backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတို့ဘဝမှာ အလွန်အရေးပါတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဘယ်လိုအစားအစာတွေကို ရှောင်ရှားသင့်တယ်ဆိုတာလည်း သိထားဖို့် လိုပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစားအသောက်တွေကို ရှောင်ကြဉ်သင့်သလဲ ဆိုတာပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားသင့်သော အစားအစာများ ကတော့

၁။ မာကျူရီပါဝင်နှုန်းများတဲ့ ငါးများ

မာကျူရီ (ပြဒါး)ဟာ အဆိပ်ဓာတ်ရှိတဲ့အရာ ဖြစ်ပါတယ်။ ထိတွေ့မှုရှိရင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မာကျူရီတွေကို မသန့်စင်တဲ့ ရေဆိုးတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ပမာဏများများ ထိတွေ့ရင် အာရုံကြောစနစ်နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပင်လယ်ရေတွေ ညစ်ညမ်းကုန်တဲ့အခါ ပင်လယ်နေရေသတ္တဝါတွေမှာလည်း မာကျူရီတွေ စုပုံလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မာကျူရီဓာတ် ပါဝင်ကူးစက်နေတဲ့ ငါးတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ မာကျူရီပါဝင်နှုန်းမြင့်မားနိုင်တဲ့ ငါးတွေကတော့

• ငါးမန်း

• ဓားရှည်နှုတ်သီးငါး

• မက်ကာရယ်ငါး

• တူနာငါး (အထူးသဖြင့် albacore tuna) စတာတွေ ဖြစ်ပါတယ်။

၂။ ကောင်းစွာချက်ပြုတ်မထားတဲ့ ငါးများ

သားစိမ်းငါးစိမ်းများ၊ ကမာကောင်များကို စားသုံးခြင်းဟာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးပေါင်းစုံ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး အစာအဆိပ်သင့်ဖြစ်ခြင်းကြောင့် မိခင်ဖြစ်သူအနေနဲ့ ရေဓာတ်ခမ်းခြောက် အားနည်းခြင်း ဖြစ်တတ်ပါတယ်။ သန္ဓေသားကိုပါ ကူးစက်မိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဘက်တီးရီးယားပိုးအများစုဟာ မြေကြီး၊ ရေနဲ့ အပင်တွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ငါးတွေကို မီးခိုးကြပ်တိုက်တာဖြစ်ဖြစ်၊ အခြောက်လှမ်းတာဖြစ်ဖြစ် ပြုလုပ်တဲ့အခါ ကူးစက်နိုင်ပါတယ်။

ဘက်တီးရီးယားပိုးကပ်ငြိပြီး ကောင်းစွာချက်ပြုတ်ထားခြင်း မရှိတဲ့ ငါးတွေကို စားသုံးရာကတဆင့် ရောဂါရနိုင်ပါတယ်။ အဲဒီအခါ လမစေ့ဘဲမွေးခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မကျက်တကျက်ငါးများ၊ ကမာကောင်များ၊ အစားအသောက်များကို မစားသုံးသင့်ပါဘူး။ ဆူရှီအစိမ်းများလည်း အပါအဝင်ဖြစ်ပါတယ်။

၃။ ကောင်းစွာမချက်ထားတဲ့ အသားစိမ်းများ ပြုပြင်ထားတဲ့ အသားများ

အဆိုပါအသားများကို စားသုံးခြင်းဟာ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးများ ဆိုးရွားစွာ ကူးစက်ခံရခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။ Toxoplasma, E. coli, Listeria နဲ့ Salmonella စတဲ့ ဘက်တီးရီးယားပိုးတွေဟာ သန္ဓေသားကို ဆိုးရွားစွာ ထိခိုက်နိုင်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။

ဘယ်အသားကိုမဆို ကောင်းစွာချက်ပြုတ်ခြင်း မရှိဘဲ မစားသုံးသင့်ပါဘူး။ ကြက်ဥအစိမ်း စားတာကိုလည်း ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ တစိတ်တပိုင်းပြုပြင်ထားတဲ့ အသားတွေကို စားသောက်တော့မယ်ဆိုရင် ပြန်လည်အပူပေးချက်ပြုပြီးမှသာ စားသုံးသင့်ပါတယ်။

၄။ ကလီစာများ

ကလီစာများဟာလည်း အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။ သံဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ကြေးနီဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ မိခင်လောင်းအတွက်ရော ကလေးအတွက်ပါ အားဖြစ်စေပါတယ်။

ဒါပေမယ့် တိရစ္ဆာန်အသည်းကရတဲ့ ဗီတာမင် A ကို ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား စားသုံးခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။ ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြင့်တက်ခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ မွေးရာပါကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့တဲ့ခြင်း၊ အသည်းအဆိပ်တက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကလီစာများကို တပတ်တကြိမ်ထက် ပိုမစားသင့်ပါဘူး။

