်။ မျိုးအောင်ဖို့ဆိုတာ သုက်ကောင်တစ်‌ကောင် ရှိရင် ရပါပြီ။ ဒီတော့ ပြီးခါနီးမှ သုက်ရည်ကို အပြင်မှာထုတ်ပေမယ့်လည်း ကလေးရနိုင်ပါသေးတယ်။

    Q ကွန်ဒုံးသုံးရင် ကိုယ်ဝန်လုံးဝ မရနိုင်ဘူးလား။ 

    ကွန်ဒုံးဟာ ၈၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတဲ့အတွက် တကယ်ကို ကောင်းတဲ့ ပစ္စည်းတစ်ခုပါ။ ဒါပေမယ့် အခန့်မသင့်လို့ ကွန်ဒုံးပြဲသွားတဲ့အခါ၊ မိန်းမကိုယ်ထဲမှာ ကွန်ဒုံးကျန်ခဲ့တဲ့အခါမှာတော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒီတော့ ကွန်ဒုံးကို မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုပါတယ်။

    Q စအိုနဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရ နိုင်လား။ 

    စအိုနဲ့ လိင်ဆက်ဆံရင် များသောအားဖြင့် ကိုယ်ဝန် မရတတ်ပါဘူး။ ဒါပေမယ့် စအိုထဲကနေ ပြန်ထွက်လာတဲ့ သုက်ရည်လေးတွေ မိန်းမကိုယ်ထဲကို ပြန်စီးဝင်တတ်လို့ အကူးအခတ်ကောင်းတဲ့ သုက်ပိုးလေးတွေ မိန်းမကိုယ်ထဲကို ဝင်သွားနိုင်ပြီး သားဥနဲ့ သွားတွေ့ကာ ကိုယ်ဝန် ရသွားနိုင်ပါတယ်။

    Q ပါးစပ်နဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား။ သုက်ကောင်လေးတွေကို မျိုချမိရင် ကိုယ်ဝန်ရနိုင်လား။

    အစာအိမ်နဲ့ မိန်းမကိုယ်နဲ့က ဆက်ထားခြင်း မရှိတဲ့ အပြင် အစာအိမ်ရဲ့ အက်ဆစ်ကြောင့် ဝင်လာတဲ့ သုက်ပိုးတွေ အကုန်သေသွားလို့ ပါးစပ်နဲ့ လိင်ဆက်ဆံရင်၊ သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်မရနိုင်ပါဘူး။

    Q လိင်တံကို မိန်းမကိုယ်ထဲ ထိုးသွင်းခြင်း မရှိရင်ရော ကိုယ်ဝန်ရ တတ်လား။ 

    လိင်တံကို မိန်းမကိုယ်ထဲ မထည့်ပေမယ့် သုက်ရည်တွေပေနေတဲ့ လက်ချောင်းကို မိန်းမကိုယ်ထဲ ထည့်မိရင်တော့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ အဖြစ်နည်းပေမယ့် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင်တော့ ဒီလိုနည်းနဲ့လည်း ကိုယ်ဝန်ရတတ်ကြောင်းကို သိထားတာ အကောင်းဆုံးပါ။

    Q လိင်ဆက်ဆံပြီး မိန်းမကိုယ်ကို ချက်ချင်းဆေးလိုက်ရင် ကိုယ်ဝန်မရတော့ဘူး ဆိုတာ မှန်လား။ 

    လိင်ကိစ္စပြီးမြောက်တဲ့အခါ မိန်းမကိုယ်ကို ရေနဲ့ ချက်ချင်းဆေးလိုက်ရင်၊ ဆီးသွားလိုက်ရင် သုက်ပိုးလေးတွေ သေသွားပြီး ကိုယ်ဝန်မရနိုင်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါက မှားနေတဲ့အရာတစ်ခုပါ။

    အပြင်မှာ ကျန်ခဲ့တဲ့သုက်ပိုးတွေပဲ သေနိုင်တာပါ။ အထဲကို ဝင်သွားတဲ့ သုက်ပိုးတွေကတော့ သူ့တာဝန်အတိုင်း မမျိုးဥရှိရာဆီကို သွားမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်နဲ့ကလည်း ဆက်မနေတဲ့အတွက် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားတဲ့အခါ ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာ မှားနေတဲ့ အယူတစ်ခုပါ။

    Q သုက်ရည်ခြောက်သွားရင်ရော ကိုယ်ဝန်ရနိုင်လား။ 

    သုက်ရည်ခြောက်သွားပြီဆိုတာနဲ့ အထဲမှာပါတဲ့ သုက်ကောင်လေးတွေ သေသွားပါပြီ။ ဒီတော့ ခြောက်နေတဲ့ သုက်ရည်ကို တက်ထိုင်မိလို့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတစ်ခုပါ။

    Q အတွင်းခံတွေ၊ အဝတ်တွေကို သုက်ကောင်လေးတွေ ဖြတ်သွားနိုင်လား။ 

    သုက်ကောင်လေးတွေ ကူးခတ်ဖို့အတွက် သုက်ရည်၊ မိန်းမကိုယ်ကထွက်နေတဲ့ အရည်တွေ ရှိဖို့လိုအပ်ပါတယ်။ အဝတ်တွေကိုဖြတ်ပြီး မိန်းမကိုယ်ထဲကို သုက်ကောင်လေးတွေ မဝင်နိုင်ပါဘူး။

    ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ဆံတာက ကိုယ်ဝန်ရနိုင်လဲ။ ဘယ်နည်းတွေက မရနိုင်ဘူးလဲဆိုတာကို သိမှ မတော်တဆ ကိုယ်ဝန်ရ တာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement