brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား!

မျှစ်ဆိုတာက နှစ်သက်သူတွေအဖို့တော့ တော်တော်လေး စားကောင်းတဲ့ အစားအစာ တစ်မျိုးပါ။ ဒီလို မျှစ်ကို အတော်လေး ကြိုက်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မျှစ်စားချင်တာမျိုး ဖြစ်လာရင်ရော စားလို့ရမလား။ ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား ဆိုတာကို သိချင်နေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား!

မျှစ်ဆိုတာ ဘာများလဲ!

မျှစ်ဆိုတာက မြက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့ အရှည်ဆုံးသော မြက်မျိုးရင်းဝင်အပင်တစ်မျိုးပါ။ ဝါးပင်နုနုလေးပေါ့။ ရက်သတ္တပတ်နှစ်ပတ် အရွယ်မတိုင်ခင် အမြင့် တစ်ပေမပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပေါ့။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းလှပါတယ်။ 

အရွယ်ရောက်လာတဲ့အခါမှာလည်း ဆောက်လုပ်ရေးနဲ့ အခြားသောအရာတွေအတွက် အသုံးဝင်တဲ့ ဝါးပင်ဖြစ်လာတာပါ။ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အာရှဒေသခံတွေအတွက် တော်တော်လေး အသုံးဝင်တဲ့ အပင်တစ်မျိုးပေါ့။

မျှစ်ကနေ ဘယ်လို အာဟာရဓာတ်တွေ ရရှိနိုင်လဲ……….

မျှစ်က ပရိုတင်း ကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှု နည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓာတ်ပါဝင်မှုနည်းသလို အဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓာတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိစ်၊ ဆီလီယမ်၊ သံဓာတ်တို့ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား!

ကိုယ်ဝန်ဆောင်မေမေ မျှစ်စားလို့ ရပါ့မလား ဆိုတော့ အလွန်အကျွံ မစားရင်တော့ ရပါတယ်။ မျှစ်က အာဟာရ ပြည့်ဝစွာ ပါဝင်နေသလို အခုလို အကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါတယ်။ 

  • ကိုယ်ခံအား ကောင်းစေတယ်

မျှစ်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မျှစ်စားပေးတာက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိဖျားနာ ကင်းစေဖို့ မျှစ်ကို စားပေးလို့ ရပါတယ်။ မျှစ်က မိခင်ရော ဘေဘီလေးကိုပါ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် အတန်အသင့် ပမာဏ စားပေးလို့ ရပါတယ်။ 

  • နှလုံးကျန်းမာစေတယ်

မျှစ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းအဆီ ကျဆင်းစေပြီး နှလုံးကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

  • ဝမ်းမှန်စေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာချင်တယ်ဆိုရင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ မျှစ်ကို စားပေးလို့ ရပါတယ်။ ဝမ်းမှန်စေသလို အစာခြေစနစ် ပြဿနာ အမျိုးမျိုး ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။ 

  • ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ မျှစ်က ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန် ကိုလည်း ထိန်းညှိပေးပြီး အဝလွန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဝလွန်တာက ကိုယ်ဝန်ဆောင် ဆီးချို အပါအဝင် အမျိုးမျိုးသော နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ဆိုရင် မျှစ်ကိုစားပေးလို့ ရပါတယ်။ 

  • ကင်ဆာ ကာကွယ်ပေးတယ်

မျှစ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာစေဖို့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးကင်းကင်းနဲ့ မျှစ်ကို စားဖို့ဆိုရင် 

  • မျှစ်ကို အလွန်အကျွံ စားတာမျိုး မလုပ်ပါနဲ့
  • လတ်ဆတ်တဲ့ မျှစ်ကို သေချာလေး သန့်စင်ဆေးကြောပြီး စားသုံးပေးပါ
  • မျှစ်အစိုကိုရော အခြောက်ကိုပါ စားပေးလို့ ရပါတယ်
  • အစာအဆိပ်သင့်စေနိုင်တာကြောင့် မျှစ်ကို အစိမ်း မစားပါနဲ့
  • မျှစ်ကို မကျက်တကျက် ချက်စားတာမျိုး မလုပ်ပါနဲ့
  • ဆေးဆိုးထားတဲ့ မျှစ်ကို မစားပါနဲ့
  • မျှစ်ကို ချက်ပြုတ်တဲ့အခါ ဆားအလွန်အကျွံသုံးတာကို ရှောင်ပါ

ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိမယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားပေးပါ။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/08/2024 ဖြစ်ပါသည်။