၅။ ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်

နို့နဲ့ နို့ထွက်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရစေလို့ စားသင့်ပါတယ်။ ဒါပေမယ့် ပိုးသတ်မထားတဲ့ နို့နဲ့ ချိစ်တွေမှာ Listeriaဆိုတဲ့ ဘက်တီးရီးယား ပိုးပါတတ်ပါတယ်။ ဒီပိုးက ဗိုက်ထဲက သန္ဓေသားကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်ပါတယ်။ နို့မှာတင်မကဘဲ အပြင်က ဝယ်လာတဲ့ ရယ်ဒီမိတ် ဘူးနဲ့ သစ်သီးဖျော်ရည်တွေမှာလည်း ပါတတ်တာကြောင့် ပိုးသတ်ထားတာကိုပဲ သောက်သင့်ပါတယ်။

၆။ အသီးအရွက်အစိမ်း

မြန်မာနိုင်ငံမှာ အသီးအရွက်တွေကို တို့စရာအနေနဲ့ အစိမ်းစားတတ်ကြပါတယ်။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်ပါတယ်။ သေချာမဆေးထားဘူးဆိုရင် ပိုးတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ စားမယ်ဆို သေချာဆေးပြီး ကျက်အောင် ချက်စားပါ။ အသီးအနှံတွေဆိုရင်လည်း ရေသေချာဆေးပြီး အပြင်အခွံကို ခွာပြီးမှ စားပေးပါ။

၇။ ကဖိန်း

ကဖိန်းက အာရုံကြောစနစ်ကို ကောင်းစွာလှုံ့ဆော်ပေးနိုင်တဲ့ အရာဖြစ်ပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တနေ့ကို ကဖိန်း ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဒါဟာ ကော်ဖီ ၂-၃ခွက်စာနဲ့ ညီမျှပါတယ်။

ကဖိန်းဟာ အချင်းကနေတဆင့် သန္ဓေသားဆီ ရောက်နိုင်ပါတယ်။ သန္ဓေသားမှာ ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အဓိကအင်ဇိုင်းမရှိသေးတာကြောင့် ပမာဏများစွာ စုပုံလာနိုင်ပါတယ်။ ကဖိန်းဓာတ်များလွန်းရင် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန်လျော့နည်းစွာနဲ့ မွေးတာမျိုး တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးပြင်းလာတဲ့အခါ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေ ရှိပါတယ်။

၈။ အယ်လ်ကိုဟော

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပမာဏနည်းပါးရင်တောင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေပါတယ်။ နှလုံးပိုင်းဆိုင်ရာ ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

၉။ အဆင့်ဆင့်ပြုပြင်ထားသော အသင့်စားသရေစာများ

ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်အတွက်ရော ကလေးအတွက်ပါ အင်အားလိုအပ်တဲ့ အချိန်ဖြစ်ပါတယ်။ ပရိုတိန်း၊ ဖောလိတ်၊ သံဓာတ် စတာတွေ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပေမယ့် ကယ်လိုရီကိုတော့ နှစ်ဆပိုစားစရာ မလိုပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ်ပြည့်ဝဖို့ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်ပြီး စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို မစားသင့်ပါဘူး။ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေမှာ အာဟာရဓာတ်နည်းပြီး ကယ်လိုရီ၊ သကြားနဲ့ ဆီသာ ပိုမိုပါဝင်လာပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်စေပါတယ်။

Takeaways

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအစာတွေကို စားသုံးရမယ်၊ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ရမလဲဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ မိခင်လောင်းတယောက်စားသုံးတဲ့ အစားအသောက်များဟာ ကလေးအပေါ် အများကြီးလွှမ်းမိုးပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာအားပြည့်ဖို့ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအသောက်များကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Alcohol use during pregnancy https://www.cdc.gov/ncbddd/fasd/alcohol-use.html#:~:text=There%20is%20no%20known%20safe,exposed%20to%20alcohol%20before%20birth. Accessed Date 16 April 2020

Foods to avoid during pregnancy https://www.nhs.uk/pregnancy/keeping-well/foods-to-avoid/ Accessed Date 16 April 2020

Pregnancy nutrition: Foods to avoid during pregnancy https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy-nutrition/art-20043844 Accessed Date 16 April 2020

Food  saafety in pregnancy https://www.foodsafety.gov/people-at-risk/pregnant-women Accessed Date 16 April 2020

Foods to avoid  when pregnant https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/foods-to-avoid-during-pregnancy/ Accessed Date 16 April 2020

 

ယခုပုံစံ

09/02/2023

Dr. Thant Zin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ခံစားရတဲ့ စိတ်ဝေဒနာများ

ကိုယ်ဝန်ဆောင်မေမေ နွားနို့သောက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thant Zin မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement